နောက်ဆုံးပေါ်
သတင်းထုတ်ပြန်ချက်
၂၀၂၆ ခုနှစ် မေလ ၁၈ ရက်။
အရှေ့အလယ်ပိုင်းအကျပ်အတည်းကြောင့် မြန်မာ့စားနပ်ရိက္ခာအခက်အခဲ ပိုမိုဆိုးရွားလာ၊ အရေးပေါ်တုံ့ပြန်ရေးအတွက် ဥရောပသမဂ္ဂက ယူရို ၈ သန်း ကူညီ
ပိုမိုလေ့လာရန်
မိန့်ခွန်း
၂၀၂၆ ခုနှစ် မေလ ၁၇ ရက်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ လိင်တူချင်း ချစ်ခြင်းနှင့် ဆန့်ကျင်ဖက်လိင်ကဲ့သို့ ပြုမူနေထိုင်ခြင်းများအား မုန်းတီးခြင်းကို ဆန့်ကျင်သော အပြည်ပြည်ဆိုင်ရာနေ့ သတင်းစကား
ပိုမိုလေ့လာရန်
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၆ ခုနှစ် မေလ ၀၇ ရက်။
ရှမ်းပြည်နယ်အတွင်း စီးပွားရေးအခွင့်အလမ်းသစ်များ ပုံပေါ်လာနေချိန် ထောင်ပေါင်းများစွာ အိမ်မပြန်နိုင်ဘဲ နေရပ်စွန့်ခွာနေရဆဲ
ပိုမိုလေ့လာရန်
နောက်ဆုံးပေါ်
မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များသည် ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့အား ကာကွယ်စောင့်ရှောက်ရန်နှင့် နေရာတိုင်းရှိ လူများ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ရရှိခံစားနိုင်ရေးသေချာစေရန် လုပ်ဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂမှ ဖော်ဆောင်နေသော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ပါသည်။
ဗွီဒီယို
၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကဆုန်လပြည့် ဗုဒ္ဓနေ့ ဗီဒီယို သတင်းစကား
(အလွတ်သဘော ဘာသာပြန်ဆိုချက်)ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓမြတ်စွာ ဖွားမြင်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ကို အလေးအမြတ်ပြု ကုသိုလ်ကောင်းမှုပြုကြပါသည်။ယခုနှစ် မြတ်ဗုဒ္ဓနေ့သည် လူသားမျိုးနွယ်စုတစ်ခုလုံး ပထဝီနိုင်ငံရေး တင်းမာမှုများ၊ သဘောထားကွဲလွဲမှုများနှင့် ပဋိပက္ခများကြားတွင် ရောက်ရှိနေသည့် အခိုက်အတန့်တွင် ကျရောက်နေပါသည်။၂၀၂၃ ခုနှစ်က ကျွန်ုပ်သည် မြတ်စွာဘုရား ဖွားမြင်တော်မူခဲ့သည့် နီပေါနိုင်ငံ၊ လုမ္ဗိနီသို့ သွားရောက်ခွင့်ရခဲ့သည့်အတွက် ဂုဏ်ယူမိပါသည်။ ထိုခရီးစဉ်သည် ကြုံတွေ့နေရသော မငြိမ်မသက်မှုများအတွက် ဖြေဆေးကို အကြမ်းမဖက်ခြင်း၊ ကရုဏာတရားထားခြင်းနှင့် အများကောင်းကျိုးဆောင်ရွက်ပေးခြင်း စသည့် မြတ်ဗုဒ္ဓ၏ အဆုံးအမများတွင် ရှာဖွေတွေ့ရှိနိုင်သည်ဟူသော ကျွန်ုပ်၏ယုံကြည်ချက်ကို ပိုမိုခိုင်မာစေခဲ့ပါသည်။ဗုဒ္ဓမြတ်စွာ၏ အဆုံးအမများကို လိုက်နာလျက်၊ ကျွန်ုပ်တို့၏ တူညီသော လူသားချင်း စာနာစိတ်တို့ နိုးကြားစေလျက် လူသားအားလုံး လိုအပ်ပြီး ရသင့်သော ပိုမိုငြိမ်းချမ်း၍ ရေရှည်တည်တံ့သော ကမ္ဘာကြီးကို တည်ဆောက်ကြရအောင်ပါ။မင်္ဂလာရှိသော မြတ်ဗုဒ္ဓနေ့ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၆ ခုနှစ် မေလ ၀၁ ရက်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သတ်မှတ်ထားသည့် နေအိမ်တစ်နေရာသို့ ပြောင်းရွှေ့လိုက်ခြင်းကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မှတ်တမ်းတင် သိရှိထားပါသည်။ ခိုင်လုံသော နိုင်ငံရေးဖြစ်စဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန် အထောက်အကူပြုမည့် အခြေအနေများသို့ ရှေးရှုသော အခြေခံခြေလှမ်းတစ်ရပ်အနေဖြင့် တရားလက်လွတ်ဖမ်းဆီး ထိန်းသိမ်းထားသူအားလုံးကို အမြန်ဆုံးနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် အတွင်းရေးမှူးချုပ်က တောင်းဆိုပါသည်။လက်တွေ့ကျသော နိုင်ငံရေးဖြေရှင်းချက်တစ်ခုသည် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ခြင်းနှင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုအတွက် စစ်မှန်သော ကတိကဝတ်ပြုခြင်းတို့အပေါ်တွင်သာ အခြေခံရမည်ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်က ထပ်လောင်းပြောကြားပါသည်။ လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံတို့က တောင်းဆိုထားသည့်အတိုင်း မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော ဖြေရှင်းချက်တစ်ခုရရှိစေရေး ကြိုးပမ်းမှုများကို ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများ၊ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ မည်သို့ကူညီ ပံ့ပိုးပေးနိုင်မည်ဆိုသည့် အချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် သူ၏ အထူးကိုယ်စားလှယ်တို့အကြား ဆက်လက်တွေ့ဆုံဆွေးနွေးသွားရန် အရေးကြီးကြောင်းကိုလည်း ၎င်းက အလေးအနက် ပြောကြားထားပါသည်။
5 ၏ 1
ထုတ်ဝေမှု
၂၀၂၆ ခုနှစ် မေလ ၀၁ ရက်။
Myanmar Health Cluster Bulletin April 2026
Highlights- Health cluster partners reached 322,584 people with life-saving health services in Myanmar during the first 3 months of 2026: 16% of the people targeted during 2026, which is double the figure as compared to the same time period in 2025.- Acute Watery Diarrhoea (AWD) cases in IDP camps in Myitkyina, Kachin have been successfully responded to thanks to joint collaboration between WASH, Nutrition and Health Cluster partners. Additional AWD cases are reported from various locations in Rakhine. AWD cases are expected to significantly rise once the rains start.- Measles preparedness efforts are ongoing in Rakhine and Chin, due to a large-scale measles outbreak in neighbouring Bangladesh. Dynamic population movements and absence of immunization efforts in the past 5 years are significantly increasing the risk of transmission.- Surge in skin infections reported from an increasing number of locations throughout Myanmar: Ayeyarwady, Bago, Karen, Karenni, Magway, Rakhine, Sagaing, and Tanintharyi. Medicines for skin treatment are available and can be requested via the Health Cluster.- Increase in malaria cases in Tanintharyi and Southern Chin, exceeding alert threshold. Shortages in malaria supplies are reported by partners.- Arsenic contamination resulting from unregulated mining in Myanmar reaching Mekong River Basin from the Salween River, is raising the alarm in Thailand and other neighbouring countries.
5 ၏ 1
ဗွီဒီယို
၂၀၂၆ ခုနှစ် မေလ ၀၃ ရက်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အတွက် ဗီဒီယို သတင်းစကား
(အလွတ်သဘော ဘာသာပြန်ဆိုချက်)စစ်ပွဲတစ်ခုမှာ ပထမဆုံး စတေးခံရတဲ့အရာက အမှန်တရားလို့ လူတွေ ပြောလေ့ရှိကြပါတယ်။ဒါပေမဲ့ အမှန်တရားကို တင်ပြဖို့ အရာရာကို ရင်းနှီးထားကြရတဲ့ သတင်းထောက်တွေဟာ ပထမဆုံး စတေးခံရသူတွေ ဖြစ်နေတတ်ပါတယ်။ စစ်ပွဲတွေမှာတင်မကဘဲ အာဏာရှိသူတွေရဲ့ စစ်ဆေးခြင်းကို ကြောက်နေရတဲ့ နေရာတိုင်းမှာ ဒါတွေဟာ ပိုပြီးတော့တောင် အဖြစ်များနေပါတယ်။ကမ္ဘာအနှံ့မှာရှိတဲ့ မီဒီယာသမားတွေဟာ ဆင်ဆာဖြတ်တောက်မှု၊ စောင့်ကြည့်ထောက်လှမ်းမှု၊ ဥပဒေကြောင်းအရ နှောင့်ယှက်ဟန့်တားမှုတွေနဲ့ အသက်အန္တရာယ်အထိတောင် စိုးရိမ်ရတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ စစ်မီးတောက်နေတဲ့ ဒေသတွေအတွင်း သတင်းထောက်တွေ သတ်ဖြတ်ခံရမှုဟာ သိသိသာသာ မြင့်တက်လာပါတယ်။ ဖြစ်စဉ်အများစုဟာ မတော်တဆမဟုတ်ဘဲ သူတို့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။သတင်းထောက်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ စုံစမ်းစစ်ဆေးခံရခြင်းမရှိသလို အပြစ်ပေးခံရခြင်းလည်း မရှိပါဘူး။ ဒါဟာ လုံးဝလက်ခံနိုင်စရာမရှိတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။စီးပွားရေးဆိုင်ရာ ဖိအားပေးမှုတွေ၊ နည်းပညာအသစ်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးမှုတွေကြောင့်လည်း သတင်းလွတ်လပ်ခွင့်ဟာ တစ်ခါဖူးမျှ မကြုံဖူးလောက်အောင် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေကို ရယူနိုင်ခွင့် ဆုံးရှုံးလာတဲ့အခါ ယုံကြည်မှု ကင်းမဲ့ခြင်းဟာ အမြစ်တွယ်လာတတ်ပါတယ်။လူထုကြား အချေအတင်ဆွေးနွေးမှုတွေ ပုံဖျက်ခံရတဲ့အခါ လူမှုစည်းလုံးညီညွတ်မှုတွေ လျော့ရဲလာတတ်ပါတယ်။နောက်ပြီး သတင်းစာပညာရဲ့ အခန်းကဏ္ဍကို ထိခိုက်အောင် လုပ်ဆောင်ခံရတဲ့အခါ အကျပ်အတည်းတွေကို တားဆီးဖို့နဲ့ ဖြေရှင်းဖို့အတွက် ပိုမိုခက်ခဲလာစေပါတယ်။လွတ်လပ်ခွင့်အားလုံးဟာ သတင်းလွတ်လပ်ခွင့်အပေါ်မှာ မူတည်ပါတယ်။သတင်းလွတ်လပ်ခွင့်သာ မရှိရင် လူ့အခွင့်အရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းရေးဆိုတာလည်း ရှိလာနိုင်မှာ မဟုတ်ပါဘူး။ယနေ့ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ သတင်းသမားတွေရဲ့ ရပိုင်ခွင့်တွေကို အတူတကွ ကာကွယ်စောင့်ရှောက်ကြရအောင်ပါ။ အမှန်တရားနဲ့ အမှန်တရားကို ဖော်ထုတ်သူတွေ ဘေးကင်းလုံခြုံတဲ့ ကမ္ဘာကြီးတစ်ခုကိုလည်း ဝိုင်းဝန်းတည်ဆောက်ကြရအောင်ပါ။
5 ၏ 1
ဗွီဒီယို
၂၀၂၆ ခုနှစ် ဧပြီလ ၁၄ ရက်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ)၏ မြန်မာနှစ်သစ်ကူး ဗီဒီယို သတင်းစကား
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၆ ခုနှစ် မေလ ၀၇ ရက်။
ရှမ်းပြည်နယ်အတွင်း စီးပွားရေးအခွင့်အလမ်းသစ်များ ပုံပေါ်လာနေချိန် ထောင်ပေါင်းများစွာ အိမ်မပြန်နိုင်ဘဲ နေရပ်စွန့်ခွာနေရဆဲ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ခြောက်လအကြာမှာတော့ ဂွင်လူးဝစ်စ်ဟာ အပြောင်းအလဲတွေ ရှိနေတဲ့ ရှမ်းပြည်နယ်ကို ရောက်ရှိခဲ့ပါတယ်။ UN80 လုပ်ငန်းစဉ်သစ်တွေအရ ကုလသမဂ္ဂရဲ့ လုပ်ငန်းညှိနှိုင်းမှုတွေကို ပြန်လည်ပြင်ဆင်နေချိန်မှာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကလည်း လိုက်ပါ ပြောင်းလဲနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုအပြောင်းအလဲတွေထက် ပိုအရေးကြီးတာကတော့၊ ဒီခရီးစဉ်အတွင်းမှာ အစီရင်ခံစာတွေ၊ ကိန်းဂဏန်းတွေနဲ့ အပြည့်အဝ ဖော်ပြလို့မရနိုင်တဲ့ ခက်ခဲကျပ်တည်းမှုတွေနောက်က ဒေသခံတွေရဲ့ ဘဝအခြေအနေမှန်တွေကို သူမကိုယ်တိုင် အနီးကပ် မြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ရှမ်းပြည်နယ်အနှံ့မှာ အဲ့ဒီလို လက်တွေ့ ဘဝအခြေအနေတွေကို နေ့တဓူဝ ကိစ္စကလေးတွေတိုင်းမှာ မြင်တွေ့နေရပါတယ်။ အခုလည်းမိုးဦးစကျလာပြီဆိုတော့ စိတ်သက်သာရာရလာသလိုရှိပေမဲ့ တစ်ဖက်မှာလည်း မိုးများရင် ရေကြီးတတ်တာမို့ စိုးရိမ်စိတ်တွေက ရှိနေပြန်ရော။ ညဘက်ဆိုရင်လည်း ညမထွက်ရအမိန့် မရှိတဲ့နေရာတွေမှာတောင် လူသွားလူလာ နည်းသွားပါတယ်။ အရင်က အင်းလေးကန်မှာ ခရီးသွားလုပ်ငန်းတွေနဲ့ အရမ်းစည်ကားခဲ့တဲ့ ညောင်ရွှေမြို့မှာဆိုရင်လည်း ဆိုင်တွေကပိတ်၊ လမ်းတွေကလည်း တိတ်ဆိတ်နေတာကို ကြည့်ရင် တစ်နိုင်ငံလုံး ကြုံတွေ့နေရတဲ့ အကျပ်အတည်းကို သိသာစေပါတယ်။ ဒါပေမဲ့လည်း ဒေသခံ လူမှုအသိုင်းအဝိုင်းတွေကတော့ သူတို့ရဲ့ ဘဝတွေကို လက်တွေ့ကျပြီး ပိုမိုကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာစေမယ့် နည်းလမ်းတွေကို ရှာဖွေပြီး ပြည်လည်ထူထောင်နေကြတာကို တွေ့ရပါတယ်။ ပြာပင်ရွာမှာဆိုရင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေကြတာပါ။ အဲ့ဒီမှာ ဖွဲ့ထားတဲ့ ရပ်ရွာဖွံ့ဖြိုးရေးကော်မတီမှာဆိုရင်လည်း အဖွဲ့ဝင် ထက်ဝက်ကျော်က အမျိုးသမီးတွေဖြစ်ပါတယ်။ ဒီကော်မတီဟာ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာတင်မကဘဲ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတွေ ပြန်တည်ဆောက်ဖို့နဲ့ စည်းလုံးညီညွတ်မှုရှိလာအောင် လုပ်ဆောင်ပေးတဲ့ နေရာတစ်ခုလည်း ဖြစ်လာပါတယ်။ အသက် ၇၃ နှစ်အရွယ် အဖွားတစ်ဦးဆိုရင် အရင်ကလို ကြားပွဲစားတွေရဲ့ ချုပ်ကိုင်မှုကနေ လွတ်လွတ်ကင်းကင်းနဲ့ အခုဆို တစ်ပတ်ကို နာရီအနည်းငယ်လောက်ပဲ ရက်ကန်းရက်တာကနေ ဝင်ငွေရနေပါပြီ။ ဒါဟာ နည်းပါးပေမဲ့ သင့်တင့်တဲ့ ပုံမှန်ဝင်ငွေလို့ ဆိုရမှာပါ။ ဒါတွေဟာ စီမံကိန်းသက်သက်တင် မဟုတ်ပါဘူး။ ဒါဟာ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထင်သာမြင်သာရှိမှုဖြစ်ပြီး ဒေသခံတွေကလည်း ဒီလုပ်ငန်းတွေကို ရေရှည်တည်တံ့အောင် လုပ်သွားဖို့ ဆုံးဖြတ်ထားကြပါတယ်။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP)ရဲ့ ပံ့ပိုးမှုတွေကို အခြေခံပြီး သူတို့ဘဝတွေကို ဆက်ပြီး တည်ဆောက်သွားကြမှာပါ။ နေရပ်စွန့်ခွာရမှုများနောက်ကွယ်က လူမှုဘဝပေးဆပ်မှုများပဋိပက္ခတွေကြောင့် လူအများအပြား နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ အနီးနားက ကယားပြည်နယ်မှာတော့ အခြေအနေက တစ်မျိုးဖြစ်နေပြန်ပါတယ်။ အဖိုးအိုတစ်ဦးကဆိုရင် “ဖယ်ခုံတစ်မြို့နယ်လုံး နေရပ်စွန့်ခွာထွက်ပြေးနေရတာ” ဆိုပြီး အခြေအနေဘယ်လောက်ဆိုးလဲ ဆိုတာကို အရှိအတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ တချို့မိသားစုတွေ ဖယ်ခုံကို တဖြည်းဖြည်း ပြန်လာနေကြပြီဆိုပေမဲ့၊ အများစုကတော့ သူတို့ရဲ့ဘဝတွေကို ပြန်စတင်ဖို့ အကူအညီတွေ လိုနေဆဲဖြစ်ပါတယ်။ အဖိုးရဲ့စကားဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ထင်ဟပ်နေတာပါ။ တစ်နိုင်ငံလုံးမှာ ခန့်မှန်းခြေ နေရပ်စွန့်ခွာနေရသူပေါင်း ၃ ဒသမ၇ သန်းရှိရာ ရှမ်းပြည်နယ်မှာ ၁၂၆,၀၀၀ခန့် ရှိနေပြီး အများစုကတော့ ကယားပြည်နယ်ကနေ နေရပ်စွန့်လာကြသူတွေ ဖြစ်ပါတယ်။နေရပ်ပြန်ချင်စိတ်တွေ ဘယ်လောက်ပဲ ပြင်းပြနေပါစေ၊ မိသားစုတွေမှာ အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေရတာပါ။ နယ်မြေက မအေးချမ်းသေးတာ၊ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေရှိနေတာ၊ အိမ်တွေဖျက်ဆီးခံထားရတာအပြင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ အခြေခံဝန်ဆောင်မှုတွေ မရှိတော့တာမျိုးတွေ ဖြစ်ပါတယ်။ “လူတွေကတော့ ကျွန်မတို့ကို အကူအညီတွေရလို့ ဒီမှာနေ နေကြတယ်လို့ ထင်နေကြတာ။ တကယ်တော့ အိမ်တွေမရှိတော့ရင်တောင် ကိုယ့်အိမ်ကိုဘဲ ပြန်ချင်ကြတာပါ” လို့ နေရပ်စွန့်ခွာနေရသူ အမျိုးသမီးတစ်ယောက်က ရင်ဖွင့်ခဲ့ပါတယ်။လူအတော်များများအတွက်ကတော့ နေရပ် ပြန်မလား၊ မပြန်ဘူးလားဆိုတာထက် ဘယ်တော့ပြန်ရမလဲ၊ ဘယ်လိုအခြေအနေမျိုးမှာ ပြန်ရမလဲဆိုတာက ပိုအရေးကြီးနေပါတယ်။ တချို့ကတော့ နေရပ်ပြန်နေကြပြီဆိုပေမဲ့ အဲ့ဒီလိုပြန်တာဟာ အမြဲ ဘေးကင်းလုံခြုံတာမျိုး၊ ရေရှည်အဆင်ပြေတာမျိုး မဟုတ်သလို၊ ကိုယ့်သဘောဆန္ဒအလျောက် ပြန်နေကြတာမျိုးလည်း မဟုတ်ပါဘူး။ဒေသခံတွေအတွက်ကတော့ နယ်မြေအေးချမ်းဖို့၊ အခြေခံဝန်ဆောင်မှုတွေရဖို့နဲ့ ဘဝကို ပြန်လည်ထူထောင်နိုင်မယ့် နည်းလမ်းတွေ လိုအပ်နေတာပါ။ ဒါတွေမရှိဘဲနဲ့ နေရပ်ပြန်ကြမယ်ဆိုရင်တော့ ဒါဟာ ကိုယ့်စိတ်ရင်းနဲ့ကိုယ် ပြန်တာမျိုးမဟုတ်ဘဲ ဖိအားတွေကြောင့် ပြန်ရတာမျိုး ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒီအခါမှာ မိသားစုတွေဟာ အရင်ကလို ဒါမှမဟုတ် အရင်ကထက် ပိုဆိုးတဲ့ အခြေအနေမျိုးတွေနဲ့ ထပ်ပြီး ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ရောက်ခဲ့တဲ့နေရာတိုင်းလိုလိုမှာ အထိခိုက်လွယ်ဆုံးသူတွေထဲပါဝင်တဲ့ မသန်စွမ်းသူတွေကိုလည်း တွေ့ခဲ့ရပါတယ်။ အဲ့ဒီထဲမှာ အလွန်ငယ်ရွယ်တဲ့ ကလေးငယ်လေးတွေတောင် ပါဝင်နေတာပါ။ သူတို့အတွက် အထူးပြုစောင့်ရှောက်မှုတွေနဲ့ အားလုံးပါဝင်ခွင့်ရတဲ့ ဝန်ဆောင်မှုတွေ မရှိဘူးဆိုရင်တော့ သူတို့ရဲ့ အနာဂတ်ဟာ စိုးရိမ်စရာ ဖြစ်နေဦးမှာပါ။ အများစုကတော့ ငယ်စဉ်ကတည်းက လူမှုပတ်ဝန်းကျင်ရဲ့ ဖယ်ကြဉ်တာ၊ နှိမ်ချဆက်ဆံခံရတာနဲ့ အခွင့်အလမ်း နည်းပါးတာမျိုးတွေကို ရင်ဆိုင်နေကြရပါတယ်။ဒါပေမဲ့ အားလုံးပါဝင်နိုင်အောင် လုပ်ဆောင်တဲ့ နည်းလမ်းတွေကနေ ဘယ်လို ရလဒ်ကောင်းတွေ ထွက်လာနိုင်သလဲဆိုတာကို ပြနေတဲ့ လက္ခဏာရပ်တွေလည်း ရှိနေပါတယ်။ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ပံ့ပိုးမှုနဲ့ ဖွင့်ထားတဲ့ အင်းလေး အမွေအနှစ်ကျောင်းမှာဆိုရင် အများစုက နေရပ်စွန့်ခွာလာတဲ့ မိသားစုတွေထဲက မသန်စွမ်းကလေးငယ်လေးတွေဟာ သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် သေချာပြင်ဆင်ပေးထားတဲ့ ပတ်ဝန်းကျင်မျိုးမှာ ပထမဆုံးအကြိမ်အဖြစ် ပညာသင်ကြားခွင့် ရနေကြပါပြီ။ ဒီလို အားလုံးပါဝင်နိုင်အောင် ဖန်တီးပေးထားတဲ့ နေရာမျိုးတွေဟာ စာသင်ပေးရုံတင် မဟုတ်ပါဘူး၊ ကလေးတွေရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးတာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာစေတာ၊ နောက်ပြီး တခြားကလေးတွေနဲ့ တန်းတူ လွတ်လွတ်လပ်လပ် ပါဝင်လှုပ်ရှားနိုင်အောင်လည်း ကူညီပေးပါတာတွေ ပါဝင်ပါတယ်။မိဘတွေအတွက်လည်း သူတို့ရဲ့ကလေးတွေကို နွေးနွေးထွေးထွေး လက်ခံကြိုဆိုပြီး ကူညီပေးနေတာ၊ ပညာသင်နိုင်တာတွေကို မြင်ရတဲ့အခါ သူတို့ဘဝအတွက် တိုးတက်မှုအသစ်တွေ၊ အသိုင်းအဝိုင်းထဲမှာ အံဝင်ခွင်ကျဖြစ်မှုနဲ့ မျှော်လင့်ချက်အသစ်တွေကို ပြန်ပြီး ရရှိလာစေပါတယ်။ ရှေ့ဆက်သွားမည့် လမ်းစဉ်အပေါ် ပြန်လည်သုံးသပ်ခြင်းဒီခရီးစဉ်ကနေ ထင်ထင်ရှားရှား သိလိုက်ရတဲ့ အချက်တစ်ခုကတော့ ရေတိုစီမံကိန်းတွေလောက်နဲ့ပဲ ကုစားပေးနေလို့ မရတော့ဘူးဆိုတာပါပဲ။ ဒေသခံတွေနဲ့ စကားပြောကြည့်တဲ့အခါမှာလည်း သူတို့ဟာ အကူအညီပစ္စည်းတွေကိုပဲ ထိုင်စောင့်နေချင်တာ မဟုတ်ဘူးဆိုတာကို လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးက ခပ်စိပ်စိပ် ကြားခဲ့ရပါတယ်။ တကယ်တမ်း သူတို့လိုချင်တာက ဘဝကို ပြန်လည်ထူထောင်နိုင်မယ့် အခွင့်အရေးအစစ်အမှန်တွေပါ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရချင်ကြတယ်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ချင်ကြတယ်၊ နောက်ပြီး ရေရှည်အတွက် ခိုင်မာတဲ့ လမ်းစတစ်ခုကို သူတို့ တောင်းဆိုနေကြတာပါ။ ဒေသခံ မိတ်ဖက်အဖွဲ့အစည်းတွေကလည်း ဒီအချက်ကိုပဲ ထောက်ပြကြပါတယ်။ စီမံကိန်းတွေ ရေးဆွဲတဲ့နေရာမှာ ဒေသခံတွေကိုယ်တိုင် ပါဝင်လာမယ်ဆိုရင် သူတို့ရဲ့ အခြေအနေနဲ့ ဘာက ပိုကိုက်ညီမလဲ၊ ဘာက ပိုပြီး ရေရှည်တည်တံ့မလဲဆိုတာကို ပိုသိနိုင်သလို၊ သူတို့ကိုယ်တိုင်လည်း ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ပြန်ရလာစေမှာ ဖြစ်ပါတယ်။အကူအညီပေးနိုင်မယ့် အရင်းအမြစ်တွေက နည်းပါးလာပြီး လိုအပ်ချက်တွေကတော့ တိုးသထက်တိုးလာနေတဲ့ ဒီအချိန်မှာ ပိုပြီး စနစ်တကျချိတ်ဆက်ဆောင်ရွက်ဖို့က တကယ်ကို အရေးကြီးနေပြီဆိုတာ မြေပြင်အခြေအနေတွေက ဖော်ပြနေပါတယ်။ ဖိအားတွေကလည်း စပြီး ရှိလာနေပါပြီ။တချို့နေရာတွေမှာ အကူအညီတွေက ဟန်ချက်ညီညီ မရောက်တာမျိုးရှိတော့ နေရပ်စွန့်ခွာနေရသူတွေနဲ့ သူတို့ကို လက်ခံစောင့်ရှောက်ထားတဲ့ ဒေသခံတွေကြားမှာ ဆက်ဆံရေး တင်းမာမှုတွေ ဖြစ်လာပါတယ်။ အလှူငွေရရှိမှုကလည်း လျော့နည်းလာတဲ့အတွက် ဘယ်သူ့ကို အရင်ဦးစားပေးမလဲဆိုတာ ခက်ခက်ခဲခဲ ဆုံးဖြတ်နေရပြီး အဲဒီကြားထဲမှာ တချို့အိမ်ထောင်စုတွေကတော့ လျစ်လျူရှုခံရတော့မယ်ဆိုတဲ့ ထိခိုက်နိုင်ခြေနဲ့ ရင်ဆိုင်နေရပါတယ်။ဒါတွေအားလုံးဟာ သွားလာခွင့် ကန့်သတ်ချက်တွေရှိနေပြီး အကူအညီတွေ နေရာတိုင်းကို အညီအမျှ မရောက်နိုင်သေးတဲ့ အခြေအနေမျိုးမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်းမှာ တချို့နေရာတွေကို ပိုပြီးရောက်ရှိနိုင်တဲ့အတွက် တိုးတက်မှုအစပျိုးတဲ့ လက္ခဏာလေးတွေ ရှိလာတယ်ဆိုပေမဲ့ ကန့်သတ်ချက်တွေကတော့ ရှိနေဆဲဖြစ်လို့ စိတ်သွားတိုင်းကိုယ်မပါနိုင်သေးပါဘူး။ သတင်းစကားကတော့ ရှင်းပါတယ်။ ကုလသမဂ္ဂအနေနဲ့ ပြည်သူတွေကို တကယ်ထိထိရောက်ရောက် ကူညီနိုင်ဖို့ဆိုရင် ဝေးလံခေါင်ဖျားပြီး သွားရလာရခက်တဲ့ နေရာတွေအပါအဝင် နိုင်ငံအနှံ့ သွားလာလုပ်ဆောင်နိုင်ခွင့် ရှိဖို့ လိုအပ်ပါတယ်။ ဘိန်းအစားထိုး လုပ်ငန်းတွေကြောင့်ပြောင်းလဲတိုးတက်လာနေမှုများပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက သွားလာရခက်ခဲတဲ့ ဟိုပုံးမြို့မှာဆိုရင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ဦးဆောင်ပြီး ဒေသခံတွေနဲ့ ပူးပေါင်းကာ ရေရှည် အကျိုးရှိမယ့် ကော်ဖီစိုက်ပျိုးရေးအပါအဝင် ရေရှည်တည်တံ့မယ့် ဘိန်းအစားထိုး လုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်နေပါတယ်။ ဒီအစီအစဉ်မှာပါဝင်တဲ့ ရွာပေါင်း ၅၀က အိမ်ထောင်စု ၁,၁၂၇ စုဟာအခုဆိုရင် ကော်ဖီစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းကို လုပ်ကိုင်နေကြပြီး အရင်ကထက် ဝင်ငွေလည်း ပိုကောင်းလာသလို စားဝတ်နေရေးလည်း ပိုပြီးတည်ငြိမ်လာတယ်လို့ သိရပါတယ်။ ဒါဟာ စီးပွားရေးအရ အကျိုးအမြတ်ရရုံတင်မကဘဲ တခြားအကျိုးကျေးဇူးတွေလည်း ရှိနေပါတယ်။ အလုပ်အကိုင်ရှာဖို့ ထိုင်းနိုင်ငံဘက် ရွှေ့ပြောင်းသွားသူတွေ နည်းပါးသွားတာ၊ ဒေသတွင်း ဈေးကွက်တွေ ပိုခိုင်မာလာတာ၊ အနီးနားက ရွာတွေကလည်း ဒါကို စိတ်ဝင်စားလာပြီး သူတို့ခြေရာအတိုင်း လိုက်လုပ်လာကြတာမျိုးတွေ ဖြစ်ပါတယ်။ တောင်သူတစ်ယောက်ကတော့ အခု ကော်ဖီစိုက်တာဟာ အရင်က ဘိန်းစိုက်တာထက် ဝင်ငွေ ၁၀ ဆ လောက်တောင် ပိုရနေတယ်လို့ ပြောပြပါတယ်။ကော်ဖီစိုက်ပျိုးရေးအပြင် တခြားသော ဒေသခံတွေကိုယ်တိုင် ဦးဆောင်တဲ့ လုပ်ငန်းတွေလည်း စတင် အခြေတကျဖြစ်လာနေပါပြီ။ ၂၀၂၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ အမျိုးသမီးအဖွဲ့တစ်ခုဆိုရင် မိသားစုဝင်ငွေ ပိုရအောင် ဝါးနဲ့လုပ်တဲ့ လက်မှုပစ္စည်းတွေကို ထုတ်လုပ်နေကြပြီး၊ နောက်ပိုင်းမှာ အရည်အသွေး ပိုကောင်းအောင်လုပ်ပြီး ဈေးကွက်တိုးချဲ့နိုင်ဖို့ ရည်မှန်းထားကြပါတယ်။ တစ်ချိန်တည်းမှာပဲ ရွာကအိမ်ထောင်စုတွေ စုပေါင်းလုပ်ဆောင်တဲ့ ဒေသခံလူထုအခြေပြု သစ်တောစီမံကိန်းကလည်း နောင်တစ်ချိန်မှာ လိုအပ်မယ့် သစ်ထုတ်လုပ်ရေးအတွက်ရော၊ စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးချဲ့နိုင်ဖို့အတွက်ပါ ရေရှည်စီမံကိန်းတွေနဲ့ စတင်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ အစပျိုးရုံပဲ ရှိသေးပေမဲ့ ဒေသခံတွေအနေနဲ့ ဝင်ငွေရလမ်းတွေကို နည်းမျိုးစုံနဲ့ ရှာဖွေလာတာ၊ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပိုအားကောင်းလာတာနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ပဲ ပိုပြီးခိုင်မာတဲ့ အနာဂတ်ကို တည်ဆောက်နေကြပြီဆိုတာကတော့ မြင်သာပါတယ်။“ပြည်သူတွေက ကျွန်မတို့ကို ခဏခဏ ပြောလေ့ရှိတာက သူတို့ကို ကူညီပေးဖို့တင်မကဘဲ ရှေ့ဆက်ရမယ့် လမ်းစကိုပါ ပြပေးဖို့ဖြစ်ပါတယ်။ အခု စီမံကိန်း အတော်များများမှာ တကယ့်ကို အလားအလာကောင်းတာတွေကို တွေ့နေရပါပြီ။ ဒါပေမဲ့ ဒီအကျိုးကျေးဇူးတွေကို လူအများကြီး ခံစားရစေဖို့ဆိုရင် ဒေသခံတွေရဲ့ အသံကို နားထောင်ဖို့ လိုသလို၊ ကုလသမဂ္ဂ စနစ်တစ်ခုလုံးကလည်း အရင်ကထက် ပိုပြီး အတူတကွချိတ်ဆက်ဆောင်ရွက်ဖို့ လိုပါတယ်။ ရှေ့ဆက်ရမဲ့ လမ်းက မလွယ်ကူပေမဲ့ ဒေသခံတွေကိုယ်တိုင်က သူတို့သွားချင်တဲ့ လမ်းကြောင်းကို ကျွန်မတို့ကို လမ်းညွှန်ပြသနေပါတယ်။ ဒါကြောင့် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေဖြစ်တဲ့ ကျွန်မတို့အနေနဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ မျှော်လင့်ချက်တွေကို ပြန်လည်ထူထောင်ပေးနိုင်မယ့် ဖြေရှင်းနည်းတွေကို စုပေါင်းပြီး ဖော်ဆောင်ပေးဖို့နဲ့ ရင်းနှီးမြှုပ်နှံပေးဖို့ပဲ လိုပါတယ်” လို့ မစ္စလူးဝစ်စ်က သူမရဲ့ ခရီးစဉ်အပေါ် ပြန်လည်သုံးသပ်ပြီး ပြောကြားခဲ့ပါတယ်။ လူတွေရဲ့ အသက်ကယ်ဆယ်ရေး၊ ဒေသခံတွေ ပြန်လည် ထူထောင်လာနိုင်အောင် ပံ့ပိုးတာနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို ပြန်လည်ထူထောင်နိုင်ဖို့အတွက် နည်းလမ်းသစ်တွေရှာဖွေရေးတွေမှာ အတော်လေး တိုးတက်မှုတွေ ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာတွေနဲ့ ရှေ့ရေး မရေရာတာတွေကြောင့် ဒီရလဒ်တွေက ပျက်စီးလွယ်တဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ အမှတ်ရကျန်နေခဲ့တာကတော့ အခက်အခဲတွေ ဘယ်လောက်ပဲရှိရှိ၊ ပြည်သူတွေဟာ သူတို့ဘဝကို ပြန်လည်တည်ဆောက်နိုင်မယ်လို့ ယုံကြည်နေကြဆဲဖြစ်ပြီး အဲဒီလိုဖြစ်လာဖို့ ဘာတွေလိုအပ်တယ်ဆိုတာကိုလည်း သူတို့ ကောင်းကောင်းကြီး သိနေကြတာဖြစ်ပါတယ်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၆ ခုနှစ် ဧပြီလ ၀၇ ရက်။
မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူထုထံ ကျန်းမာရေးစောင့်ရှောက်မှုများ ရောက်ရှိရေး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်း
မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဆင့်ကဲဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကြောင့် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိဖို့ ဆက်လက် ခက်ခဲနေချိန်မှာ ကုလသမဂ္ဂအေဂျင်စီတွေက လူထုဗဟိုပြုတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ လူထုနဲ့ ထိတွေ့ဆက်ဆံခြင်း၊ မိသားစုများအား ပံ့ပိုးကူညီခြင်းကနေ ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းနဲ့ ကျန်းမာရေး စနစ်တစ်ခုလုံး ခိုင်မာလာဖို့အထိ ကဏ္ဍအသီးသီးက ကျွမ်းကျင်မှုတွေကို ပေါင်းစပ်ညှိနှိုင်းထားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက အသက်ကယ်ဆယ်ရေး ဝန်ဆောင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ရရှိစေရုံသာမက အခက်ခဲဆုံးသော အခြေအနေတွေမှာလည်း တစ်ဦးချင်းစီနဲ့ လူမှုအသိုက်အဝန်းတွေကို ပိုမိုကျန်းမာပြီး ကြံ့ကြံ့ခံနိုင်ရည်ရှိတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်စေပါတယ်။ အမှောင်ထုကြားက အလင်းရောင်ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အရုဏ်မတက်ခင် အချိန်မျိုးမှာ ပုံမှန်အားဖြင့်တော့ အမှောင်ထုကြီးစိုးနေတတ်ပါတယ်။ ဒါပေမဲ့ အသစ်ဆောက်လုပ်ထားတဲ့ ဆေးခန်းလေးတစ်ခုအတွင်းမှာတော့ ထွန်းညှိထားတဲ့ ဆိုလာ လျှပ်စစ်မီးက တိတ်တဆိတ် အလင်းရောင်ပေးနေရုံသာမကဘဲ ဘေးကင်းလုံခြုံမှု၊ ယုံကြည်စိတ်ချရမှုနဲ့ အနှောင့်အယှက်ကင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါ ပေးစွမ်းနေတာပါ။အမွှာရင်သွေးလေးတွေကို ကိုယ်ဝန်ဆောင်ထားရတဲ့ နန်းဟွမ်အတွက်တော့ ဒီဆေးခန်းလေးဟာ သူမရဲ့ တစ်ခုတည်းသော အားကိုးရာ ဖြစ်ခဲ့ပါတယ်။"အရင်တုန်းက ဆေးခန်းဟောင်းမှာဆိုရင် လူနာကုတင်တောင် မရှိခဲ့ပါဘူး" လို့ ကျန်းမာရေးစနစ်ရဲ့ ကွာဟချက်တွေကြားမှာ နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရတဲ့ ဒေသခံကျန်းမာရေးဝန်ထမ်း မနန်း* က ပြန်ပြောင်းပြောပြပါတယ်။ “အဲဒီတုန်းက အမြဲလိုလို မီးပျက်နေတတ်တဲ့ ဖုန်တွေနဲ့ ရိုးရိုးအဆောက်အအုံလေးပေါ့။”အခုတော့ အတိတ်က စိုးရိမ်ကြောက်လန့်မှုတွေအစား ဂုဏ်သိက္ခာရှိပြီး ဘေးကင်းလုံခြုံမှုတွေနဲ့ အစားထိုးဝင်ရောက်လာပါပြီ။ ဒီဆေးခန်းကို ပုဂ္ဂလိကကဏ္ဍ မိတ်ဖက်အဖွဲ့အစည်းတစ်ခုရဲ့ ပံ့ပိုးမှုနဲ့ ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) က စီမံခန့်ခွဲတဲ့ Access to Health Fund က တည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဆေးခန်းမှာ မသန်စွမ်းသူတွေ အဆင်ပြေပြေ သွားလာနိုင်ဖို့ လူသွားလမ်းကျယ်တွေနဲ့ သီးသန့် သားဖွားခန်းတွေ အပြင် လူနာအားလုံး ကျန်းမာရေးဝန်ဆောင်မှုတွေကို ပိုမိုလွယ်ကူစွာ ရယူနိုင်အောင် စီမံထားပါတယ်။ “ဆိုလာမီးတွေရှိလို့ မနက်အစောကြီး ၃ နာရီလောက်မှာတောင် ဘာအခက်အခဲမှ မရှိခဲ့ဘူး” လို့ ကျန်းမာသန်စွမ်းတဲ့ အမွှာရင်သွေးလေးတွေကို ပိုက်ထွေးထားရင်း နန်းဟွမ်က ရှင်းပြပါတယ်။ “ဒီမှာဆိုရင် ကျွန်မတို့ ဘေးကင်းလုံခြုံတယ်လို့ ခံစားရပြီး ကောင်းကောင်းမွန်မွန် စောင့်ရှောက် ခံရပါတယ်။”လူထုယုံကြည်အားကိုးနိုင်သည့် ကျန်းမာရေးစနစ်များ တည်ဆောက်ခြင်းအခုလိုမျိုး အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံတာဟာ အဆောက်အအုံတွေကို ပိုမို ကောင်းမွန်လာစေတာထက် ပိုပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုတွေက ဘေးကင်းလုံခြုံပြီး၊ ယုံကြည် အားထားလို့ရကာ၊ လက်လှမ်းမီနိုင်တဲ့အခါ ရပ်ရွာလူထုအနေနဲ့ မိမိတို့လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပိုမိုရှာဖွေရယူလာကြမှာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် တစ်နှစ်တည်းမှာတင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေနဲ့ လူပေါင်း ၆၆၈,၀၀၀ ကျော်အတွက် အသက်ကယ် ဆေးဝါးနဲ့ ဆေးပစ္စည်းတွေကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး၊ မိတ်ဖက်အဖွဲ့အစည်းတွေကတစ်ဆင့်လည်း လူပေါင်း ၁၈၃,၀၀၀ ကျော်ကို ဘေးကင်းစိတ်ချရတဲ့ အခြေခံနဲ့ အဆင့်မြင့် ကျန်းမာရေး ဝန်ဆောင်မှုတွေ ရရှိနိုင်စေခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေက ကျန်းမာရေးစောင့်ရှောက်မှု ရယူဖို့ အကန့်အသတ်တွေရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံအတွက် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်ဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပြသနေတာဖြစ်ပါတယ်။ ရောဂါကူးစက်ပြန့်ပွားမှုတွေကို ကာကွယ်ဖို့၊ နာတာရှည်ရောဂါတွေကို ကုသကြပ်မတ်ဖို့နဲ့ အသက်ပေါင်းများစွာကို ကယ်ဆယ်ဖို့တို့အတွက် ရေရှည်တည်တံ့တဲ့ ပံ့ပိုးကူညီမှုတွေက အလွန် အရေးပါ ပါတယ်။ ပိုမိုခိုင်ခံ့သော အိမ်ဂေဟာတစ်ခု၏ နောက်ကွယ်မှ သိပ္ပံပညာအခုလိုမျိုး ပေါင်းစပ်ညှိနှိုင်းထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းရဲ့ အကျိုးသက်ရောက်မှုဟာ ဆေးကုသမှုပေးရုံတင်မကဘဲ မိသားစုဘဝရဲ့ အခြေခံအလေ့အထတွေအထိပါ သက်ရောက်မှုရှိပါတယ်။ အဲဒါကို ပင်လောင်းမြို့နယ်မှာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ကြံ့ခိုင်သော မိသားစုများ အစီအစဉ် (Strong Families Programme) မှာတွေ့နိုင်ပါတယ်။ ဒီအစီအစဉ်က လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ဖိအားတွေကို ရင်ဆိုင်နေရတဲ့ လူမှုအသိုက်အဝန်းတွေအတွင်းမှာ မိဘအုပ်ထိန်းမှုစွမ်းရည် မြှင့်တင်ဖို့၊ အုပ်ထိန်းသူတွေနဲ့ ကလေးတွေကြား ဆက်ဆံရေးတိုးတက်စေဖို့နဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုရှိစေဖို့တို့အတွက် သိပ္ပံနည်းကျ အထောက်အထားတွေအပေါ် အခြေခံပြီး စနစ်တကျ ရေးဆွဲထားတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ဒီအစီအစဉ်ကနေ လက်တွေ့ကျတဲ့ သင်တန်းတိုများ ပို့ချပေးပြီး၊ မိဘများအနေနဲ့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်မှုကို ပံ့ပိုးပေးနိုင်ဖို့၊ မိသားစုအတွင်း ပဋိပက္ခများကို လျှော့ချနိုင်ဖို့နဲ့ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တခြား ဘေးဥပဒ်ဖြစ်စေနိုင်တဲ့ အပြုအမူတွေ ဖြစ်ပွားနိုင်ခြေကို လျော့ပါးစေနိုင်မယ့် ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးနိုင်ဖို့ လိုအပ်နေတဲ့ နည်းလမ်းတွေကို သင်ကြားပေးပါတယ်။မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေး လုပ်ငန်းတွေကို ဦးဆောင်နေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခု ဖြစ်တာနဲ့အညီ UNODC ဟာ ပိုမိုကျယ်ပြန့်တဲ့ ကျန်းမာရေး ဂေဟစနစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကြံ့ခိုင်သော မိသားစုများ အစီအစဉ်မှာ စိတ်ဖိစီးမှု၊ အဆက်အသွယ်ပြတ်တောက်မှုနဲ့ အသိပညာဗဟုသုတ နည်းပါးမှုလိုမျိုး အားနည်းချက်တွေရဲ့ အရင်းခံအကြောင်းတရားတွေကို ဖြေရှင်းပေးတာကြောင့် မူးယစ်ဆေးဝါး အလွဲသုံးမှုကို တိုက်ရိုက်ကာကွယ်ပေးတဲ့အပြင် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးရဲ့ ကောင်းကျိုးသုခတိုးပွားအောင် အထောက်အကူပြုပါတယ်။ကလေးသုံးယောက်ရဲ့ မိခင်တစ်ဦးဟာ သူမနဲ့ သူမရဲ့ကလေးတွေကြားမှာ တဖြည်းဖြည်းဝေးကွာလာ သလို ခံစားခဲ့ရဖူးပါတယ်။ " အရင်တုန်းကတော့ ကလေးတွေကို ကျွေးမွေးနိုင်တာ၊ ကျောင်းထားပေးနိုင်တာနဲ့တင် လုံလောက်ပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ သူတို့နဲ့ တကယ်တမ်း ဘယ်လို စကားပြောဆိုရမလဲ... သူတို့ ဘာတွေ ကြုံတွေ့နေရလဲဆိုတာကို နားလည်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေ ကျွန်မ မသိခဲ့ဘူး" လို့ သူမက ဖွင့်ဟပြောပြခဲ့ပါတယ်။ဒီအစီအစဉ်ကတစ်ဆင့် သူမရဲ့ သဘောထား အမြင်တွေ စတင်ပြောင်းလဲလာခဲ့ပါတယ်။ "ကျန်းမာရေးဆိုင်ရာ သိပ္ပံပညာ" ဆိုတာဟာ ဆေးခန်းနဲ့ ဆေးရုံတွေထဲမှာပဲ ရှိနေတာ မဟုတ်ဘဲ နေ့စဉ် ထိတွေ့ဆက်ဆံမှုတွေ၊ နားထောင်ပေးမှုတွေ၊ ယုံကြည်မှုနဲ့ မိသားစုအတွင်း ပွင့်ပွင့်လင်းလင်း ဆက်သွယ်ပြောဆိုမှုတွေကနေ တည်ဆောက်ယူလို့ရတယ်ဆိုတာကို သူမ တွေ့ရှိသွားခဲ့ပါတယ်။စဉ်ဆက်မပြတ် ပြုစုစောင့်ရှောက်နိုင်ဖို့ အားဖြည့်ပေးခြင်းWHO နဲ့ UNOPS တို့လို မိတ်ဖက် အဖွဲ့အစည်းတွေဟာ ရပ်ရွာစေတနာ့ဝန်ထမ်းတွေနဲ့ လက်တွဲပြီး ဆေးဘက်ဆိုင်ရာ ကုသ စောင့်ရှောက်မှုတွေ စဉ်ဆက်မပြတ် ရရှိအောင် ဆောင်ရွက်ပေးနေသလို UNODC ကလည်း ကျန်းမာရေးဆိုင်ရာ အလေ့အထများ စတင်ရာဖြစ်တဲ့ အိမ်တွင်း ပတ်ဝန်းကျင်ကို ပိုမို ကောင်းမွန်လာအောင် လုပ်ဆောင်ပေးနေပါတယ်။ ဒီလိုမျိုး ပူးပေါင်း ဆောင်ရွက်မှုတွေကနေတစ်ဆင့် ဆေးဘက်ဆိုင်ရာ ကျန်းမာရေးနဲ့ စိတ္တလူမှုပိုင်းဆိုင်ရာ ကျန်းမာရေး နှစ်ရပ်လုံးအပေါ် အခြေခံတဲ့ ဘက်စုံလွှမ်းခြုံတဲ့ စနစ်တစ်ခုကို ဖော်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ဒီလို အခြေခံကောင်းတွေအပေါ်မှာ ဆက်လက်ပြီး WHO ရဲ့ ရပ်ရွာလူထု ဦးဆောင်တဲ့ မိခင်နို့တိုက်ကျွေးရေး လှုံ့ဆော်မှုအစီအစဉ်အောက်မှာ ကလေးသူငယ်ဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးတဲ့ ပထမ ရက်ပေါင်း ၁,၀၀၀ ကာလအတွင်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက် နှစ်နှစ်အောက် ကလေးရှိတဲ့ မိခင် စုစုပေါင်း ၂၅၂ ဦးကို ပံ့ပိုးကူညီပေးနိုင်ခဲ့ပါတယ်။ WHO ရဲ့ ပညာပေးဆွေးနွေးပွဲတစ်ခုအပြီးမှာ မိခင်တစ်ဦးက "မိခင်နို့တိုက်တယ်ဆိုတာ အစားအစာကျွေးတာသက်သက် မဟုတ်ဘဲ ကာကွယ်ပေးတာဆိုတာကို ကျွန်မ သိလိုက်ရတယ်။ မိခင်နို့ဟာ မွေးကင်းစ ကလေးငယ်တွေအတွက် အကောင်းဆုံး ကာကွယ်ဆေးပါပဲ" လို့ ပြောပြခဲ့ပါတယ်။ဒီလိုမျိုး ဒေသအလိုက် အချင်းချင်း ဖေးမကူညီပေးတဲ့ ဆွေးနွေးပွဲလေးတွေဟာ ပိုမိုကျယ်ပြန့်တဲ့ ဘေးအန္တရာယ်ဆိုင်ရာ ဆက်သွယ်ဆောင်ရွက်ရေးနဲ့ ရပ်ရွာလူထုနဲ့ ထိတွေ့ဆက်ဆံရေးလုပ်ငန်းစဉ်တွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကတစ်ဆင့် ၂၀၂၅ ခုနှစ်အတွင်းမှာ လူပေါင်း ၄.၆ သန်းဆီကို သူတို့ရဲ့ ဒေသနဲ့ ကိုက်ညီမယ့် ကျန်းမာရေး အသိပညာပေး သတင်းစကားတွေ ပေးပို့နိုင်ခဲ့ပါတယ်။ ဒါဟာ ရပ်ရွာလူထုအနေနဲ့ ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်တွေကို ပိုမိုနားလည်လာစေဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်ကောင်းတွေကို ကျင့်သုံးလာစေဖို့နဲ့ ရောဂါကူးစက်ပြန့်ပွားမှုတွေကို လျှော့ချနိုင်ဖို့အတွက် များစွာ အထောက်အကူဖြစ်စေခဲ့ပါတယ်။ ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ ခရီးလမ်းပဲခူးတိုင်းဒေသကြီးထဲမှာတော့ ကျန်းမာရေးနဲ့ ပတ်သက်လာရင် ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ခရီးလမ်း ဘယ်လောက်ဝေးသလဲ၊ လမ်းစရိတ် ဘယ်လောက်ကုန်သလဲ ဆိုတာတွေနဲ့ တိုင်းတာကြရလေ့ရှိပါတယ်။ အသက် ၁၁ နှစ်ပဲ ရှိသေးတဲ့ စု ကတော့ HIV ဝေဒနာရှင် တစ်ယောက်ဖြစ်လို့၊ သူမရဲ့ နေ့စဉ်ဘဝက ဆေးသောက်ရမယ့် အချိန်ပေါ်မှာ မူတည်ပြီး လည်ပတ်နေရပါတယ်။ မြန်မာနိုင်ငံမှာ HIV ပိုးရှိသူ ဦးရေ ၂၉၀,၀၀၀ အနက် ၇၅ ရာခိုင်နှုန်းလောက်ကို ကုသမှုတွေ စဉ်ဆက်မပြတ် ရရှိနေအောင် WHO က ကူညီပေးနေပေမဲ့၊ ကလေးတွေအတွက် အထူးကုသမှုတွေ ရဖို့ဆိုတာကတော့ ဝေးလံတဲ့ မြို့ကြီးတွေက ဆေးရုံအနည်းငယ်ဆီကိုပဲ သွားရောက်ကုသလို့ ရနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။"တကယ်တော့ ခက်ခဲနေတာက ရောဂါဝေဒနာ မဟုတ်ပါဘူး" လို့ စုရဲ့ မိခင်ဖြစ်သူ မဝင်းက ရှင်းပြပါတယ်။ "ဆေးရှိတဲ့နေရာကို အရောက်သွားဖို့ ခရီးလမ်းက ပိုပြီး ခက်ခဲနေတာပါ"။ စု တို့လို ကလေးငယ်တွေနဲ့ တခြားလိုအပ်နေသူတွေပါ အကူအညီမဲ့ ကျန်ရစ် မနေခဲ့စေဖို့အတွက် UNICEF နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ အချင်းချင်း ဖေးမကူညီပေးတဲ့ စေတနာ့ဝန်ထမ်းကွန်ရက် တစ်ခုကို ပံ့ပိုးပေးနေပါတယ်။ ဒီစေတနာ့ဝန်ထမ်းတွေဟာ ကုသစောင့်ရှောက်မှုတွေဆီ အရောက်လှမ်းနိုင်အောင် ချိတ်ဆက်ပေးတဲ့ လူသားတံတားတွေအဖြစ် ဆောင်ရွက်ပေးနေကြတာ ဖြစ်ပါတယ်။ အခုဆိုရင် အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ ကိုကို ဟာလည်း ဒီလိုကုသမှုမျိုးနဲ့ပဲ ကြီးပြင်းလာခဲ့သူတစ်ဦးပါ။ အခုဆိုရင် သူဟာ HIV ပိုးရှိနေမှန်း သိလိုက်ရလို့ ကြောက်ရွံ့နေတဲ့ ကလေးငယ်လေးတွေကို စိတ်သက်သာရာရအောင် ပြန်လည်နှစ်သိမ့်ပေးရင်း သူ့ရဲ့နေ့ရက်တွေကို ဖြတ်သန်းနေပါတယ်။ HIV နဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံမှုတွေ ရှိနေသေးတဲ့ လူမှုပတ်ဝန်းကျင်မျိုးမှာ ဒီလိုမျိုး အတွေ့အကြုံတူသူချင်း ဖေးမကူညီမှုက အလွန်အရေးကြီးပါတယ်။ ဒါဟာ ကလေးတွေကို အထီးကျန်မနေစေဘဲ ကုသမှုကို ဆက်လက်ခံယူချင်စိတ်ရှိလာအောင် အများကြီး အထောက်အကူပြုပါတယ်။ "အဲဒီနေ့က သူ လိုအပ်နေတာက ဆရာဝန်တစ်ယောက် မဟုတ်ပါဘူး။ ဘဝကို သူ့လိုပဲ ဖြတ်သန်းဖူးတဲ့ လူတစ်ယောက်ကို လိုအပ်နေခဲ့တာပါ" လို့ သူကိုယ်တိုင် ကူညီပေးခဲ့တဲ့ ကလေးငယ်လေး တစ်ယောက်အကြောင်းကို ကိုကိုက ပြန်ပြောပြပါတယ်။ ဒီလိုမျိုး ရပ်ရွာလူထုကို အခြေပြုတဲ့ ချဉ်းကပ်ဆောင်ရွက်မှုတွေဟာ ကုသမှုရလဒ်တွေကို ပိုမိုကောင်းမွန်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က တီဘီရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သူပေါင်း ၁၁၆,၀၀၀ ကျော်ရဲ့ ၈၅ ရာခိုင်နှုန်းကို ကုသမှုအောင်မြင်အောင် ထိန်းသိမ်းပေးနိုင်ခဲ့တာက သာဓကတစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍဟာ ပဋိပက္ခတွေကြောင့် ဆိုးရွားစွာ ပျက်စီးယိုယွင်းနေဆဲ ဖြစ်ပြီး ဆေးကုသမှုပေးတာ၊ လူထုထံအရောက်ကွင်းဆင်းဆောင်ရွက်တာနဲ့ ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်တာတွေကို နည်းလမ်းမျိုးစုံနဲ့ ပေါင်းစပ်ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ ၂၀၂၅ ခုနှစ်အတွင်းမှာတင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ် ကျန်းမာရေး အစီအစဉ် (WHE) ကတစ်ဆင့် လူပေါင်း ၉၇၀,၀၀၀ ကျော်ဆီကို အရောက်လှမ်းနိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ အခြေအနေတွေ ဆိုးရွားနေတဲ့ နေရာဒေသမျိုးတွေမှာလည်း အရေးကြီးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြတ်တောက်မသွားဘဲ လူတိုင်း လက်လှမ်းမီနေအောင် ကူညီဆောင်ရွက်ပေးနေပါတယ်။ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ သိပ္ပံနည်းကျ အချက်အလက်တွေအပေါ် အခြေခံပြီး အားလုံးစုပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ အထူးအခွင့်အရေးတစ်ခု မဟုတ်ဘဲ အခြေခံအခွင့်အရေးတစ်ခု ဖြစ်လာမယ့် ကျန်းမာရေးစနစ်မျိုး ပေါ်ပေါက်လာအောင် ပံ့ပိုးပေးနေပါတယ်။ နေရောင်ခြည်စွမ်းအင်သုံး ဆေးခန်းတွေကစလို့ မိဘအုပ်ထိန်းမှုဆိုင်ရာ ဆွေးနွေးပွဲတွေ၊ အချင်းချင်း ဖေးမကူညီပေးတဲ့ စေတနာ့ဝန်ထမ်း ကွန်ရက်တွေအထိ... ဒီလုပ်ဆောင်ချက် တစ်ခုချင်းစီဟာ အပြန်အလှန် ချိတ်ဆက်နေတဲ့ ကျန်းမာရေး ဂေဟစနစ်ကြီးရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ ဒီစနစ်ကြီးက ပိုမိုကျန်းမာတဲ့ အနာဂတ်ဆီကို လျှောက်လှမ်းတဲ့နေရာမှာ ဘယ်သူတစ်ဦးတစ်ယောက်မှ နောက်ကျကျန်မနေခဲ့စေဖို့ အာမခံချက် ပေးထားတာပဲ ဖြစ်ပါတယ်။ *တွေ့ဆုံမေးမြန်းခဲ့သူများ၏ လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ရန်အတွက် အချို့သော အမည်များကို လွှဲပြောင်းအသုံးပြုထားပါသည်။ဤဇာတ်လမ်းပါ အကြောင်းအရာများသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ကူညီပံ့ပိုးပေးနေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများထံမှ ရရှိသော ကွင်းဆင်းအချက်အလက်များနှင့် လုပ်ငန်းစီမံချက် အချက်အလက်များအပေါ် အခြေခံ၍ ရေးသားထားခြင်း ဖြစ်ပါသည်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်။
ပြန်လည်ထူထောင်ရေးမှ မမြင်ရသော ဒဏ်ရာဒဏ်ချက်များနှင့် ကုစားရေးလမ်း
မြန်မာနိုင်ငံမှာ ပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီး အဆောက်အအုံတွေ ဘယ်လောက် ပြန်ဆောက်နိုင်ခဲ့ပြီလဲဆိုတာတွေထက်၊ လူတွေ သူတို့ရဲ့ နေ့စဉ်ဘဝထဲကို ပုံမှန်အတိုင်း ပြန်ဝင်ဆံ့နိုင်ပြီလား ဆိုတာတွေနဲ့ တိုင်းတာပါတယ်။ လူတော်တော်များများဟာ ဘေးဒုက္ခတွေကြောင့် ရလာတဲ့ စိတ်ဒဏ်ရာတွေကို ယခုတိုင် ခံစားနေရဆဲဖြစ်ပါတယ်။ အိပ်စက်မရအောင် ကြောက်နေတာ၊ သွားလာဖို့ စိုးရိမ်နေတာနဲ့ ဆုံးရှုံးမှုတွေကြောင့် ဆုံးဖြတ်ချက်မချရဲတာမျိုးတွေ ဖြစ်နေကြတာပါ။ ဒါ့ကြောင့် စိတ်ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အားပေးကူညီမှုတွေဟာ ပြန်လည်ထူထောင်ရေးအတွက် တကယ့်ကို လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ဒါမှသာ လူတွေဟာ စိတ်ဓာတ်ပြန်ခိုင်မာလာမယ်၊ တခြားသူတွေနဲ့ ပြန်ပြီး ထိတွေ့ဆက်ဆံလာနိုင်မယ်၊ ပြီးတော့ သူတို့ဘဝတွေကို ပြန်ထူထောင်လာနိုင်ကြမှာ ဖြစ်ပါတယ်။မန္တလေးက စကားဝိုင်းလေးတစ်ခုမှာ ဒေါ်ခိုင်ကို သူမရဲ့မျက်နှာပုံလေး ဆွဲခိုင်းပါတယ်။ ပြီးတော့ အဲဒီစာရွက်လေးကို လုံးချေခိုင်းပါတယ်။ နောက် ဖြည်းဖြည်းချင်း ပြန်ဖြန့်ခိုင်းခဲ့ပါတယ်။စာရွက်ပေါ်မှာ ခေါက်ကျိုးရာတွေ ထင်ကျန်ခဲ့ပေမဲ့ သူမရဲ့မျက်နှာပုံလေးကတော့ ပျက်မသွားဘဲ ရှိနေဆဲ။ "ကျွန်မ ရင်ထဲမှာ ဘယ်လောက်တောင် မျိုသိပ်ထားနေခဲ့လဲဆိုတာကို အဲဒီတော့မှ သတိထားမိတော့တယ်" လို့ ဒေါ်ခိုင်က ပြောပြပါတယ်။ပြီးခဲ့တဲ့နှစ်က ငလျင်လှုပ်တော့ ဒေါ်ခိုင်ရဲ့ သစ်သားအိမ်လေး ပြိုကျသွားချိန်မှာ သူမ ထွက် ပြေးခဲ့ရပါတယ်။ သူမ ဘေးကင်းခဲ့ပါတယ်။ ဒါပေမဲ့ လှုပ်ခတ်တာရပ်တန့်သွားပြီး အချိန်အတော်ကြာတဲ့တိုင် ကြောက်စိတ်တွေက ကျန်ရှိနေခဲ့ပါတယ်။ "ကျွန်မ အိပ်လို့မရဘူး၊ စိတ်ထဲမှာ အဲဒီအချိန်က မြင်ကွင်းတွေပဲ ခဏခဏ ပြန်ပေါ်လာနေတာ" လို့ သူမက ဆိုပါတယ်။မြန်မာပြည်အလယ်ပိုင်းက လူအတော်များများအတွက် ပြန်လည်ထူထောင်ရေးဆိုတာ ပျက်စီးသွားတာတွေကို ပြန်ပြုပြင်ရုံတင် မဟုတ်ပါဘူး။ မျက်မြင်မတွေ့နိုင်တဲ့ စိတ်ဒဏ်ရာတွေနဲ့ ဘယ်လို ရှင်သန်နေထိုင်ရမလဲကိုလည်း ဆိုလိုပါတယ်။ ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) နဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းမှ စီမံခန့်ခွဲသော ရန်ပုံငွေအဖွဲ့များ၊ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများရဲ့ ပံ့ပိုးမှုတွေနဲ့ ပြုလုပ်တဲ့ ယခုကဲ့သို့ ဆွေးနွေးမှုအစီအစဉ်တွေဟာ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ၎င်းတို့ ကြုံတွေ့ခဲ့ရတာတွေကို စတင်ကုစားနိုင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့ပါတယ်။ပြန်လည်ထူထောင်ရေးဆိုတာ ရုပ်ပိုင်းဆိုင်ရာတင် မဟုတ်တော့တဲ့အခါငလျင်ဒဏ်ကြောင့် တော်တော်လေး ပျက်စီးသွားခဲ့တဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဘက်မှာ စိတ်ကျန်းမာရေးနဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်ချက်ဟာ အချိန်ကြာလာတာနဲ့အမျှ လျော့မသွားဘဲ ပိုတောင်များလာခဲ့ပါတယ်။ဒါပေမဲ့ ရပ်ရွာအတော်များများမှာ စိတ်ကျန်းမာရေးအကြောင်း ထုတ်ပြောဖို့က သိပ်တော့မလွယ်လှပါဘူး။ စိတ်ဆင်းရဲစရာတွေကို ကိုယ်ရေးအဖြစ် မိသားစုအတွင်းမှာပဲ ဆွေးနွေးတာမျိုး ဒါမှမဟုတ် ဘယ်သူ့ကိုမှ မပြောတာမျိုးတွေ ရှိတတ်ကြပါတယ်။ တချို့အတွက်ကျတော့လည်း အကူအညီတောင်းရမှာကို မရင်းနှီးသလို ခံစားတတ်ကြပါတယ်။"ငလျင်လှုပ်ခဲ့တာ တစ်နှစ်ရှိပြီ၊ ဒါပေမဲ့ အခုမှပဲ အကူအညီလာတောင်းတဲ့သူတွေ ပိုများလာတယ်" လို့ ထိခိုက်ခံစားခဲ့ရတဲ့ လူမှုအသိုင်းအဝိုင်းတွေကို ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်း ဒေါ်စုစုက ပြောပါတယ်။ "အခုချိန်ထိတောင် လူတွေရဲ့ မျက်လုံးထဲမှာ ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေတာကို တွေ့နေရတယ်။"နောက်ဆက်တွဲ ငလျင်လေးတွေ ထပ်လှုပ်တိုင်း အရင်က ကြုံခဲ့ရတဲ့ ဘေးအန္တရာယ်တွေကို ပြန်သတိရစေပါတယ်။ တချို့မှာ မြေပြင်က တကယ်တမ်း ငြိမ်နေပေမဲ့ သူတို့စိတ်ထဲမှာတော့ မငြိမ်တော့သလို ခံစားနေကြရပါတယ်။"လူတွေ ကျွန်မတို့ဆီ လာတဲ့အခါ သူတို့ စိတ်လုံခြုံမှုရှိတယ်လို့ ခံစားရအောင် အရင်ဆုံး ကြိုးစားပေးပါတယ်။ သူတို့ အကူအညီ ထပ်လိုအပ်ရင်တော့ နှစ်သိမ့်ဆွေးနွေးပေးတာမျိုး ဒါမှမဟုတ် ပိုပြီးကျွမ်းကျင်တဲ့ ကုသမှုတွေရအောင် လွှဲပြောင်းပေးတာမျိုးတွေ လုပ်ပေးပါတယ်" လို့ သူမက ပြောပြပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ ထိခိုက်ခံစားရတဲ့ လူမှုအသိုက်အဝန်းတွေဆီမှာ ဒီလို စိတ်ကျန်းမာရေးစောင့်ရှောက်မှုတွေကို အရင်ကထက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ ပြန်လည်ထူထောင်ရေးဆိုတာ စိတ်ဒဏ်ရာတစ်ခုတည်းကို ကုစားတာ မဟုတ်ပါဘူးလို့ သူမက ရှင်းပြပါတယ်။ဘေးအန္တရာယ်တွေအလွန်မှာ စားနပ်ရိက္ခာ၊ ခိုလှုံစရာနဲ့ အလုပ်အကိုင် အကူအညီတွေထက် စိတ်ကျန်းမာရေး စောင့်ရှောက်မှုတွေက ထင်သာမြင်သာ မရှိတတ်ပါဘူး။ ဒါပေမဲ့ ဒီစိတ်ကျန်းမာရေး စောင့်ရှောက်မှုတွေက တကယ် မရှိမဖြစ်လိုအပ်ပါတယ်။ ဒီလိုစောင့်ရှောက်မှုတွေ မရှိရင် လူတွေဟာ သူတို့ရဲ့ နေ့စဉ်ဘဝထဲ ပြန်ဝင်ဖို့၊ လုပ်ငန်းခွင်ပြန်ဝင်ဖို့ ဒါမှမဟုတ် မိသားစုဝင်တွေကို ပြုစုစောင့်ရှောက်ဖို့အတွက် တော်တော်လေး ရုန်းကန်ကြရမှာ ဖြစ်ပါတယ်။ ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေနဲ့ ဝမ်းနည်းမှုတွေက ဆုံးဖြတ်ချက်တွေအပေါ် မသိမသာ လွှမ်းမိုးသွားနိုင်သလို၊ သွားလာလှုပ်ရှားရမှာကို ကြောက်ရွံ့စေပြီး နောက်ဆုံးမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ပြန်ထူထောင်ဖို့တောင် ခက်ခဲသွားစေနိုင်ပါတယ်။စီးပွားရေး ကျပ်တည်းနေတဲ့ လူမှုအသိုင်းအဝိုင်းတွေမှာဆိုရင် ဒီလိုဖိအားတွေက သာလို့တောင် ဆိုးပါသေးတယ်။ မိသားစုတွေက ပျက်စီးသွားတဲ့အိမ်ကို ပြင်ဖို့၊ စားဖို့သောက်ဖို့ ရှာဖွေဖို့နဲ့ ဝင်ငွေပြန်ရဖို့တွေအတွက်ပဲ အာရုံစိုက်နေရတဲ့အခါ စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ ဘေးဖယ်ထားတတ်ပါတယ်။ တကယ်တော့ အဲဒီလို ရုန်းကန်နေရတဲ့ ဖိအားတွေကြောင့်ပဲ စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးတွေက ပိုပိုပြီးတော့ များလာနေတာပါ။ အဲဒီလိုမျိုး အကူအညီတွေကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဒေသခံ စေတနာ့ဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ သူတို့ဟာ အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ ပြီးသွားတာတောင်မှ ထိခိုက်ခံစားရတဲ့ ဒေသတွေမှာ ဆက်ရှိနေပြီး ကူညီပေးနေကြတာပါ။ အချိန်ကြာလာတာနဲ့အမျှ အရေးပေါ်အကူအညီထက် ရေရှည်ပြန်လည်ထူထောင်ရေးက ပိုအရေးကြီးလာတာချိန်မှာ သူတို့ရဲ့အခန်းကဏ္ဍကလည်း ပိုပြီး အရေးပါလာပါတယ်။ ရပ်ရွာတော်တော်များများအတွက် စိတ်ဓာတ်ပြန်ခိုင်မာလာစေဖို့နဲ့ ဘဝတွေကို ဆက်ပြီး ပြန်လည်တည်ဆောက်ဖို့အတွက် အမြဲတမ်း ရယူနိုင်တဲ့ တစ်ခုတည်းသော ဝန်ဆောင်မှုတွေပဲ ဖြစ်ပါတယ်။နေ့စဥ်ဘဝ ရှင်သန်ရပ်တည်ရေးနဲ့ ပြန်လည်ထူထောင်ရေး ဟန်ချက်ညီအောင်လုပ်ဆောင်ခြင်းစီးပွားရေး ကျပ်တည်းနေတဲ့ မိသားစုတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးဟာ နေ့စဉ် ဘဝရှင်သန်ရပ်တည်ရေးနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ မန္တလေးက မိခင်တစ်ဦးဖြစ်တဲ့ မအိအိ*ဟာ မိသားစုကို လုပ်ကျွေးဖို့ နေ့တိုင်း ရုန်းကန်နေရသူပါ။ ငလျင်ကြောင့် သူမအိမ်လေး ပြိုကျသွားကတည်းက အခက်အခဲတွေက ပိုတောင် များလာခဲ့ပါတယ်။မိုးတွင်းဆိုရင် အိမ်ခေါင်မိုးကနေ မိုးယိုတယ်။ သူမတတ်နိုင်သမျှနဲ့ ဖြည်းဖြည်းချင်းပဲ ပြင်ရတယ်။ တစ်ဖက်မှာလည်း ဝင်ငွေရှာရင်းနဲ့ ကလေးတွေကို စောင့်ရှောက်ဖို့ ကြိုးပမ်းနေခဲ့ရပါတယ်။"ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့နေရာ (Child Safe Space) ရှိနေတာက ကလေးတွေရော၊ ကျွန်မအတွက်ပါ တကယ်ကို အထောက်အကူဖြစ်စေပါတယ်။” လို့ သူမက ပြောပါတယ်။ "ကျွန်မ အလုပ်လုပ်နေချိန်မှာ ကလေးတွေက ဘေးကင်းတဲ့နေရာမှာ သူငယ်ချင်းတွေနဲ့အတူ ပညာသင်ကြားရင်း အချိန်ကုန်ဆုံးနိုင်ကြတယ်လေ။" အဲဒီအကူအညီမျိုး မရှိရင် မအိအိအတွက် အလုပ်ကို ပုံမှန်လုပ်နိုင်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO ရဲ့ ပံ့ပိုးမှုတွေ၊ ယူနီဆက်ရဲ့ ကလေးသူငယ် အပန်းဖြေကစားစရာ အထောက်အကူပြုပစ္စည်း (Recreation kits) တွေနဲ့အတူ အခုလို ကလေးသူငယ်တွေအတွက် ဖော်ရွေတဲ့ ဝန်းကျင်လေးတွေကို ဖန်တီးပေးထားပါတယ်။ ဒီနေရာလေးတွေဟာ ကလေးငယ်တွေအတွက် စနစ်တကျနဲ့ သင်ယူနိုင်ဖို့၊ ဆော့ကစားနိုင်ဖို့နဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာတွေ ပြန်လည်ကောင်းမွန်လာစေဖို့အတွက် အဓိက အထောက်အကူပြုပေးနေတာပဲ ဖြစ်ပါတယ်။သူမအတွက်တော့ ဒီအကူအညီက စိတ်လှုပ်ရှားစေသလို လက်တွေ့အသုံးကျပါတယ်။ သူမရဲ့ ရင်သွေးတွေ ဘေးကင်းတယ်ဆိုတာ သိနေတော့ သူမ စိတ်အေးအေးနဲ့ အလုပ်လုပ်လို့ရပါတယ်။ "ကလေးတွေက အဲဒီကို သွားရတာ ပျော်ကြတယ်။” လို့ သူမက ဆိုပါတယ်။ “မိခင်တစ်ယောက်အနေနဲ့ သူတို့လေးတွေ ဘေးကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိစေချင်တာပါ။"ကလေးတွေအတွက် ပြန်လည်ထူထောင်ရေးဆိုတာ လူကြီးတွေနဲ့ မတူတဲ့ ပုံစံမျိုး ဖြစ်တတ်ပါတယ်။အဲဒီလို နေရာတွေမှာ ပံ့ပိုးမှုတွေက ကြီးကြပ်စီမံပေးရုံတင် မဟုတ်ပါဘူး။ စနစ်တကျ စီစဥ်ထားတဲ့ လှုပ်ရှားမှုတွေ၊ ပုံဆွဲတာတွေနဲ့ ကစားတာတွေကတစ်ဆင့် ကလေးတွေဟာ စကားနဲ့ ရှင်းပြလို့မရတဲ့ သူတို့ရဲ့ ခံစားချက်တွေကို ဖော်ပြခွင့်ရကြပါတယ်။ စာရွက်တွေပေါ်က ပြိုကျနေတဲ့ အိမ်ပုံတွေနဲ့ မှောင်မည်းနေတဲ့ ပုံရိပ်တွေဟာ သူတို့မှတ်ဉာဏ်ထဲက အစအနတွေကို မြင်သာအောင် ချရေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီပုံတွေကို ကြည့်ပြီး အဓိပ္ပာယ်ဖော်ဖို့ မလွယ်ပေမဲ့ ဒါဟာ ကလေးတွေအတွက် သူတို့ရဲ့ ကြောက်စိတ်တွေကို ဖြေဖျောက်ဖို့၊ ပုံမှန်ဘဝကို ပြန်ရဖို့နဲ့ ဖြစ်ပျက်ခဲ့တာတွေကို နားလည်လက်ခံနိုင်ဖို့အတွက် အစပျိုးပေးလိုက်တာပဲ ဖြစ်ပါတယ်။ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၊ ကုလသမဂ္ဂ စီမံခန့်ခွဲတဲ့ ရန်ပုံငွေအစီအစဉ်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုနဲ့အတူ အလားတူဆောင်ရွက်ချက်တွေဟာ ကလေးငယ်တွေအတွက် သူတို့ရဲ့ ခံစားချက်နဲ့ အတွေ့အကြုံတွေကို ဘေးကင်းပြီး စနစ်တကျရှိတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ဖော်ထုတ်ကုစားနိုင်ဖို့ ကူညီပေးနေပါတယ်။တဆင့်ပြီးတဆင့် ကိုယ့်အားကိုယ်ကိုးနိုင်လာခြင်းပြန်လည်ထူထောင်ရေးဆိုတာ ပုံစံအမျိုးမျိုး ရှိနိုင်ပါတယ်။ အလုပ်ခွင်နဲ့ နေ့စဉ်ဘဝထဲ ပြန်ဝင်နိုင်ဖို့ကနေ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ပြောင်းလဲသွားတဲ့ အခြေအနေသစ်တွေနဲ့ အသားကျအောင် နေထိုင်တာမျိုးထိ ဖြစ်ပါတယ်။စစ်ကိုင်းတိုင်းက ဦးစိန်ဟာ ငလျင်လှုပ်တုန်းက သူခိုလှုံနေတဲ့ အဆောက်အအုံ ပြိုကျလို့ သူ့ရဲ့ ညာဘက်လက်တစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။ လယ်သမားတစ်ယောက်ဖြစ်ပြီး မိသားစုကို ဦးဆောင်နေသူတစ်ဦးအတွက် ဒီဆုံးရှုံးမှုက နေ့စဉ်ဘဝရဲ့ ကဏ္ဍတိုင်းကို ထိခိုက်စေခဲ့ပါတယ်။ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကူညီပံ့ပိုးမှုတွေကြောင့် သူဟာ လက်တုတစ်ခု ရရှိခဲ့ပါတယ်။"အခုတော့ လက်မရှိတော့တာကို မရှက်တော့ပါဘူး" လို့ သူက ဆိုပါတယ်။ "အရင်ကတော့ အဲဒါကို အမြဲတမ်း ဖုံးကွယ်ထားဖို့ပဲ ကြိုးစားခဲ့တာပါ။"အဲဒီအပြောင်းအလဲက သူ့ကို နေ့စဉ်အလုပ်တွေ ပြန်လုပ်နိုင်စေပြီး မိသားစုကိုလည်း ဆက်ပြီး ထောက်ပံ့နိုင်စေခဲ့ပါတယ်။ သူ့အတွက်တော့ ပြန်လည်ထူထောင်ရေးဆိုတာ အလုပ်ပြန်လုပ်နိုင်ဖို့ပါပဲ။ ဒါပေမဲ့ အဲဒီထက် အရေးကြီးတာကတော့ သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပြန်ရလိုက်တာဖြစ်ပါတယ်။ထိခိုက်ခဲ့တဲ့ ဒေသတွေမှာ ပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှုတွေ၊ အထောက်အကူပြု ပစ္စည်းတွေ ဒါမှမဟုတ် လူမှုအသိုင်းအဝိုင်းကနေတစ်ဆင့် စောင့်ရှောက်တာမျိုးတွေကနေတဆင့်ဖြစ်ဖြစ် အဲဒီလို အကူအညီတွေက လူတွေကို ပြန်ပြီး သွားလာလှုပ်ရှားနိုင်အောင်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ပြန်ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ အသက် ၇၀ အရွယ် ဒေါ်အေးအေး*ဟာ ထိခိုက်ဒဏ်ရာရပြီးနောက် ဝှီးချဲ (Wheelchair) တစ်စီး ရလိုက်တာက ပြန်ပြီး သွားလာနိုင်ခဲ့ပါတယ်။"အရင်ကဆိုရင် ကျွန်မ ဈေးသွားနိုင်တယ်၊ မိသားစုကိုလည်း ကူညီနိုင်ခဲ့တာပေါ့။” လို့ သူမက ပြောပြပါတယ်။ “အခုတော့ ခက်ခဲသွားပြီ။ ဒါပေမဲ့ ဝှီးချဲရှိတော့ သွားချင်တဲ့နေရာ သွားလို့ရတယ်၊ အိမ်နီးနားချင်းတွေဆီလည်း သွားလည်လို့ရတယ်။ ဒါက ကျွန်မကို ပိုပြီး အသက်ဝင်လာအောင် လုပ်ပေးတယ်။" ဒီအတွေ့အကြုံတွေအားလုံးကို ကြည့်ရင် ပြန်လည်ထူထောင်ရေးဆိုတာ နေအိမ်တွေ ပြန်ဆောက်တာ၊ ဝင်ငွေပြန်ရှာတာတင် မဟုတ်ဘဲ အဲဒီနှစ်မျိုးလုံး ဖြစ်မြောက်လာဖို့အတွက် လိုအပ်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ပြန်လည်ရရှိဖို့လည်း ဖြစ်ပါတယ်။"ဖြစ်ပျက်ခဲ့တာတွေကတော့ ဖြစ်ပြီးသွားပြီ" လို့ ဒေါ်ခိုင်က ဆိုပါတယ်။ "အခုတော့ ရှေ့ဆက် ရှင်သန်ဖို့ကိုပဲ အာရုံစိုက်ရမယ်။"သူမဟာ လုံးချေခဲ့ပြီးမှ ပြန်ဖြန့်ခဲ့တဲ့ စာရွက်ကလေးအကြောင်းကို တွေးနေဆဲပါ။ ခေါက်ကျိုးရာတွေကတော့ ကျန်နေဆဲပါ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အဲဒီအရာတွေကို လွယ်ထားရတာ ပိုလွယ်လာပြီလို့ သူမက ဆိုပါတယ်။ *အင်တာဗျူးဖြေဆိုသူများ၏ ကိုယ်ရေးအချက်အလက်လုံခြုံစေရန် အမည်လွှဲများအသုံးပြုထားပါသည်။"ဤဆောင်းပါးကို မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်ဒေသများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကူအညီများ၊ စိုက်ပျိုးရေးဆိုင်ရာ ရင်းမြစ်များ၊ ငွေကြေးထောက်ပံ့မှုများ၊ သင်တန်းများနှင့် အခြေခံလိုအပ်သော ဝန်ဆောင်မှုများအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးပေးနေသည့် ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများထံမှ ရရှိသော မြေပြင် အချက်အလက်များနှင့် လုပ်ငန်းစီမံချက်ဆိုင်ရာ အချက်အလက်များကို အခြေခံ၍ ပြုစုထားခြင်း ဖြစ်ပါသည်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်။
ငလျင်ဒဏ်သင့် မြန်မာနိုင်ငံတွင်း အောက်ခြေကစ ပြန်လည်ထူထောင်ခြင်း
ငလျင်လှုပ်ခတ်ပြီး တစ်နှစ်အကြာမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဆိုတာ အဆောက်အဦးတွေ ပြန်ဆောက်နိုင်တာတင်မကဘဲ ရပ်ရွာလူထုကြားမှာလည်း ကူးလူးဆက်သွယ်မှုကွန်ရက်ကို ကောင်းမွန်စွာလည်ပတ်စေနိုင်ခဲ့ပါပြီ။ ဘေးဒဏ်သင့်ဒေသတွေမှာ လမ်းကြီး လမ်းငယ်တွေနဲ့ အများပိုင် အခြေခံအဆောက်အဦးတွေကို ပြန်လည်ပြုပြင်နေကြတာကြောင့် ဈေးသွား၊ ကျောင်းသွား၊ တခြားဝန်ဆောင်မှုတွေဆီ သွားလာတာလိုမျိုး နေ့စဉ်ဘဝတွေကို ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းလာနိုင်ကြသလို အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေလည်း တဖြည်းဖြည်း ပြန်လည်နလန်ထူလာနေပါပြီ။ ရပ်ရွာလူထုကိုယ်တိုင် ဦးဆောင်တဲ့ ဒီလိုကြိုးပမ်းမှုတွေဟာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြုပြင်တာထက်မကဘဲ ပြန်လည်ထူထောင်ရေးအတွက် အခြေခံကောင်းတွေကိုပါ တည်ဆောက်နေကြတာ ဖြစ်ပါတယ်။နေပြည်တော်နားက ရွာတစ်ရွာမှာဆိုရင် အရင်က ရွှံ့ဗွက်တွေနဲ့ သွားလာရခက်တဲ့ လမ်းလေးဟာ အခုတော့ ဆိုလာမီးတိုင်လေးတွေနဲ့ ကွန်ကရစ်လမ်းမကြီး ဖြစ်နေပါပြီ။ ဒီလမ်းကို အရင်ကတည်းက ဒေသခံတွေကိုယ်တိုင် နှစ်နဲ့ချီပြီး ဝိုင်းဝန်းတည်ဆောက်ခဲ့ကြတာပါ။ ဒါပေမဲ့ ငလျင်လှုပ်ခတ်သွားတဲ့အခါမှာတော့ အကောင်အထည်ဖော်နေတာတွေ ရပ်တန့်သွားခဲ့ပြီး မီတာ ၉၀၀ နီးပါးလောက် အချောမသတ်နိုင်ဘဲ ကျန်ခဲ့ပါတယ်။လမ်းခင်းတဲ့အလုပ်ကို ပြန်စတဲ့အခါမှာ ကျန်နေတာကို အပြီးသတ်ဖို့သက်သက် မဟုတ်တော့ပါဘူး။ စာသင်ကျောင်းတွေ၊ ကျန်းမာရေးဝန်ဆောင်မှုတွေ၊ လုပ်ငန်းခွင်တွေနဲ့ နေ့စဉ်လူနေမှုဘဝတွေ ပုံမှန်ပြန်ဖြစ်ဖို့အတွက် ချိတ်ဆက်မှုကို ပြန်လည်ဖော်ဆောင်တာလည်း ဖြစ်ပါတယ်။“ဒီလမ်းက ကျောင်းသွားဖို့၊ အလုပ်သွားဖို့နဲ့ ကျန်းမာရေးကိစ္စတွေအတွက် အရေးပါ ပါတယ်။” လို့ လူငယ်စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ “အရင်ကဆိုရင် လမ်းက ရွှံ့ဗွက်တွေနဲ့မို့ သွားလာရတာ တော်တော်ခက်ခဲတယ်။”အခုတော့ မိုးတွင်းမှာတောင် အရင်ကထက် ပိုပြီး သွားလာလို့ကောင်းသွားပါပြီ။ ကလေးတွေလည်း ကျောင်းကို ပိုပြီး ဘေးကင်းကင်းနဲ့ သွားနိုင်ပါပြီ။ အရင်က ရပ်နားထားခဲ့ရတဲ့ တပိုင်တနိုင် စိုက်ပျိုးရေးလုပ်ငန်းနဲ့ ဒေသတွင်းလုပ်ငန်းလေးတွေလည်း တဖြည်းဖြည်း ပြန်လည်စတင်လာနေပါပြီ။ တချို့နေရာတွေမှာဆိုရင် ပြန်လည်ပြုပြင်ထားတဲ့ လမ်းတွေတစ်လျှောက် ဘေးကင်းလုံခြုံဖို့နဲ့ သွားလာရလွယ်ကူစေဖို့အတွက် နေရောင်ခြည်စွမ်းအင်သုံး (Solar) လမ်းမီးတွေ တပ်ဆင်ပေးတာမျိုးတွေအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) လိုမျိုး မိတ်ဖက်အဖွဲ့အစည်းတွေကလည်း ကူညီပံ့ပိုးမှုတွေကို အားထည့်လုပ်ဆောင်ပေးနေပါတယ်။ နေ့စဉ်လူမှု့ဘဝတွေအတွက် အဓိကကျတဲ့ ချိတ်ဆက်မှုတွေကို ပြန်လည်ဖော်ဆောင်ခြင်း၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ငလျင်လှုပ်ခတ်သွားတဲ့အခါ နေအိမ်တွေတင်မက တခြားထိခိုက်ပျက်စီးမှုတွေပါ ရှိခဲ့ပါတယ်။ လမ်းတွေ ပြတ်တောက်ခဲ့သလို ရေအရင်းအမြစ်တွေလည်း ပျက်စီးသွားခဲ့ကာ ဈေး၊ စာသင်ကျောင်းနဲ့ ဆေးခန်းတွေဆီ သွားရောက်ဖို့တောင် မရေရာ မသေချာဖြစ်ခဲ့ရပါတယ်။ ဘေးအန္တရာယ် ဖြစ်ပွားပြီးပြီးချင်းမှာပဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မစတင်နိုင်ခင် ပျက်စီးနေတဲ့ အပျက်အစီး အစုအပုံကြီးတွေကို အရင်ဖယ်ရှားခဲ့ရပါတယ်။ လမ်းပန်းဆက်သွယ်ရေး ပြန်ကောင်းဖို့နဲ့ ပြန်လည်တည်ဆောက်ရေးတွေ လုပ်နိုင်ဖို့အတွက် ဖယ်ရှားဖို့ လိုအပ်တဲ့ အပျက်အစီး ပမာဏဟာ ခန့်မှန်း တန်ချိန် ၃.၅ သန်း (3.5 million metric tons)ခန့် ရှိပါတယ်။ ယခုထိ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ ပံ့ပိုးဆောင်ရွက်မှုတွေနဲ့ အပျက်အစီး တန်ချိန်ပေါင်း ၇၉,၅၆၀ ကျော်ကို ဖယ်ရှားပေးနိုင်ခဲ့လို့ လူပေါင်း ၅၄၄,၀၀၀ ကျော်အတွက် သွားလာရေး လွယ်ကူသွားစေခဲ့ပါတယ်။ ရှေ့ဆက်ပြီး တန်ချိန် ၁၀၈,၀၀၀ ကျော်ကို ထပ်မံဖယ်ရှားဖို့ စီစဉ်ထားသလို၊ အဲဒီအပျက်အစီးတွေကို စနစ်တကျ ပြန်လည်ခွဲခြားပြီး တခြားနေရာတွေမှာ ပြန်သုံးလို့ရအောင် (Recycle) လုပ်ဆောင်သွားမှာဖြစ်လို့ ဘေးဒဏ်သင့်ဒေသက လူတွေအတွက် ဝင်ငွေရမယ့်အခွင့်အလမ်းတွေကိုလည်း ဖန်တီးပြီးသားဖြစ်သွားမှာပါ။အဲဒီ ချိတ်ဆက်မှုတွေကို ပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်ဖို့အတွက် ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး အဆက်မပြတ် ဝိုင်းဝန်းကူညီပေးဖို့ လိုအပ်ခဲ့ပါတယ်။ ဘေးဒဏ်သင့်တဲ့ ဒေသတစ်လျှောက်မှာ လမ်းတွေပြန်ပြင်တာ၊ အများသုံး အခြေခံအဆောက်အဦးတွေကို ပြန်လည်ပြုပြင်တာနဲ့ အခြေခံဝန်ဆောင်မှုတွေကို ပြန်ရရှိအောင် လုပ်ဆောင်တဲ့နေရာမှာ ဒေသခံတွေနဲ့အတူ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းအသီးသီးက ဝိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြပါတယ်။ကုန်စည်စီးဆင်းမှုနဲ့ ဖောက်သည်တွေရဲ့ သွားလာမှုပေါ်မှာ နေ့စဉ်ဝင်ငွေ မှီခိုနေရတဲ့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ လမ်းတွေပျက်စီးသွားတာက လုပ်ငန်းဆောင်တာတွေကိုပါ ရပ်တန့်သွားစေခဲ့ပါတယ်။“ငလျင်လှုပ်ပြီးတော့ ဘယ်သူမှ သွားလာလို့မရတော့တာကြောင့် အရောင်းအဝယ်တွေ ကျသွားတာပါပဲ။” လို့ ဆိုင်ဖွင့်လာတာ အနှစ် ၃၀ ကျော်ပြီဖြစ်တဲ့ ဒေါ်ခင်စန်းလွင်က ပြောပြပါတယ်။သွားလာရေး ပြန်ကောင်းလာတာနဲ့အမျှ စီးပွားရေးကလည်း ပြန်ကောင်းလာပါတယ်။ ကုန်ပစ္စည်းတွေ ပြန်လည် သယ်ယူပို့ဆာင်လို့ရလာသလို ဖောက်သည်တွေလည်း ပြန်လာကြပြီး နေ့စဉ်ဘဝတွေလည်း တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာပါတယ်။ “အခုတော့ ကျွန်မရဲ့ လုပ်ငန်းလေး ပြန်ပြီး အသက်ဝင်လာပါပြီ။” လို့ သူမက ဆက်ပြောပါတယ်။အဲဒီလို အခြေခံအဆောက်အဦးတွေကို ပြန်ပြင်တာဟာ သွားလာရရုံတင်မကဘဲ ဒေသတွင်း စီးပွားရေးကိုပါ ပြန်လည်ဦးမော့စေသလို ရပ်ရွာလူထုတွေ သူတို့မှီခိုနေရတဲ့ စနစ်တွေကိုလည်း ပြန်လည်ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ လိုအပ်ချက်တွေ အတော်များများ ကျန်နေသေးပေမဲ့ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေက နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ အခြေအနေတွေကို ပြန်လည်ဖော်ဆောင်ပေးနိုင်ခဲ့ပြီး ပြည်သူတွေ သွားလာနိုင်၊ အလုပ်လုပ်နိုင်၊ တစ်ဦးနဲ့တစ်ဦး ပြန်လည်ချိတ်ဆက်နိုင်အောင် ပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။လမ်းပန်းဆက်သွယ်ရေး ပြန်ကောင်းအောင် လုပ်ဆောင်ပေးမှုနဲ့အတူ အိမ်ခြေတွေကို ပြန်လည်ပြုပြင်ပေးဖို့ကလည်း အဓိက ဦးစားပေးတစ်ခု ဖြစ်ခဲ့ပါတယ်။ အိမ်ခြေ စုစုပေါင်း ၂၄,၂၀၀ ခန့် ပျက်စီးသွားခဲ့ရာမှာ အခုအချိန်အထိ အိမ်ခြေ ၂,၅၀၀ ခန့်ကို ပြန်လည်ပြင်ဆင်တာ ဒါမှမဟုတ် အသစ်ပြန်ဆောက်တာတွေ လုပ်ပေးနိုင်ခဲ့ပါပြီ။ အဲဒီထဲမှာ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ ပံ့ပိုးမှုနဲ့ အိမ်ခြေ ၂,၀၀၀ နီးပါး ပါဝင်ပြီး လူပေါင်း ၈,၂၀၀ ကျော်အတွက် အကျိုးကျေးဇူး ရှိခဲ့ပါတယ်။ နောက်ထပ် အိမ်ခြေပေါင်း ၉,၅၀၀ အထိ တိုးချဲ့ကူညီပေးသွားဖို့ စီစဉ်ထားပါတယ်။ရပ်ရွာလူထုတွေနဲ့အတူ တည်ဆောက်ခြင်း နေရာတော်တော်များများမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို အကျိုးခံစားခွင့်ရမယ့် ပြည်သူလူထုတွေကိုယ်တိုင် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ရှမ်းပြည်နယ်၊ သာလေးဦးအင်းရွာမှာ အသက် ၃၄ နှစ်အရွယ် မမွန်မွန်ဦးကို ဆောက်လုပ်ရေးလုပ်ငန်းတွေကို ကြီးကြပ်ဖို့ ရွာကနေ ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ သူမဟာ အလုပ်သမားတွေကို ကြီးကြပ်တာ၊ ပစ္စည်းကိရိယာတွေ စီမံခန့်ခွဲတာနဲ့ လုပ်ခလစာ ပေးချေတာတွေကို တာဝန်ယူရပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်ရဲ့ အဓိက အခန်းကဏ္ဍက တာဝန်ယူရသူ ဖြစ်ပါတယ်။“လမ်းတွေကောင်းမှ ကျွန်မတို့ဒေသ ဖွံ့ဖြိုးတိုးတက်နိုင်မှာပါ။” လို့ သူမက ပြောပါတယ်။လမ်းခင်းပြီးသွားကတည်းက မိုးတွင်းမှာတောင် သွားလာရတာ ပိုလွယ်ကူလာပါတယ်။ ဝန်ဆောင်မှုတွေဆီ သွားရောက်ဖို့ ပိုအဆင်ပြေလာသလို ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေလည်း စတင် ပြန်လည်ပတ်လာနေပါပြီ။တစ်ချိန်တည်းမှာပဲ ဒီလုပ်ငန်းက လက်ငင်း အလုပ်ထက်မကတဲ့ အခွင့်အလမ်းတွေကိုပါ ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ တချို့အတွက်တော့ နောင်တစ်ချိန်မှာ အသုံးချလို့ရမယ့် လက်တွေ့ကျတဲ့ ကျွမ်းကျင်မှုတွေကိုပါ ရရှိခဲ့ပါတယ်။ဒီလို လူထုအခြေပြု ပြန်လည်ထူထောင်ရေး လုပ်ငန်းတော်တော်များများကို အသက်မွေးဝမ်းကျောင်းအခြေပြု ပဏာမခြေလှမ်းတွေကနေတစ်ဆင့် ပံ့ပိုးပေးထားရာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ဦးဆောင်တဲ့ လုပ်ငန်းစဉ်တွေလည်း ပါဝင်ပြီး၊ ဒေသခံအလုပ်သမားတွေအနေနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ တိုက်ရိုက်ပါဝင်ရင်း ကျွမ်းကျင်မှုတွေ ရရှိလာစေပါတယ်။အသက် ၂၀ အရွယ် မောင်တင့်ဇင်လို လူငယ်အလုပ်သမားတွေဆိုရင် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုသင်တန်းတွေကနေရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဆက်လက်လုပ်ကိုင်ဖို့ စိတ်ဝင်စားလာကြပါတယ်။ဘေးဒဏ်သင့်ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေက ဆုံးဖြတ်ချက်ချမှတ်တဲ့ ပုံစံတွေကိုပါ ပြောင်းလဲစေခဲ့ပါတယ်။ အရင်ကထက် ပိုပြီး ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်နိုင်တဲ့ ပုံစံမျိုး ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ လူအများရှေ့မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပြီး အသံပေါင်းစုံကို နားထောင်လာကြတာပါ။ရှမ်းပြည်နယ်က လူထုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးစိုင်းအောင်လှိုင်က အခုဆိုရင် ရွာထဲက အစုအဖွဲ့အသီးသီးရဲ့ အကြံဉာဏ်တွေကို ရယူပြီးမှ ဆုံးဖြတ်ချက်ချကြတယ်လို့ ရှင်းပြပါတယ်။ မန္တလေးတိုင်းမှာလည်း အလားတူပုံစံမျိုးတွေ ရှိလာပြီး အမျိုးသမီးတွေနဲ့ လူငယ်တွေဟာ တိုင်ပင်ဆွေးနွေးတာနဲ့ စီမံကိန်းချမှတ်တဲ့ နေရာတွေမှာ ပိုပြီး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာကြပါတယ်။ ဘေးဒဏ်သင့်တဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စီမံနိုင်၊ ဦးဆောင်နိုင်အောင် ဒေသခံလူထု အဖွဲ့အစည်းတွေကို စုစည်းပေးတာနဲ့ အားကောင်းလာအောင် လုပ်ဆောင်ပေးတာတွေ ရှိခဲ့ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် UNDP ဟာ အဲဒီလို လူထုအခြေပြု အဖွဲ့အစည်းပေါင်း ၂,၅၀၀ ခန့်ကို ကူညီပံ့ပိုးပေးခဲ့ပြီး၊ ဒေသခံတွေ ကိုယ်တိုင်ဦးဆောင်တဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသလဲဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်မှာ ယုံကြည်မှုက အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်လာပါတယ်။အချို့လူမှုအသိုင်းအဝိုင်းတွေမှာဆိုရင် လုပ်ငန်းတိုးတက်မှုကို ဒေသခံတွေကိုယ်တိုင် တိုက်ရိုက်စစ်ဆေးကြပါတယ်။ စာရင်းဇယားတွေ စစ်ဆေးတာ၊ ဆောက်လုပ်ရေးအခြေအနေကို ကြည့်ရှုတာနဲ့ စီမံကိန်းအတိုင်း ဖြစ်၊ မဖြစ် အတည်ပြုတာမျိုးတွေ လုပ်ဆောင်ကြတာပါ။ ဒေါ်အေးအေးသန်းအတွက် ဒီလို ပွင့်လင်းမြင်သာမှုမျိုးက အသစ်အဆန်း ဖြစ်လို့နေပါတယ်။ လုပ်ငန်းတွေကို မြင်တွေ့ စစ်ဆေးခွင့်ရတာက ယုံကြည်မှုကို တိုးစေသလို တာဝန်မျှဝေယူမှုလည်း ပိုပြီး ခိုင်မာတယ်လို့ သူမက ဆိုပါတယ်။လူအများကို စည်းလုံးစေတဲ့ ပြန်လည်ထူထောင်ရေးအချို့နေရာတွေမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေက အချင်းချင်းဆက်သွယ်မှုပုံစံ အသစ်တွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ပြန်လည်တည်ဆောက်ရေးနဲ့ ကျွမ်းကျင်မှုမြှင့်တင်ရေး လုပ်ငန်းတွေမှာ နောက်ခံမတူညီတဲ့ သူတွေကို အတူတကွ ပူးပေါင်းလုပ်ကိုင်လာစေပါတယ်။ရှမ်းပြည်နယ်ရှိ မတူညီတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေက အမျိုးသမီးတွေဟာ အတူတူ သင်ယူ၊ အတူတူ အလုပ်လုပ်ရင်း ကျွမ်းကျင်မှုတွေ မျှဝေပြီး အချင်းချင်း ပံ့ပိုးကူညီပေးခဲ့ကြပါတယ်။ သင်တန်းကနေ စတင်ခဲ့တဲ့ ဒီဆက်ဆံရေးဟာ တချို့ကိစ္စရပ်တွေမှာဆိုရင် အမျိုးသမီးတွေဟာ ဒေသတွင်းဈေးကွက်အတွက် ကုန်ပစ္စည်းတွေ ပူးပေါင်းထုတ်လုပ်ဖို့အထိ တိုးတက်လာခဲ့ပါတယ်။မန္တလေးတိုင်းမှာလည်း ဘာသာရေးနောက်ခံ မတူညီသူတွေဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အတူလက်တွဲ လုပ်ကိုင်လာခဲ့ကြပါတယ်။ လုပ်ငန်းခွင်ကြီးကြပ်သူတစ်ဦး ပြောသလို လမ်းပြင်တာ၊ လမ်းခင်းတာနဲ့ အများအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ရင်းနဲ့ အဲဒီအလုပ်ဟာ မျှဝေခံစားရတဲ့ အတွေ့အကြုံတစ်ခု ဖြစ်သွားရတာပါ။ ဒီလို ထိတွေ့ဆက်ဆံမှုတွေဟာ တရားဝင်မဟုတ်ပေမဲ့ ပိုမိုကျယ်ပြန့်တဲ့ ချိတ်ဆက်မှုကို ဖြစ်စေပါတယ်။ ဒါဟာ အခြေခံအဆောက်အဦးတွေ ပြင်ဆင်တာလောက် မျက်စိနဲ့ တပ်အပ်မမြင်ရပေမဲ့ အင်မတန် အရေးကြီးတဲ့ ပြန်လည်ထူထောင်ရေးရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒေသခံတွေ ကိုယ်တိုင်ဦးဆောင်တဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကြောင့် လူမှုအသိုင်းအဝိုင်းကြားမှာ စည်းလုံးညီညွတ်မှု ပိုရှိလာသလို၊ တင်းမာမှုအန္တရာယ်တွေကိုလည်း လျော့နည်းစေတဲ့အပြင် အားလုံးအကျုံးဝင်တဲ့ ဒေသဖွံ့ဖြိုးရေးတွေကိုလည်း ပိုမိုအထောက်အကူ ဖြစ်စေပါတယ်။ရှေ့ဆက်မယ့် ခရီးအတွက် အခြေခံကောင်းများငလျင်လှုပ်ပြီး တစ်နှစ်အကြာမှာတော့ ပြန်လည်ထူထောင်ရေးရဲ့ အရိပ်အယောင်တွေကို ပိုပြီး သိသိသာသာ မြင်တွေ့လာရပါပြီ။ လမ်းတွေ ပြန်ပြင်ပြီးသွားပြီး၊ သွားလာရေးတွေ ပိုကောင်းလာသလို လှုပ်ရှားသွားလာရတာလည်း ပိုလွယ်ကူလာပါတယ်။ ဒါပေမဲ့ ဒီလိုပြောင်းလဲမှုတွေရဲ့ သက်ရောက်မှုက မျက်စိနဲ့ မြင်ရတဲ့ အရာတွေထက်မက ပိုပြီးတော့ နက်ရှိုင်းပါတယ်။ဒီပြောင်းလဲမှုတွေဟာ လူတွေ ဝန်ဆောင်မှုတွေကို ဘယ်လိုရယူမလဲ၊ စားဝတ်နေရေးအတွက် ဘယ်လို ရှာဖွေစားသောက်ကြမလဲဆိုတာနဲ့ အနာဂတ်အတွက် လူထုအချင်းချင်း ဘယ်လို စုစည်းကြမလဲဆိုတဲ့ ပုံစံတွေကိုပါ ဖော်ဆောင်ပေးလိုက်တာ ဖြစ်ပါတယ်။ဘေးဒဏ်သင့်ဒေသတွေမှာ အရေးပါတဲ့ အခြေခံအဆောက်အအုံ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာလည်း တိုးတက်မှုရှိနေပါတယ်။ ဒေသခံတွေအတွက် အများသုံးအဆောက်အအုံတွေ၊ ဆည်မြောင်းစနစ်တွေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ပေးနေတာပါ။ ယခုထိ အဆောက်အအုံပေါင်း ရာနဲ့ချီပြီး ပြန်လည်ပြုပြင်တာ ဒါမှမဟုတ် အသစ်တည်ဆောက်တာတွေ လုပ်ပေးနိုင်ခဲ့ပါပြီ။ ဒါကြောင့် လူပေါင်း ၄၆၆,၀၀၀ ကျော်အတွက် ဝန်ဆောင်မှုတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုကောင်းလာစေခဲ့သလို၊ လူပေါင်း ၂၀၀,၀၀၀ ကိုလည်း သောက်သုံးရေ ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ UNDP လိုမျိုး မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အဆက်မပြတ် ကူညီမှုတွေနဲ့အတူ ဒီလုပ်ငန်းတွေကို ရှေ့ဆက်ပြီး သိသိသာသာ တိုးချဲ့သွားဖို့ ရှိရာမှာ နောက်ထပ် အဆောက်အအုံပေါင်း ၁,၀၀၀ ကျော်ကို ပြန်ပြင်တာ ဒါမှမဟုတ် အသစ်ဆောက်ဖို့ စီစဉ်ထားပြီး၊ လူဦးရေ ၁.၃ သန်းခန့်ထိ အကျိုးကျေးဇူး ရရှိစေမှာ ဖြစ်ပါတယ်။ နေရာတော်တော်များများမှာတော့ ပြန်လည်တည်ဆောက်ထားတဲ့ အရာတွေကို ရေရှည်ထိန်းသိမ်းနိုင်ဖို့အတွက် စနစ်တကျ ပြင်ဆင်ထားပြီးဖြစ်သလို ဒေသခံတွေကိုယ်တိုင်လည်း အဲဒီလုပ်ငန်းတွေကို စီမံခန့်ခွဲနေကြပါပြီ။တဆက်တည်းမှာဘဲ အကူအညီတွေ အတော်များများ လိုအပ်နေပါသေးတယ်။ရပ်ရွာလူထုအတော်များများမှာ သွားလာရေး၊ ဝန်ဆောင်မှုတွေနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်လို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာ ဘေးဒဏ်သင့်ဒေသအားလုံးဆီကို ရောက်ရှိဖို့အတွက် စဉ်ဆက်မပြတ် ကူညီပေးဖို့ လိုအပ်ပါတယ်။ ရှေ့လာမယ့် နှစ်တွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဘယ်လောက်အထိ ခရီးရောက်မလဲဆိုတာဟာ အဆောက်အအုံတွေကို ဘယ်လောက် ပြန်ဆောက်နိုင်သလဲဆိုတာပေါ်မှာတင်သာမက ပြည်သူတွေ နေ့စဉ်အားကိုးအားထားပြုနေရတဲ့ စနစ်တွေနဲ့ သူတို့ကို ဘယ်လောက်အထိ ပြန်လည်ချိတ်ဆက်ပေးနိုင်မလဲ ဆိုတာပေါ်မှာလည်း မူတည်နေပါတယ်။ ဤဆောင်းပါးကို မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်ဒေသများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကူအညီများ၊ စိုက်ပျိုးရေးဆိုင်ရာ ရင်းမြစ်များ၊ ငွေကြေးထောက်ပံ့မှုများ၊ သင်တန်းများနှင့် အခြေခံလိုအပ်သော ဝန်ဆောင်မှုများအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးပေးနေသည့် ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများထံမှ ရရှိသော မြေပြင် အချက်အလက်များနှင့် လုပ်ငန်းစီမံချက်ဆိုင်ရာ အချက်အလက်များကို အခြေခံ၍ ပြုစုထားခြင်း ဖြစ်ပါသည်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်။
ပထမခြေလှမ်းများစတင်ခြင်းတစ်နှစ်တာခရီးနှင့် မြန်မာနိုင်ငံရဲ့ ပြန်လည်ထူထောင်ရေး ဦးဦးဖျားဖျား ခြေလှမ်းများ
မြန်မာနိုင်ငံအလယ်ပိုင်းမှာ ငလျင်ဒဏ်ကြောင့် လူမှုစီးပွားဘဝများ ထိခိုက်ခဲ့ရပြီးနောက်၊ စိုက်ပျိုးလုပ်ငန်းလုပ်ကိုင်သူ အသိုက်အဝန်းတွေမှာ ပြန်လည်ထူထောင်ရေးကို ရှိတဲ့ အင်အားလေးနဲ့ အစကနေ ပြန်စတင်နေကြရပါတယ်။ တောင်သူအများအပြားဟာ နေအိမ်တွေသာမက စိုက်ပျိုးရေးအတွက် အရေးအကြီးဆုံးအချိန်မှာ သီးနှံတွေနဲ့ ဝင်ငွေတွေကိုပါ ဆုံးရှုံးခဲ့ကြရတာပါ။ ဒါကြောင့် ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာ အိမ်ကို အရင်ပြင်ရမလား၊ ဒါမှမဟုတ် စားဝတ်နေရေးအတွက် အလုပ်ကိုပဲ အရင်ပြန်စရမလားဆိုတာ ခက်ခဲတဲ့ ရွေးချယ်မှုတွေ ဖြစ်ခဲ့ရပါတယ်။ အခုတော့ စိုက်ပျိုးရာသီလည်း ပြန်ရောက်လာသလို မျိုးစေ့နဲ့ လိုအပ်တဲ့ အကူအညီတွေ ရရှိလာတာကြောင့် တောင်သူတွေဟာ စိုက်ပျိုးလုပ်ငန်းကို ပြန်စတင်လုပ်ကိုင်နေနိုင်ပြီး၊ မိသားစုဝင်ငွေရဖို့နဲ့ စားနပ်ရိက္ခာ ဖူလုံဖို့အတွက် ပထမဆုံးခြေလှမ်းတွေ လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ဒေါ်ချိုသန်းကတော့ တစ်စိတ်တစ်ပိုင်း ပြိုကျနေတဲ့ သူမနေအိမ်လေးရဲ့ အက်ကွဲနေတဲ့ နံရံဘေးမှာ ရပ်ရင်း သူမအနေနဲ့ ဘာကို လက်လွှတ်လိုက်ရမလဲဆိုတာ တွက်ချက်နေပါတယ်။ပျက်စီးသွားတာတွေကို ပြန်ပြင်ဖို့အတွက် သူမမိသားစု အားကိုးနေရတဲ့ စိုက်ပျိုးမြေ ၆ ဧကထဲက တစ်ဝက်ကို ပေါင်နှံလိုက်ရတယ်။ ဒီမြေမရှိဘဲ နောက်ရာသီမှာ ဘယ်လိုစိုက်ပျိုးရမလဲဆိုတာ သူမ မသေချာတော့ပါဘူး။"ငလျင်ကြောင့် ကျမတို့အိမ် ပျက်စီးသွားတော့ ကျွန်မမှာ တခြားရွေးချယ်စရာ မရှိခဲ့ဘူး။" လို့ သူမက ပြောပါတယ်။ "ဒါပေမဲ့ စိုက်ပျိုးရေးကို ဘယ်လိုဆက်လုပ်မလဲ၊ မိသားစုကို ဘယ်လိုထောက်ပံ့မလဲဆိုတာတွေအတွက် စိုးရိမ်ခဲ့ရတယ်။"မြန်မာနိုင်ငံအလယ်ပိုင်းအနှံ့မှာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ဘာကိုအရင်ပြင်ရမလဲ၊ ဘာကိုစွန့်လွှတ်လိုက်ရမလဲဆိုတဲ့ အလားတူတွက်ချက်မှုတွေနဲ့ပဲ ပြန်လည်ထူထောင်ရေးကို လုပ်ဆောင်ခဲ့ကြရတာပါ။၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ပြင်းအား ၇.၇ အဆင့် ရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့တုန်းက အလွန်အမင်း ခက်ခဲကျပ်တည်းနေတဲ့ လူမှုအသိုက်အဝန်းတွေ ထိခိုက်ခဲ့ပါတယ်။ စိုက်ပျိုးရေးက နေ့စဉ်လူမှုဘဝရဲ့ အသက်သွေးကြောဖြစ်တဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ ပျက်စီးဆုံးရှုံးမှုတွေဟာ နေအိမ်တွေသာမက ပိုမိုကျယ်ပြန့်ခဲ့ပါတယ်။ လယ်ကွင်းတွေ အက်ကွဲတာ၊ ဆည်မြောင်းစနစ်တွေ ပျက်စီးတာတွေအပြင် နောက်ပိုင်းရက်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရိတ်သိမ်းဖို့အဆင်သင့်ဖြစ်နေတဲ့ သီးနှံတွေပါ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ဘေးဒဏ်သင့်ဒေသတွေမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ရာ ငလျင်အပြီး ကောက်ယူခဲ့သော စစ်တမ်းများအရ ဒေသခံလူထု ၆၄ ရာခိုင်နှုန်းခန့်မှာ သီးနှံများပျက်စီးခြင်း၊ လုပ်ငန်းခွင်များ ပျက်စီးဆုံးရှုံးခြင်းတို့နဲ့အတူ အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။အချို့ဒေသတွေမှာ စိုက်ပျိုးရေး ဆုံးရှုံးမှုဟာ ၂၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး စိုက်ပျိုးရာသီအစမှာတင် ဝင်ငွေအားလုံး ဆုံးရှုံးခဲ့ရပါတယ်။ တောင်သူအများစုအတွက် ဒီဘေးအန္တရာယ်ဟာ စိုက်ပျိုးရာသီ တစ်ရာသီစာ ထိခိုက်ရုံတင်မဟုတ်ဘဲ နောင်မှာ စိုက်ပျိုးရေးလုပ်ငန်းကို ဆက်လုပ်နိုင်ပါဦးမလားဆိုတဲ့အထိ ခြိမ်းခြောက်ခဲ့တာပါ။မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်က ဒေါ်ချိုသန်းရဲ့ မိုးစပါးရိတ်သိမ်းမှုဟာ စားဖို့အတွက်ပဲ လောက်ငရုံရှိပြီး မပိုခဲ့ပါဘူး။ ပဲတီစိမ်းသီးနှံတွေ ပျက်စီးဆုံးရှုံးသွားတာကြောင့် အိမ်ပြင်စရိတ်၊ ကျန်းမာရေးစရိတ် ဒါမှမဟုတ် နောက်ရာသီစိုက်ပျိုးစရိတ်တွေအတွက် ဝင်ငွေမရှိတော့ပါဘူး။ရွေးချယ်စရာ သိပ်မရှိတာကြောင့် အိမ်ပြင်ဖို့အတွက် မြေကို ပေါင်နှံခဲ့ရပေမဲ့ ဒါဟာ မူလအခြေအနေ ပြန်ရောက်ဖို့ အချိန်အတော်ပေးရမယ့် ဆုံးဖြတ်ချက်မျိုးဖြစ်တာကို သူမ ကောင်းကောင်းကြီး သိနားလည်ထားပါတယ်။ သူမရဲ့ အတွေ့အကြုံက သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေရယူနိုင်ခွင့် မရှိဘဲနဲ့တော့ အခြေခံပြုပြင်မွမ်းမံမှုလေးတွေ လုပ်ဖို့အတွက်တောင်မှ ရေရှည်ထုတ်လုပ်နိုင်စွမ်းကို ရင်းနှီးပေးဆပ်လိုက်ရတယ်ဆိုတဲ့ ပကတိအခြေအနေမှန်ကို ထင်ဟပ်ပြနေပါတယ်။စစ်ကိုင်းတိုင်းဒေသကြီးက ဒေါ်မာရီကလည်း အလားတူဖိအားမျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မိသားစုအတွက် တစ်ဦးတည်းသော အားကိုးရာဖြစ်တဲ့ သူမဟာ မသန်စွမ်းဖြစ်နေတဲ့ ခင်ပွန်းသည်ကို စောင့်ရှောက်ရင်းနဲ့ ပျက်စီးနေတဲ့ အိမ်ခေါင်မိုးကို ပြင်ဖို့ လိုအပ်ခဲ့ပါတယ်။"ငွေသားထောက်ပံ့မှုရတာ အချိန်ကိုက်ပါပဲ။" လို့ သူမက ဆိုပါတယ်။ "ဒီအကူအညီသာ မရရင် အိမ်ခေါင်မိုးပြင်ဖို့အတွက် အတိုးများများပေးရတဲ့ ချေးငွေ ယူရတော့မှာပါ။"နောက်ပိုင်းလတွေမှာတော့ အချိန်ပိုင်းအလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်းအတွက် လိုအပ်တာတွေ ထောက်ပံ့ပေးတာတွေနဲ့ အိမ်ထောင်စုတွေ ဝင်ငွေ ပြတ်တောက်မသွားအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ လူပေါင်း ၆,၀၀၀ နီးပါးကို ၎င်းတို့လုပ်အားအတွက် ငွေသားထောက်ပံ့ခြင်း (cash-for-work) ကနေတစ်ဆင့် ကူညီပေးခဲ့သလို၊ လူပေါင်း ၂၈,၀၀၀ ကျော်ကိုလည်း အလုပ်အကိုင်တွေ ပြန်စနိုင်ဖို့အတွက် လိုအပ်တဲ့ အထောက်အပံ့တွေ ပေးနိုင်ခဲ့ပါတယ်။ UNDP အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ လုပ်အားခပေးတဲ့ အလုပ်အကိုင် အခွင့်အလမ်း ၄,၈၀၀ နီးပါးကို ဖန်တီးပေးခဲ့ပြီး၊ လူပေါင်း ၂၈,၀၀၀ ကျော်ဆီကိုလည်း အသက်မွေးဝမ်းကျောင်း အထောက်အပံ့တွေ ရရှိအောင် ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ဒါဟာ တခြားမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ကူညီပေးနိုင်ခဲ့တယ်ဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။ကျန်ခဲ့တာနဲ့ ပြန်လည်စတင်ခြင်းလူအများစုအတွက်တော့ မျိုးစေ့ဆိုတာ သတိမထားမိဘဲ ကျော်သွားတတ်တဲ့ သေးငယ်ပြီး တန်ဖိုးနည်းတဲ့၊ အရေးမပါလှတဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ စိုက်ပျိုးရေးကို အခြေခံတဲ့ လူ့အဖွဲ့အစည်းတွေမှာ မျိုးစေ့ဟာ အရာရာတိုင်းရဲ့ အစပျိုးရာ ဖြစ်ပါတယ်။ မျိုးစေ့မရှိရင် စိုက်ပျိုးလို့မရပါဘူး။ မစိုက်ပျိုးနိုင်ရင်တော့ ရိတ်သိမ်းစရာမရှိ၊ ဝင်ငွေမရှိတော့ဘဲ ပြန်လည် နာလန်ထူဖို့ လမ်းစလည်းပျောက်ဆုံးသွားရတာပါပဲ။ငလျင်လှုပ်ခတ်ပြီးနောက် တောင်သူအတော်များများဟာ သူတို့ရဲ့ သီးနှံတွေတင်မကဘဲ နောက်ရာသီအတွက် ပုံမှန်စုဆောင်းထားလေ့ရှိတဲ့ (သို့မဟုတ်) ဝယ်ယူလေ့ရှိတဲ့ မျိုးစေ့တွေကိုပါ ဆုံးရှုံးခဲ့ကြရပါတယ်။ ဒေသတွင်း ဈေးကွက်တွေ ရပ်တန့်သွားခဲ့တာကြောင့် ပုံမှန်အားဖြင့် အလွယ်တကူ လုပ်ဆောင်နိုင်တဲ့ကိစ္စဟာ အဟန့်အတားတစ်ခု ဖြစ်လာခဲ့ပါတယ်။ မိသားစုအတော်များများအတွက် မျိုးစေ့ရရှိနိုင်မှုဟာ ဒီအတိုင်း စောင့်ဆိုင်းမလား၊ ပြန်လည်စတင်မလား ဆုံးအဖြတ်ရမယ့် အရာ ဖြစ်ခဲ့ပါတယ်။နောက်ပိုင်းရက်သတ္တပတ်တွေမှာတော့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)လို ကုလသမဂ္ဂအေဂျင်စီတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အကူအညီတွေက ရပ်ရွာလူထုတွေဆီ ရောက်ရှိလာခဲ့ပြီး၊ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့အတွက် မျိုးစေ့တွေ၊ အခြေခံ သွင်းအားစုတွေနဲ့ လက်တွေ့ကျတဲ့ လမ်းညွှန်မှုတွေ ပံ့ပိုးပေးခဲ့တာကြောင့် တောင်သူအချို့ဟာ သူတို့ရဲ့ စိုက်ပျိုးခင်းတွေဆီ ပြန်သွားနိုင်ခဲ့ကြပါတယ်။ဒေါ်ချိုသန်းအတွက်လည်း စိုက်ပျိုးရေး ပြန်လည်လုပ်ကိုင်နိုင်ခဲ့ပါတယ်။သင်တန်းကနေ ရရှိလာတဲ့ နည်းပညာတွေကို အသုံးပြုပြီး သူမရဲ့ ကျန်ရှိနေတဲ့ စိုက်ပျိုးမြေပေါ်မှာ ဆောင်းသီးနှံအဖြစ် ပဲတီစိမ်းကို စိုက်ပျိုးခဲ့ပါတယ်။ ရလဒ်တွေဟာ အသင့်အတင့်ပဲ ဖြစ်ပေမဲ့ ပြန်လည်တည်ဆောက်ရေးစတင်ဖို့အတွက်တော့ လုံလောက်ခဲ့ပါတယ်။ နောက်ရာသီအတွက် မျိုးစေ့ချန်နိုင်ခဲ့သလို၊ မျိုးစေ့ကောင်းရဖို့ ခက်ခဲနေတဲ့ အခြားသူတွေကိုလည်း တစ်စိတ်တစ်ပိုင်း ပြန်လည်ရောင်းချပေးနိုင်ခဲ့ပါတယ်။“ကောင်းမွန်တဲ့ စိုက်ပျိုးရေး လက်တွေ့လုပ်ဆောင်မှု သင်တန်းနဲ့ မျိုးစေ့တွေက ကျွန်မကို အသစ်ကနေ ပြန်စနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။” လို့ သူမက ဆိုပါတယ်။ “အခုဆိုရင် နောက်ရာသီအတွက် မျိုးစေ့တွေ စုဆောင်းထားနိုင်သလို၊ တခြားသူတွေ လိုအပ်တဲ့အခါမှာတောင် ပြန်ရောင်းပေးနိုင်နေပါပြီ။”သင်တန်းက လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် အဓိကထားခဲ့တာပါ။ ငလျင်ကြောင့် ပြောင်းလဲသွားတဲ့ မြေဆီလွှာကို ဘယ်လိုစီမံမလဲ၊ ရေကို ဘယ်လိုခြွေတာမလဲနဲ့ ဒေသထွက်ပစ္စည်းတွေကို အသုံးပြုပြီး သွင်းအားစု စရိတ်ကို ဘယ်လိုလျှော့ချမလဲ ဆိုတာတွေ ဖြစ်ပါတယ်။ ငလျင်ဒဏ်နဲ့ နောက်ဆက်တွဲ ရေကြီးရေလျှံမှုဒဏ်တွေ ခံခဲ့ရတဲ့ အခြေအနေမှာ ပြန်လည်ထူထောင်ရေးဆိုတာ သွင်းအားစုတွေ ပြန်ရဖို့တင်မကဘဲ စိုက်ပျိုးပုံစနစ်တွေကို လိုက်လျောညီထွေပြောင်းလဲမှုအပေါ်မှာ မူတည်နေပါတယ်။ ဒီအားထုတ်ဆောင်ရွက်မှုတွေဟာ ဘေးဒဏ်သင့်ဒေသတွေက တောင်သူ အိမ်ထောင်စုပေါင်း ၉,၃၀၀ နဲ့အတူ ပူးပေါင်းပြီး ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ဒေသခံမိတ်ဖက်တွေအပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတွေ ပံ့ပိုးပေးနေတဲ့ ပိုမိုကျယ်ပြန့်တဲ့ ကူညီထောက်ပံ့မှုတွေရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ အလားတူ ကြိုးပမ်းမှုတွေကြောင့် တောင်သူမိသားစု ထောင်ပေါင်းများစွာဟာ စိုက်ပျိုးရေးလုပ်ငန်းတွေကို ပြန်လည်စတင်နိုင်ခဲ့ကြပါတယ်။ ဒါဟာ ဆုံးရှုံးခဲ့တာတွေကို အစားထိုးနိုင်တာမျိုး မဟုတ်ပေမဲ့ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုကို ပြန်လည်ရရှိစေခဲ့တာဖြစ်ပါတယ်။အသက်မွေးဝမ်းကျောင်းမှု ပုံစံအားလုံးကို နည်းလမ်းတစ်ခုတည်းနဲ့ ပြန်လည်ထူထောင်လို့ မရနိုင်ပါဘူး။ရှမ်းပြည်နယ်ရဲ့ အချို့ဒေသတွေမှာ Mercy Corps လို အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းကို တွဲဖက် လုပ်ကိုင်နေတဲ့ မိသားစုတွေရဲ့ စားဝတ်နေရေး ပြန်လည်ထူထောင်နိုင်ဖို့ အလေးထားဆောင်ရွက်နေပါတယ်။ အဲဒီဒေသမှာ ငလျင်ဒဏ်ကြောင့် စိုက်ပျိုးသီးနှံတွေ ပျက်စီးခဲ့ရုံသာမက နေ့စဉ်အသက်မွေးဝမ်းကျောင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ကိရိယာတွေလည်း ဆုံးရှုံးခဲ့ရပါတယ်။ ဥပမာအားဖြင့် ဦးကျော်စိုးဆိုရင် သူ့ရဲ့ စက်လှေအင်ဂျင် ပျက်စီးသွားတဲ့အတွက် ငါးဖမ်းဖို့၊ ကုန်ပစ္စည်းတွေ သယ်ယူဖို့နဲ့ ခရီးသွားလာဖို့အတွက်ပါ အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။အင်ဂျင်လဲပြီးတဲ့အခါမှာတော့ သူဟာ လုပ်ငန်းခွင်ထဲ ပုံမှန်ပြန်ဝင်နိုင်ခဲ့ပြီး နေ့စဉ်ဖမ်းမိတဲ့ ငါးပမာဏ တိုးလာသလို မိသားစုရဲ့ စားဝတ်နေရေး အကျပ်အတည်းကိုလည်း လျော့ပါးသက်သာစေခဲ့ပါတယ်။ “စက်လှေအင်ဂျင်က အရေးတကြီး လိုအပ်ခဲ့ပြီး အခုဆိုရင် တစ်မိသားစုလုံးအတွက် သိသိသာသာ ပြောင်းလဲသွားပါပြီ။” လို့ သူက ဆိုပါတယ်။သူ့လို မိသားစုတွေအတွက် ပြန်လည်ထူထောင်ရေးဆိုတာ စိုက်ပျိုးခဲ့သမျှတွေကိုသာမက အမျိုးမျိုးသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို တည်တံ့စေမယ့် နည်းလမ်းတွေကိုပါ ပြန်လည်ရရှိရေး ဖြစ်ပါတယ်။ အဲဒီ ကြိုးပမ်းဆောင်ရွက်မှုတွေအပြင် အသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက်လည်း အားဖြည့်ပေးခဲ့ပြီး၊ ပြည်သူတွေ စိုက်ပျိုးရေးကသာမက တခြားနည်းလမ်းမျိုးစုံကနေ ဝင်ငွေရလာအောင် ပံ့ပိုးပေးခဲ့ပါတယ်။ ဘေးဒဏ်သင့်ဒေသတွေမှာ လူပေါင်း ရာနဲ့ချီပြီး အဖွဲ့လိုက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်း တိုးတက်အောင် လုပ်နည်းသင်တန်းတွေနဲ့ နည်းပညာ၊ အတတ်ပညာ သင်တန်းတွေမှာ ပါဝင်ခဲ့ကြပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်အောင်လည်း မတည်ငွေတွေ ထောက်ပံ့ပေးခဲ့ပါတယ်။ UNDP က ကူညီပေးတဲ့ အစီအစဉ်တွေကနေတစ်ဆင့် အဖွဲ့လိုက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေမှာ လူပေါင်း ၇၀၀ ကျော်၊ စီးပွားရေး သင်တန်းတွေမှာ ၄၀၀ ကျော်ကို ကူညီနိုင်ခဲ့သလို၊ သက်မွေးသင်တန်းတွေနဲ့ လုပ်ငန်းတွေ ပြန်လည်နာလန်ထူလာအောင်လည်း ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ အကူအညီတွေပေးနေပေမဲ့ ပြန်လည်ထူထောင်ရေးက မချောမွေ့ခဲ့ပါဘူး။အချို့ဒေသတွေမှာ ငလျင်နဲ့ နောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေဖြစ်ပြီးနောက် စိုက်ပျိုးခင်းတွေဟာ သဲဖုံးလွှမ်းသွားတာမျိုး ဒါမှမဟုတ် ရေမျက်နှာပြင် အပြောင်းအလဲကြောင့် ပုံစံပျက်သွားတာမျိုးတွေ ဖြစ်ခဲ့ပါတယ်။ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်က ဦးသိန်းမင်းထက်ကတော့ သူ့ရဲ့ စပါးစိုက်ခင်းတွေ အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။“အခုဆို ဒီမြေမှာ မြေပဲကိုပဲ စိုက်လို့ရတော့မယ်လို့ ထင်ခဲ့တာ။” လို့ သူက ပြောပါတယ်။ “ဒါပေမဲ့ ကျွန်တော်တို့ရခဲ့တဲ့ အကူအညီတွေကြောင့် ပြန်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် မျှော်လင့်ချက်နဲ့ ရှေ့ဆက်ရမယ့် လမ်းစကို ပေးခဲ့တာပါပဲ။”သွင်းအားစုတွေထက် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့ ပိုမိုလိုအပ်ခဲ့ပါတယ်။ အခြေအနေသစ်အောက်မှာ ဘယ်လိုစိုက်ပျိုးရမလဲဆိုတာကို သင်ယူဖို့ ဖြစ်ပါတယ်။ တောင်သူအတော်များများအတွက် ပြန်လည်ထူထောင်ရေးဆိုတာ အရင်ကလို အထွက်နှုန်းမျိုး ပြန်ရဖို့ မဟုတ်တော့ဘဲ ပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့ ဖြစ်ပါတယ်။တိုးတက်မှုတွေရှိပေမယ့် ထိခိုက်လွယ်နေဆဲတိုးတက်မှုလက္ခဏာတွေရှိပါတယ်။တစ်ချိန်က ရပ်နားထားခဲ့ရတဲ့ စိုက်ပျိုးခင်းတွေမှာ ပြန်လည်စိုက်ပျိုးနေကြပါပြီ။ တောင်သူတွေဟာလည်း နည်းပါးပေမဲ့ အထွက်တိုးလာနေတဲ့ သီးနှံလေးတွေကို ဈေးကွက်ထဲ ပြန်လည်တင်ပို့နေကြပါပြီ။ အချို့ရပ်ရွာတွေမှာဆိုရင် အိမ်နီးချင်းများအချင်းချင်း မျိုးစေ့တွေ ဝေမျှပေးကြရင်း အခြားသူတွေ ပြန်လည် စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ကူညီနေကြပါတယ်။ဒါပေမဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေက သိမ်မွေ့ဆဲဖြစ်ပါတယ်။ နေအိမ်ရော ဝင်ငွေပါ ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေအတွက်တော့ တိုးတက်မှုက နှေးကွေးနေဆဲဖြစ်ပြီး အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေ၊ လက်ငင်းလိုအပ်ချက်နဲ့ ရေရှည်ရှင်သန်ရပ်တည်ရေးတို့အကြား ဟန်ချက်ညီဖို့လိုအပ်ချက်တွေရှိနေပါတယ်။လာမယ့်ကာလတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို သိသိသာသာ တိုးချဲ့လုပ်ဆောင်သွားဖို့ ရည်မှန်းထားပြီး၊ လုပ်အားခပေးတဲ့ စနစ်နဲ့ လူပေါင်း ၁ သိန်းခွဲ၊ အသက်မွေးဝမ်းကျောင်း အထောက်အပံ့တွေနဲ့ လူပေါင်း ၂ သိန်းခွဲအထိ ရောက်အောင် ကူညီပေးဖို့ လျာထားပါတယ်။ ဒီလို တိုးချဲ့လုပ်ဆောင်ရာမှာ UNDP မှ အဓိကအပိုင်းကနေ ပါဝင်ဖို့ ရည်မှန်းထားသလို အသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့ လေ့ကျင့်သင်ကြားရေး အခွင့်အလမ်းတွေကို ဦးတည် ပံ့ပိုးမှုတွေအပါအဝင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းများ ပြန်လည်ထူထောင်ရေးနဲ့ ငွေကြေးအရင်းအနှီး ရရှိနိုင်ဖို့တွေကိုလည်း ဆက်ပြီး ပံ့ပိုးကူညီပေးမှာ ဖြစ်ပါတယ်။အဲဒီ ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် မိသားစုအတော်များများ ဘဝကို အသစ်ကနေ ပြန်စနိုင်ခဲ့ကြပေမဲ့၊ အိမ်ထောင်စု အများအပြားကတော့ ပိုင်ဆိုင်မှု ပစ္စည်းအနည်းငယ်၊ လျော့နည်းသွားတဲ့ ဝင်ငွေနဲ့ ရိတ်သိမ်းချိန် အထွက်နှုန်း မသေချာမှု စတာတွေနဲ့အတူ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အဆက်မပြတ်စေဖို့နဲ့ တိုးချဲ့လုပ်ဆောင်နိုင်ဖို့အတွက် အားလုံးပူးပေါင်းပြီး အဆက်မပြတ် ကူညီပံ့ပိုးပေးသွားဖို့က အလွန် အရေးကြီးပါတယ်။ဒေါ်ချိုသန်းအတွက်တော့ သူမရဲ့ သီးနှံအထွက်နှုန်း တိုးတက်လာတာဟာ ဇာတ်လမ်းရဲ့ တစ်စိတ်တစ်ပိုင်းသာ ရှိပါသေးတယ်။ အိမ်ပြင်ဖို့အတွက် သူမပေါင်နှံခဲ့ရတဲ့ မြေကွက်ကိုတော့ အခုထိ ပြန်မရွေးနိုင်သေးပါဘူး။ပြန်လည်ထူထောင်ရေးဆိုတာ ဆုံးရှုံးသွားတာတွေကို မူလအတိုင်း ပြန်ရဖို့မဟုတ်ဘူးလို့ သူမက ဆိုပါတယ်။ဒါဟာ အရင်ကထက် နည်းပါးတဲ့ အရင်းအမြစ်တွေနဲ့ပဲ ရှေ့ဆက်လျှောက်လှမ်းနိုင်မယ့် နည်းလမ်းကို ရှာဖွေရခြင်းသာ ဖြစ်ပါတော့တယ်။ ဤဆောင်းပါးကို မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်ဒေသများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကူအညီများ၊ စိုက်ပျိုးရေးဆိုင်ရာ ရင်းမြစ်များ၊ ငွေကြေးထောက်ပံ့မှုများ၊ သင်တန်းများနှင့် အခြေခံလိုအပ်သော ဝန်ဆောင်မှုများအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးပေးနေသည့် ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများထံမှ ရရှိသော မြေပြင် အချက်အလက်များနှင့် လုပ်ငန်းစီမံချက်ဆိုင်ရာ အချက်အလက်များကို အခြေခံ၍ ပြုစုထားခြင်း ဖြစ်ပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၆ ခုနှစ် မေလ ၁၈ ရက်။
အရှေ့အလယ်ပိုင်းအကျပ်အတည်းကြောင့် မြန်မာ့စားနပ်ရိက္ခာအခက်အခဲ ပိုမိုဆိုးရွားလာ၊ အရေးပေါ်တုံ့ပြန်ရေးအတွက် ဥရောပသမဂ္ဂက ယူရို ၈ သန်း ကူညီ
ရန်ကုန်။ ။ ကမ္ဘာ့အရှေ့အလယ်ပိုင်းအကျပ်အတည်းကြောင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စားသောက်ကုန်နှင့် စက်သုံးဆီစျေးနှုန်းများ အဆမတန်မြင့်တက်လာရာ နေ့စဥ်ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေရသည့် သန်းနှင့်ချီသော မြန်မာပြည်သူပြည်သားများသည် စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေကြရသည်။ နိုင်ငံတစ်ဝန်း ပိုမိုဆိုးရွားလာသော စားနပ်ရိက္ခာအခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှတစ်ဆင့် ဥရောပသမဂ္ဂ (EU) က ယူရို ၈ သန်းကို အချိန်မီ ထောက်ပံ့ကူညီလိုက်ပါသည်။ ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီစျေးနှုန်းများ သုံးဆအထိ မြင့်တက်ခဲ့သည်။ ဆန်၊ ဆီ၊ ပဲနှင့် ဆားတို့ ပါဝင်သော အခြေခံစားသောက်ကုန်များ၏ စျေးနှုန်းသည်လည်း ဒေသအများအပြားတွင် သိသိသာသာ မြင့်တက်လာလျက်ရှိပြီး ပဋိပက္ခဖြစ်ပွားရာဒေသများတွင် စျေးနှုန်းမြင့်တက်မှုအမြင့်ဆုံးဖြစ်သည်ကို တွေ့ရှိရသည်။ ပျမ်းမျှအားဖြင့် အခြေခံစားသောက်ကုန်စျေးနှုန်းသည် တစ်နိုင်ငံလုံးအနှံ့ ၁၈ ရာခိုင်နှုန်း မြင့်တက်နေပြီး၊ မကွေးတိုင်းဒေသကြီးတွင် ၃၈ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်နေသည်။ ၎င်းနောက်တွင် ကရင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့၌ ၃၂ ရာခိုင်နှုန်းနှင့် ၃၁ ရာခိုင်နှုန်း အသီးသီးမြင့်တက်လျက်ရှိသည်။ ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခနှင့် ကမ္ဘာလုံးဆိုင်ရာ လောင်စာပြတ်လပ်မှုများ ပေါင်းစပ်လာခြင်းကြောင့် မြန်မာရပ်ရွာလူထု၏ ဘဝအခက်အခဲများ ပိုမိုဆိုးရွားလာနေခြင်းဖြစ်ပါသည်။ ယနေ့တွင် လူ ၄ ယောက်လျှင် ၁ ယောက်နှုန်းဖြင့် မြန်မာနိုင်ငံရှိ လူဦးရေ ၁၂ ဒဿမ ၄ သန်း သည် လတ်တလော ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရပြီး၊ လူဦးရေ ၃ ဒဿမ ၇ သန်းသည်လည်း ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည်။ ဝင်ငွေ၊ စုဆောင်းငွေ နှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့် မိသားစုများအတွက် ယခုကဲ့သို့ ကုန်စျေးနှုန်းမြင့်တက်မှုက အခြေခံစားသောက်ကုန်များကိုပင် ဝယ်ယူစားသောက်နိုင်ရန် လက်လှမ်းမမီနိုင်သော အခြေအနေသို့ တွန်းပို့လျက်ရှိသည်။“ကမ္ဘာလုံးဆိုင်ရာလောင်စာဈေးနှုန်းတွေ မြင့်တက်လာနေချိန်မှာ နဂိုတည်းက ရုန်းကန်နေကြရတဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေအနေနဲ့ အခြေခံလိုအပ်ချက်တွေကိုတောင် လက်လှမ်းမီနိုင်ဖို့ ပို ပိုပြီး ခက်ခဲလာပါတယ်” ဟု မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်များကို ကြီးကြပ်နေသူ Ms. Jessica Chaix က ပြောကြားသည်။ “EU အနေနဲ့ အရေးပါလှတဲ့ စားနပ်ရိက္ခာနှင့် အာဟာရထောက်ပံ့မှုတွေကို ဆက်လက်ထောက်ပံ့ပေးသွားဖို့ ကတိပြုထားပြီး၊ အခုလို ခက်ခဲတဲ့ကာလအတွင်းမှာ အလိုအပ်ဆုံးသူတွေဆီ အကူအညီတွေ ဆက်ပြီးရောက်ရှိနိုင်ဖို့ ပံ့ပိုးကူညီနေပါတယ်” ဟု ဆိုသည်။အဆိုပါ အကျပ်အတည်းသည် လာမည့် မိုးသီးနှံ စိုက်ပျိုးရာသီကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။ မြေဩဇာစျေးနှုန်းများမြင့်တက်နေခြင်းနှင့် ရရှိနိုင်မှုအကန့်အသတ်ရှိခြင်းတို့ကြောင့် မြန်မာတောင်သူများသည် မြေဩဇာအသုံးပြုမှုကို လျှော့ချနေကြသည်။ မြေဩဇာအသုံးပြုမှု ၅၀ ရာခိုင်နှုန်း လျော့နည်းပါက နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပြီး၊ အကျိုးဆက်အနေဖြင့် ကုန်ဈေးနှုန်းများကို ထပ်မံမြင့်တက်စေကာ ၂၀၂၇ ခုနှစ်အထိ နိုင်ငံ၏ စားနပ်ရိက္ခာအကျပ်အတည်းကို ပိုမိုဆိုးရွားစေနိုင်သည်။“မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအခြေအနေတွေဟာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေလို ပြည်တွင်းအကြောင်းရင်းတွေပေါ်မှာပဲ အခြေခံနေတာ မဟုတ်တော့ပါဘူး။ အခုဆိုရင် ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်ချက်တွေဟာ လည်း စျေးဆိုင်တွေ၊ လယ်ယာစိုက်ခင်းတွေနဲ့ မိသားစုတွေဆီကိုပါ တိုက်ရိုက် သက်ရောက်လာနေပြီဖြစ်ပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောကြားသည်။ “အခုလို EU ရဲ့ ပံ့ပိုးမှုကြောင့် ကျွန်တော်တို့ဟာ အချိန်မီ အကူအညီတွေပေးအပ်နိုင်မှာဖြစ်ပြီး၊ အရာရာဆုံးရှုံးထားရတဲ့ မိသားစုတွေအနေနဲ့ နလန်ပြန်မထူနိုင်တော့တဲ့ အခြေအနေအထိ တွန်းပို့မခံရစေအောင် ကာကွယ်ပေးနိုင်မှာပါ” ဟု ၎င်းက ဆိုသည်။EU လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်ပုံငွေဖြင့် WFP သည် ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ စီးပွားရေးအခက်အခဲနှင့် ပိုမိုဆိုးရွားလာသော စားနပ်ရိက္ခာအခက်အခဲတို့ကြောင့် ထိခိုက်ခံစားနေရသော မိသားစုများကို အရေးပေါ် စားနပ်ရိက္ခာအကူအညီများ ပေးအပ်မည်ဖြစ်သည်။ ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များအတွက် အထူးအာဟာရအထောက်အပံ့များလည်း ပေးအပ်သွားမည်ဖြစ်ပြီး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းမှုများကိုလည်း မြှင့်တင်နိုင်မည်ဖြစ်ပါသည်။EU နှင့် WFP တို့သည် မြန်မာနိုင်ငံအတွင်း ဆာလောင်မွတ်သိပ်မှု ကင်းဝေးစေရေးအတွက် ခိုင်မာသောမိတ်ဖက်များအဖြစ် ဆက်လက်တည်ရှိနေပြီး၊ နေ့စဉ်ရှင်သန်ရပ်တည်ဖို့အတွက် စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံ့များကို မှီခိုအားထားနေရသည့် သန်းပေါင်းများစွာသော ပြည်သူများအား ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုထားပါသည်။ဓာတ်ပုံများကို ဤလင့်ခ်တွင် ရယူပါ။ # # #EU Civil Protection and Humanitarian Aid အကြောင်းဥရောပသမဂ္ဂနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုပေးအပ်နေသည့် ကမ္ဘာ့ဦးဆောင်အလှူရှင်နိုင်ငံများဖြစ်ပါသည်။ ကယ်ဆယ်ရေးအကူအညီများကိုပေးအပ်ခြင်းသည် ဥရောပသမဂ္ဂအနေဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ အကူအညီလိုအပ်နေသူများနှင့် တစ်သားတည်းရပ်တည်ကြောင်း ဖော်ပြသည့် စည်းလုံးညီညွတ်မှု ပြယုဂ်တစ်ခုပင်ဖြစ်သည်။ ၎င်းအကူအညီသည် လူ့အသက်များကို ကယ်တင်ရန်၊ လူသားများ ဆင်းရဲဒုက္ခခံစားရခြင်းမှ တားဆီးကာကွယ်ရန်နှင့် သက်သာရာရစေရန်၊ဘေးအန္တရာယ်များနှင့် အကြပ်အတည်းများကြောင့် ထိခိုက်ခံစားရသူများ၏ ဂုဏ်သိက္ခာကိုကာကွယ်ရန် ရည်ရွယ်ပါသည်။ ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဌာနမှတစ်ဆင့် နှစ်စဉ်နှစ်တိုင်း ပဋိပက္ခနှင့် ဘေးအန္တရာယ်များကြောင့်ထိခိုက်ခဲ့ရသည့် သန်းနှင့်ချီသော အကူအညီလိုအပ်နေသူများကိုကူညီပံ့ပိုးပေးလျက်ရှိပါသည်။ ဥရောပသမဂ္ဂ ၏ ရုံးချုပ်သည် Brussels တွင်တည်ရှိပြီး ကမ္ဘာအရပ်ရပ်ရှိ ရုံးခွဲများမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များအပေါ် အခြေခံ၍ အထိခိုက်လွယ်ဆုံးသောသူများကို အကူအညီများပေးအပ်လျက်ရှိပါသည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြောင်းကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။ WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက်။
မြန်မာ့ငလျင်ကြီးတစ်နှစ်အကြာ ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်မှုများကြောင့် ငလျင်ဘေးသင့်ပြည်သူများ ဝမ်းရေးဒုက္ခနှင့် ထပ်မံရင်ဆိုင်နေရ
WFP ၏ နောက်ဆုံးရ လေ့လာသုံးသပ်ချက်များအရ ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်နိုင်မှုအခြေအနေသည် အလွန်အားနည်းနေသေးကြောင်း တွေ့ရှိရသည်။ ငလျင်ဒဏ်သင့်ခဲ့သည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အိမ်ထောင်စု ၆ စုလျှင် ၁ စုသည် စားနပ်ရိက္ခာမဖူလုံမှုဒဏ်ကို အလယ်အလတ်အဆင့်မှ ပြင်းထန်အဆင့်ထိ ခံစားနေကြရဆဲဖြစ်ပါသည်။ အိမ်ထောင်စုအားလုံး၏ ထက်ဝက်ခန့်မှာလည်း စားနပ်ရိက္ခာဖူလုံရုံမျှသာဖြစ်သည့် တစ်နေ့စာ တစ်နေ့လောက်ငှရုံသာ အခြေအနေတွင်ရှိနေသည့်အတွက် အနည်းငယ်မျှသော ထပ်ဆင့်ရိုက်ခတ်မှုမျိုးကိုပင် တောင့်ခံနိုင်စွမ်း မရှိကြပေ။ ၎င်းထပ်ဆင့်ရိုက်ခတ်မှုဒဏ်ကို ယခုစတင်ခံစားနေရပြီ ဖြစ်ပါသည်။"ငလျင်ဘေးကနေ အခုမှပြန်ပြီး အားယူရုန်းထနေရတဲ့ ပြည်သူတွေဟာ နောက်ထပ်ထိုးနှက်ချက်တစ်ခုကြောင့် ပြန်ပြီး အလဲထိုးခံလိုက်ရသလိုဖြစ်နေပါတယ်" ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောကြားသည်။ "အခုလို ကမ္ဘာ့အရေးအခင်းအသစ်တွေရဲ့ ဂယက်က မြန်မာနိုင်ငံအတွက် အဆိုးရွားဆုံးအချိန်မှာမှ လာပြီးရိုက်ခတ်လိုက်တာဖြစ်ပါတယ်။" ဟု Mr. Dunford က ပြောသည်။လက်ရှိတွင် ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ အနှောင့်အယှက်ဖြစ်ကာ မြန်မာနိုင်ငံအနှံ့ စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်း မြင့်တက်လာခြင်းသည် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးကုန်စည်များ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကို မြင့်တက်စေပြီး၊ ၎င်းသည် အခြေခံစားနပ်ရိက္ခာကိုပင် မနည်းဖြေရှင်းနေရသည့် မိသားစုများအပေါ် ထပ်ဆင့်ဝန်ပိစေပါသည်။ယခုအကျပ်အတည်းသည် မိုးသီးနှံစိုက်ပျိုးရန် ပြင်ဆင်နေသည့် မြန်မာနိုင်ငံမှ တောင်သူလယ်သမားများကိုလည်း ရိုက်ခတ်လျက်ရှိသည်။ လာမည့်သုံးလအချိန်အတွင်း မြေသြဇာလိုအပ်ချက် မြင့်တက်လာမည်ဖြစ်ရာ၊ စက်သုံးဆီပြတ်လပ်မှုနှင့် သွင်းအားစုကုန်စျေးနှုန်း မြင့်မားလာခြင်းကြောင့် စိုက်ပျိုးစရိတ်မှာ ယမန်နှစ်ကထက် နှစ်ဆအထိ မြင့်တက်သွားမည့် အန္တရာယ်ရှိနေပါသည်။ဤသို့သော ထပ်ဆင့်ရိုက်ခတ်မှုများသည် ပဋိပက္ခနှင့် ငလျင်ဘေးဒဏ်သင့်ဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် အဆိုးရွားဆုံး ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်။ ၎င်းသည် လူဦးရေ ၁၂.၄ သန်း (သို့မဟုတ် နိုင်ငံလူဦးရေ၏ လေးပုံတစ်ပုံခန့်) လတ်တလော ဝမ်းရေးဒုက္ခကို ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာမလုံခြုံမှု အခြေအနေကို ပိုမိုဆိုးရွားစေမည် ဖြစ်ပါသည်။လွန်ခဲ့သည့် တစ်နှစ်တာကာလအတွင်း WFP သည် ငလျင်ဘေးသင့်ပြည်သူ ငါးသိန်းထံသို့ အရေးပေါ်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အထောက်အပံ့များ ပေးအပ်နိုင်ခဲ့ပါသည်။ ယခုအခါ WFP သည် အရေးပေါ်ကူညီကယ်ဆယ်ရေးအဆင့်မှသည် ရေရှည်တည်ငြိမ်မှုကို ဖော်ဆောင်ပေးနိုင်မည့် ရပ်ရွာလူထုပိုင် အခြေခံအဆောက်အဦများ ပြန်လည်တည်ဆောက်ပေးသည့် အဆင့်သို့ ကူးပြောင်းဆောင်ရွက်နေပြီဖြစ်ပါသည်။WFP အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ လူဦးရေ ၁.၅ သန်းကို အသက်ကယ်ဆယ်ရေး အကူအညီများနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အထောက်အပံ့များပေးရန် အမေရိကန်ဒေါ်လာ ၁၅၀ သန်း ရန်ပုံငွေ လိုအပ်လျက်ရှိပါသည်။ လုံလောက်သော ရန်ပုံငွေမရရှိပါက WFP အနေဖြင့် အရေးပေါ် အသက်ကယ်ဆယ်ရေးလုပ်ငန်းများကိုသာ ဦးစားပေးလုပ်ဆောင်ရတော့မည်ဖြစ်ပြီး၊ ငလျင်ဘေးသင့်ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးနှင့် အကူအညီအပေါ် ရေရှည်မှီခိုနေရမှုကို လျော့ပါးစေမည့်လုပ်ငန်းများကို လျှော့ချရဖွယ် ရှိနေသည်။"မြန်မာပြည်သူတွေဟာ ပဋိပက္ခ၊ ရာသီဥတုဘေးအန္တရာယ်၊ အင်အားပြင်းငလျင်ကြီးနဲ့ အခု ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီအကျပ်အတည်း စတဲ့ ရိုက်ခတ်မှုတွေကို တစ်ခုပြီးတစ်ခု ကြံ့ကြံ့ခံကျော်ဖြတ်နေကြရတာ ဖြစ်ပါတယ်" ဟု Mr. Dunford က သတိပေးပြောကြားသည်။ "ကျွန်တော်တို့ သူတို့နဲ့အတူ အခုရပ်တည်ပေးကြရပါမယ်။ ငလျင်ဘေးအပြီး တစ်နှစ်အကြာမှာ သူတို့တွေ နောက်ထပ်တစ်ကြိမ် ပြန်ပြီးလဲပြိုမသွားစေဖို့ လိုအပ်ပါတယ်" ဟု Mr. Dunford က ပြောသည်။သတင်းဓာတ်ပုံများကို ဤနေရာတွင် ရယူနိုင်ပါသည်။ # # #ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။ WFP ကို Facebook တွင် www.facebook.com/WFPinMyanmar မှလည်းကောင်းX (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၆ ခုနှစ် မတ်လ ၀၆ ရက်။
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ — မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေး များ အားလုံး အတွက် အခွင့်အရေး၊ တရားမျှတမှုနှင့် လက်တွေ့ကြိုးပမ်းဆောင်ရွက်မှု
မြန်မာနိုင်ငံတစ်ဝန်းတွင် ပဋိပက္ခများ ပိုမို ပြင်းထန်လာပြီး နေရပ်စွန့်ခွါတိမ်းရှောင်ရသူများ တိုးပွားလာလျက် ရှိကာ အခြေခံလိုအပ်သည့် စနစ်များ ပြိုလဲနေသည့်အခြေအနေတွင် အမျိုးသမီးများအား မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများ၏ ရှင်သန်ရပ်တည်ရေး အတွက် ဦးဆောင်မှုနှင့် တာဝန်ယူမှု အခန်းကဏ္ဍများသို့ တွန်းပို့ခံရခြင်းများ ပိုမိုများပြားလာနေပါသည်။ အမျိုးသမီးများသည် ထူးခြားသည့် သန်မာမှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းကို ပြသနေကြသော်လည်း ယင်းသို့ ကြံ့ကြံ့ခံနိုင်စွမ်းရှိကြောင်းပြနိုင်ခြင်းသည် အမျိုးသမီးများအတွက် ကာကွယ်စောင့်ရှောက်မှု၊ တရားမျှတမှုနှင့် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ခွင့် ရှိနေသည်ဟု အဓိပ္ပါယ်ကောက်ယူ၍ မရနိုင်ပါ။ကျန်းမာရေး ဝန်ဆောင်မှုများ ပျက်ယွင်းသွားသည့်အခါ အမျိုးသမီးများသည် အထောက်အပံ့တစ်စုံတစ်ရာ မရရှိသည့် ပြုစုစောင့်ရှောက်သူများ ဖြစ်လာကြပါသည်။ ကျောင်းများ ပိတ်သွား၍သော်လည်းကောင်း၊ မိသားစုများမှ ပညာသင်စရိတ် ပံ့ပိုးပေးရန် မတတ်နိုင်တော့၍သော်လည်းကောင်း ပညာသင်ယူခွင့် ဆုံးရှုံးကြရသူ အများစုမှာ မိန်းကလေးများသာ ဖြစ်လေ့ရှိကြသဖြင့် မိခင်များမှာလည်း အဆိုပါ မိန်းကလေးများအား ပြုစုစောင့်ရှောက်ရသည့် တာဝန်များကို ထပ်ဆင့် ထမ်းဆောင်နေကြရပြန်ပါသည်။ စားနပ်ရိက္ခာ ရှားပါးလာသည့် အခါတွင် အမျိုးသမီးများသည် အခြားသူများအား ကျွေးမွေးနိုင်ရန်အတွက် မိမိတို့စားသုံးသည့် ပမာဏကို လျှော့ချစားသုံးလေ့ ရှိကြပါသည်။ အမျိုးသားများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ စစ်မှုထမ်းရန် အတင်းအဓမ္မ ခေါ်ဆောင်ခံရခြင်း သို့မဟုတ် နေအိမ်သို့ပြန်မလာနိုင်ခြင်းတို့ကြုံတွေ့ရ သည့် အခါ အမျိုးသမီးများအနေဖြင့် ကလေးငယ်များ၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်၊ မိသားစုဘဝကို ဆက်လက် ထိန်းသိမ်းထားရန်နှင့် ဝင်ငွေရှာဖွေရန် စသည့် တာဝန်များအား ယူထားကြရပြီး တပြိုင်နက်တည်းမှာပင် ပြိုကွဲပျက်စီးမှုများကြားမှ ပြန်လည် ရုန်းထနိုင်ရန် ကြိုးပမ်းတည်ဆောက်နေကြရ ပါသည်။အမျိုးသမီးများနှင့် မိန်းကလေးများအနေဖြင့် မိမိတို့နေအိမ်များအတွင်းတွင်၊ နေရပ်စွန့်ခွါ တိမ်းရှောင်ရသည့် နေရာများတွင်၊ စားနပ်ရိက္ခာ၊ ရေနှင့် မီးဖိုချောင်သုံး လောင်စာများ စုဆောင်းရန်ကဲ့သို့ နေ့စဉ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကြမ်းဖက်မှုခံရနိုင်ခြေ အန္တရာယ်များ မြင့်တက် လာလျက်ရှိသည့်အပြင် ဘေးကင်း လုံခြုံမှုမရှိခြင်းနှင့် မိုင်း (သို့) ဗုံး ပေါက်ကွဲမှု ကြုံရနိုင်ခြေ ရှိခြင်းကြောင့် ထပ်ဆင့်အန္တရာယ်များ ပိုမို များပြားစေ လျက်ရှိနေပါသည်။ လူမျိုး၊ မသန်စွမ်းမှု၊ အသက် (သို့) အခြား ကိုယ်ပိုင်ဖြစ်တည်မှု များကြောင့် မူလကတည်းက လူမှုအသိုင်းအဝိုင်းများအတွင်း ဖယ်ကျဉ်ခံထားရသည့် အမျိုးသမီးများအနေဖြင့် အဆိုပါဖိအားများကို ပိုမို ပြင်းထန်ဆိုးရွားစွာ ခံစားကြရပါသည်။ မိသားစုနှင့် လူမှုအသိုင်းအဝိုင်း၏ အထောက်အပံ့များမှ ကင်းကွာလျက် နေရပ်စွန့်ခွါတိမ်းရှောင်နေရသည့် အမျိုးသမီးများအတွက် ကလေးပြုစုစောင့်ရှောက်ရေး၊ အသက်မွေး ဝမ်းကြောင်းနှင့် လုံခြုံရေးဆိုင်ရာ အခက်အခဲများမှာလည်း ပိုမိုကြီးမားလာပါသည်။ ယင်းမှာ အမျိုးသမီးများ၏ သတ္တိ နှင့် ကြံ့ကြံ့ခံနိုင်စွမ်းရည် ဖြစ်ပါသည်။ သို့သော်လည်း ၎င်းတို့အတွက် တရားမျှတမှု မဟုတ်ပါ။ပဋိပက္ခ၊ နေရပ်စွန့်ခွါ တိမ်းရှောင်ရခြင်း၊ စီးပွားရေးမဖူလုံခြင်းနှင့် အကြမ်းဖက်မှုများကြောင့် ဖြစ်ပေါ်လာသော စုပေါင်း ဖိအားများသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးစလုံးကို ထိခိုက်စေပါသည်။ အမျိုးသမီး များနှင့် မိန်းကလေးများသည် အများအားဖြင့် စိတ်ကျန်းမာရေးနှင့် စိတ်လူမှု ပံ့ပိုးမှုများအား လက်လှမ်းမှီ ရရှိခြင်း အလျဉ်းမရှိဘဲ မမြင်သာသည့် စိတ်ဒဏ်ရာများ၊ ပူဆွေးသောကများနှင့် ရေရှည်စိတ်ဖိစီးမှုများကို ထမ်းပိုးနေကြရပါသည်။အမျိုးသမီးများ အားကိုးအားထားပြုနေရသည့် ကူညီပံ့ပိုးမှုစနစ်များမှာလည်း တစ်နှစ်ထက်တစ်နှစ် ပို၍ ပို၍ ကျဉ်းမြောင်းလာနေပါသည်။ ထိုသက်ရောက်မှုများသည် စိတ်ကူးထင်မြင်ချက်သက်သက်မျှ မဟုတ်ဘဲ အကြမ်းဖက်ခံရပြီး ကြိုးပမ်းရှင်သန်နေရသူများအတွက် ခိုလှုံရာနေရာများနှင့် ကျွမ်းကျင် သားဖွားဆရာမများ နည်းပါးလာခြင်း၊ ပြုစုကုသမှုမရသည့် ကျန်းမာရေးပြဿနာများ များပြားလာခြင်း၊ လူကုန်ကူးခြင်း နှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုများ မြင့်တက်လာခြင်းနှင့် မိန်းကလေးများ ကျောင်းပညာသင်နိုင်သည့် အခွင့်အလမ်းများ နည်းပါးလာခြင်းတို့ကို လက်တွေ့ ကြုံတွေ့ခံစားနေကြရခြင်း ဖြစ်ပါသည်။ မိသားစုများ အနေဖြင့် အခြားရွေးချယ်စရာမရှိသည့် အနေအထားတွင် ခက်ခဲသည့်ဆုံးဖြတ်ချက်များကို မဖြစ်မနေ ချမှတ်ရသည့်အခြေအနေသို့ တွန်းပို့ခံနေကြရပြီး ထိုအကျိုးဆက်များကို ခံစားနေကြသူ အများစုမှာ အမျိုးသမီး များနှင့် မိန်းကလေးများသာ ဖြစ်ကြပါသည်။ နှစ်ရှည်လများ ခွဲခြားဆက်ဆံခံနေရသူများ အပါအဝင် တိုင်းရင်းသား လူမျိုးစုပေါင်းစုံမှ အမျိုးသမီးများမှာ အဆိုပါ ဘေးဒုက္ခအန္တရာယ်များအား မတူညီသည့်ပုံစံ အမျိုးမျိုးဖြင့် ရင်ဆိုင်နေကြရပြီး မကြာခဏဆိုသလို ပိုမိုပြင်းထန်ဆိုးရွားသည့် ပုံစံများဖြင့်လည်း ထိခိုက်ခံစားနေကြရပါသည်။ ထိုသို့သော ဖိအားများ ပိုမို များပြားလာလျက်ရှိနေသော်လည်း မြန်မာနိုင်ငံတစ်ဝန်းရှိ အမျိုးသမီးများသည် ဤအကြပ်အတည်းများအကြားမှ ဦးဆောင်နေကြဆဲ ဖြစ်ပါသည်။ တစ်စထက်တစ်စ ပိုမို ကျဉ်းမြောင်း လာနေသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုလုပ်ကိုင်နိုင်သည့် ရပ်ဝန်း (Civic space) ၊ ပိုမိုများပြားလာသည့် ဖိအားများ၊ ထိန်းချုပ် စောင့်ကြည့်စစ်ဆေးမှုများနှင့် ဆိုးရွားသည့် ငွေကြေးဆိုင်ရာ အကန့်အသတ်များ ရှိနေသော်လည်း လက်လှမ်းမီ ရောက်ရှိရန်ကန့်သတ်ချက်များရှိနေသည့် ဒေသများတွင် အမျိုးသမီးများ ဦးဆောင် သည့် အဖွဲ့အစည်းများနှင့် ရပ်ရွာလူထု အခြေပြု အဖွဲ့အစည်းများသည် ကာကွယ်စောင့်ရှောက်မှု၊ စားနပ်ရိက္ခာ၊ ညွှန်းပို့မှုများ နှင့် ပြုစုစောင့်ရှောက်မှုများပေးအပ်နေဆဲ ဖြစ်ပါသည်။ သာမာန်ထက်လွန်ကဲသည့် အတားအဆီးများရှိနေသော်လည်း၊ အမျိုးသမီးများသည် ယေဘုယျအားဖြင့် ၎င်းတို့အတွက် ရရှိနိုင်သည့် ကျဉ်းမြောင်းလာလျက်ရှိသော နိုင်ငံရေးရပ်ဝန်းအတွင်းမှပင် မိမိတို့၏ အခွင့်အရေးများ၊ ဦးစားပေး ဆောင်ရွက်ရမည့် တာဝန်များနှင့် မိမိတို့လူမှု အသိုင်းအဝိုင်း အတွက် ဆက်လက်တက်ကြွစွာ ရပ်တည်လျက် ထောက်ခံ အားပေး နေကြပါသည်။ ဤမဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုသည် အလွန့် အလွန် ထူးခြားသော်လည်း၊ ကြံ့ကြံ့ခံနိုင်စွမ်း ရှိခြင်းသည် တရားမျှတမှုမဟုတ်ပါ။ကျား-မအခြေပြုအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ပေးခြင်းအား အသက်ကယ်ဆယ်ရေး အထောက်အကူ အဖြစ် အသိအမှတ်ပြုရမည်ဖြစ်ပြီး လိင်မှုနှင့် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုများ၊ ကိုယ်ဝန်ဆောင် ကျန်းမာရေး စောင့်ရှောက်မှု၊ အကြမ်းဖက်မှုမှလွတ်မြောက်ပြီး ကြိုးပမ်းရှင်သန်နေရသူများ ဗဟိုပြု ဝန်ဆောင်မှုများနှင့် အမျိုးသမီးများနှင့် မိန်းကလေးများအတွက် ဘေးကင်းလုံခြုံရာနေရာများ ရရှိစေရေး အတွက် လုံလောက်သည့် ရန်ပုံငွေ စဉ်ဆက်မပြတ်ပံ့ပိုးပေးခြင်း အပါအဝင် အကောင်အထည် ဖော် ဆောင်ရွက်ခြင်း လုပ်ဆောင်ရမည် ဖြစ်ပါသည်။ များပြားလာနေသည့် အန္တရာယ်များကြားတွင် တဖြည်းဖြည်း လျော့နည်းလာနေသည့် ရင်းမြစ်များဖြင့်သာ အကောင်အထည်ဖော်ဆောင်ရွက်နေရသည့် အမျိုးသမီး ဦးဆောင်သည့် အဖွဲ့အစည်းများနှင့် ရပ်ရွာလူထု အခြေပြုအဖွဲ့အစည်းများ အနေဖြင့် လူမှုအသိုင်းအဝိုင်းများကို တစ်စုတစ်စည်းတည်း စည်းရုံးထားနိုင်ရမည်ဟု တာဝန်ခံခိုင်းရန် မသင့်လျော်ပါ။ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် မြန်မာနိုင်ငံ၏ အနာဂတ်နှင့် ပတ်သက်သော ဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချနိုင်ခွင့် များအား အမျိုးသားများနှင့် လက်နက်ကိုင်တပ်ဖွဲ့များအတွက် သီးသန့်လုပ်ပိုင်ခွင့်အဖြစ် သတ်မှတ်ပေးအပ်ခြင်း မပြုသင့်ပါ။ အရေးပေါ် လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် နှင့် ဤ အကြပ်အတည်းကို ဖြစ်စေပေါ်သော ဖွဲ့စည်းပုံဆိုင်ရာ မညီမျှမှုများကို ဖြေရှင်းရန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာ ကြိုးပမ်း အားထုတ်မှုများတွင် အခကြေးငွေမရသည့် ပြုစုစောင့်ရှောက်မှု၊ စီးပွားရေး နှင့် ပညာရေး ဆိုင်ရာ မညီမျှမှုများ၊ အမျိုးသမီးများ ဦးဆောင်မှု နှင့် အဓိပ္ပါယ်ပြည့်ဝသည့် ပါဝင်ဆောင်ရွက်ခြင်းတို့နှင့် သက်ဆိုင်သည့် အတားအဆီး များအား အသိအမှတ်ပြုသော ကျား-မအလေးထား တုံ့ပြန်ဆောင်ရွက်သည့် ချဉ်းကပ် နည်းလမ်းများနှင့် ပြောင်းလဲတိုးတက်စေ သည့် ချဉ်းကပ်နည်းလမ်းများအား ချမှတ် အကောင် အထည် ဖော်ရမည် ဖြစ်ပါသည်။ လက်လှမ်းမီရရှိမှုဆိုင်ရာ ကန့်သတ်ချက်များကြောင့် ကိန်းဂဏန်း အချက်အလက် များတွင် အမျိုးသမီးများနှင့် သက်ဆိုင်သည့် အချက်အလက်များ မတွေ့ရခြင်း (သို့) ဆုံးဖြတ်ချက် ချမှတ်ခြင်း လုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်မှုအား မမြင်တွေ့ရခြင်းမျိုး မဖြစ်စေသင့်ပါ။ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တို့အား ဖော်ဆောင်သည့် မည်သည့်လမ်းကြောင်းတွင်မဆို အမျိုးသမီး များ နှင့် မိန်းကလေး များ၏ ဦးဆောင်မှု နှင့် ပါဝင်မှုအား အမည်ခံသက်သက်မျှ မဟုတ်ဘဲ ရေရှည် တည်တံ့သည့် ဖြေရှင်းနည်းလမ်း များအတွက် ကြိုတင်လမ်းခင်းပေးသည့် အခြေအနေများအဖြစ် အရေးပါသည့် နေရာတွင် အလေးအနက်ထား ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။အခွင့်အရေးများကို စောင့်ဆိုင်းနေ၍ မရပါ။ တရားမျှတမှုကို ရွှေ့ဆိုင်းထား၍ မရပါ။ အရေးယူလှုပ်ရှား ဆောင်ရွက်မှုများကို နှောင့်နှေးစေ၍ မရပါ။ ဤအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခါသမယတွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးများ၏ သတ္တိနှင့် ဦးဆောင်မှုသည် ကာကွယ် စောင့်ရှောက်မှု၊ တာဝန်ယူမှု၊ ထိရောက်သည့် ပါဝင်ဆောင်ရွက်မှု နှင့် အညီ ဖြစ်စေသင့်ပြီး ၎င်းတို့၏ အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ပေးရန် စဉ်ဆက်မပြတ် ကူညီပံ့ပိုးပေးရန် လိုအပ်ပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်။
၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ၌ နေရပ်စွန့်ခွာတိမ်းရှောင်မှုများ မြင့်တက်လာနိုင်ပြီး လက်မခံနိုင်လောက်အောင် ဆိုးရွားသည့် ဝမ်းရေးဒုက္ခအခြေအနေများနှင့် ရင်ဆိုင်ရနိုင်ကြောင်း WFP သတိပေး
ရန်ကုန်၊ မြန်မာ - ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူဦးရေ ၁၂ သန်းကျော်သည် လတ်တလော ဆာလောင်မွတ်သိပ်မှုကို ကြုံတွေ့ခံစားရနိုင်ပြီး၊ လူဦးရေ ၁ သန်းခန့်မှာ အသက်ကယ်ဆယ်ရေးအကူအညီများလိုအပ်မည့် ဆာလောင်မွတ်သိပ်မှုအရေးပေါ်အဆင့်သို့ ရောက်ရှိသွားနိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယနေ့ သတိပေးလိုက်သည်။ ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းနှင့် နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်းတို့က လက်ရှိ ရန်ပုံငွေမလုံလောက်မှု ကြုံတွေ့နေရသည့် မြန်မာ့ဝမ်းရေးဒုက္ခအကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေနိုင်သည့် အခြေအနေတွင် ရှိနေသည်။မြန်မာပြည်သူပြည်သားများသည် လက်ရှိအချိန်၌ပင် ဆိုးရွားလှသည့် ဝမ်းရေးဒုက္ခကို ရင်ဆိုင်နေကြရပြီး မိခင်များမှာ ကျန်းမာရေးအတွက် လုံလောက်သည့် အစားအစာများကို ဝယ်ယူစားသုံးနိုင်ခြင်း မရှိကြသကဲ့သို့ ကလေးငယ် ထောင်ပေါင်းများစွာသည်လည်း အာဟာရချို့တဲ့မှုကို ခံစားနေရသည်။ ကလေးငယ်များနှင့် မိခင် ၄ သိန်းကျော်သည် လတ်တလောအာဟာရချို့တဲ့မှုကို ခံစားနေကြရပြီး၊ အာဟာရတန်ဖိုး နည်းပါးလှသည့် ထမင်းဖြူသက်သက် သို့မဟုတ် ဆန်ပြုတ်ကျဲကျဲကိုသာ အားပြုမှီဝဲနေကြရသည်။"ပဋိပက္ခတွေနဲ့ ဆင်းရဲမွဲတေမှုဒဏ်တွေ ပေါင်းစုံပြီး ပြည်သူလူထုရဲ့ အခြေခံအသက်ရှင်ရပ်တည်နိုင်စွမ်းကို တိုက်စား ဖျက်ဆီးနေတဲ့အခြေအနေပါ။ ဒါပေမယ့် နိုင်ငံတကာကတော့ ဒီအပေါ်မှာ အာရုံစိုက်မှု နည်းပါးနေပါတယ်" ဟု WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောကြားသည်။ "ဒါဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ဆာလောင်မွတ်သိပ်မှု အကျပ်အတည်းတွေထဲက တစ်ခုဖြစ်ပြီး၊ ရန်ပုံငွေရရှိမှု အနည်းပါးဆုံး အကျပ်အတည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလောက်ဆိုးရွားတဲ့ ဒုက္ခဆင်းရဲကြုံတွေ့နေရတာတွေဟာ ကမ္ဘာ့အလယ်မှာ လူမသိသူမသိ မဖြစ်သင့်ပါဘူး။ လိုအပ်ချက်ပမာဏက ကျွန်တော်တို့ ဖြည့်ဆည်းပေးနိုင်စွမ်းထက် အများကြီး ပိုများနေပါတယ်" ဟု ၎င်းက ဆိုသည်။ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ နောက်ဆုံးထုတ်ပြန်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှု လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဥ်အရ ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေသည် လက်ရှိ ၃ ဒဿမ ၆ သန်းမှသည် လာမည့်နှစ်တွင် ၄ သန်းအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ ဤသို့ တိုးမြင့်လာမှုကြောင့် လက်ရှိတွင် အနိုင်နိုင် ရုန်းကန်နေရသည့် သန်းနှင့်ချီသော အိမ်ထောင်စုများကို ဆိုးရွားသော ဒုက္ခဆင်းရဲသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်စေနိုင်သည်။"ကျွန်တော်တို့အနေနဲ့ မြေပြင်ကွင်းဆင်းဆောင်ရွက်နေပါတယ်။ တကယ့်ကိုခက်ခဲလှတဲ့ အခြေအနေတွေကြားကပဲ စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့တွေကို နေ့စဉ် ဖြန့်ဝေပေးနေပါတယ်။ ဒါပေမဲ့ ရန်ပုံငွေလိုအပ်ချက်က အကြီးအကျယ် ရှိနေပါတယ်" ဟု Mr. Dunford က ဆက်လက်ပြောကြားသည်။ "နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အရေးယူဆောင်ရွက်ဖို့ လိုပါတယ်။ လာမယ့်နှစ်မှာ ဒီအကျပ်အတည်း ပိုမိုဆိုးရွားမလာအောင် တားဆီးဖို့အတွက် စဉ်ဆက်မပြတ် ရန်ပုံငွေထောက်ပံ့မှုတွေနဲ့ သံတမန်ရေးရာ ပံ့ပိုးကူညီမှုတွေ လိုအပ်နေပါတယ်"WFP အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း အကူအညီလိုအပ်နေသူ ၁၂ သန်းကျော်အနက် ၁ ဒသမ ၃ သန်းကို လူသားချင်းစာနာမှု အကူအညီများ ပေးအပ်သွားရန် ရည်မှန်းထားပြီး ယင်းအတွက် အမေရိကန်ဒေါ်လာ ၁၂၅ သန်း လိုအပ်မည်ဖြစ်ပါသည်။သတင်းဓါတ်ပုံများကို ဤနေရာ တွင် ရယူနိုင်ပါသည်။ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြောင်းကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။ WFP ကို Facebook တွင် @WFPinMyanmar မှလည်းကောင်း၊ X (ယခင်က တွစ်တာ) တွင် @wfp_media @WFPAsiaPacific တို့မှလည်းကောင်း ချိတ်ဆက်နိုင်ပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်။
ပဋိပက္ခကြောင့် မြန်မာနိုင်ငံတွင် ဆင်းရဲဒုက္ခများတိုးလာချိန်၌ ၂၀၂၆ ခုနှစ်အတွက် အရေးပေါ်လိုအပ်ချက်များခန့်မှန်းထားသည့် လူသားချင်းစာနာမှုဆိုင်ရာ အစီရင်ခံစာကို ကုလသမဂ္ဂထုတ်ပြန်
လာမည့်နှစ်၌ မြန်မာနိုင်ငံရှိ (ကလေးသူငယ် ၅ သန်းအပါအဝင်) လူဦးရေ ၁၆ သန်းကျော်သည် လူမှုဘဝကယ်ဆယ်ရေး လူသားချင်းစာနာမှုဆိုင်ရာအကူအညီနှင့် ကာကွယ်စောင့်ရှောက်မှုလိုအပ် ကြမည်ဟု ယနေ့ထုတ်ပြန်သည့် ၂၀၂၆ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး အစီအစဉ် (HNRP) က လေးနက်ဆင်ခြင်စွာဆန်းစစ်လေ့လာ၍ ခန့်မှန်းထားသည်။ ၂၀၂၁ စစ်အာဏာသိမ်းယူခဲ့ချိန်မှစ၍ ပြင်းထန်လျက်ရှိသည့်ပဋိပက္ခ၊ ကြိမ်ဖန်များစွာကျရောက်သည့် ဘေးအန္တရာယ်များနှင့် ဦးစိုက်နေသည့်စီးပွားရေးအခြေအနေများကြောင့် လူသားချင်းစာနာမှု ဆိုင်ရာအခြေအနေသည် တစ်နှစ်ထက်တစ်နှစ် ဆက်လက်ဆိုးရွားလျက်ရှိသည်။ ပဋိပက္ခနှင့် ဘေးအန္တရာယ်များကြောင့် ခန့်မှန်းလူဦးရေ ၃ ဒသမ ၆ သန်းခန့် အိုးအိမ်စွန့်ခွာနေကြရလျက်ရှိပါသည်။လာမည့်နှစ်တွင် လူသားချင်းစာနာသည့် အဖွဲ့အစည်းများသည် အထိခိုက်အလွယ်ဆုံးလူဦးရေ ၄ ဒသမ ၉ သန်းထံ အကူအညီရောက်ရှိစေရန် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်။ ဤအရေအတွက်မှာ ၂၀၂၅ ခုနှစ်က ဦးတည်ခဲ့သည့်လူဦးရေ ၆ ဒသမ ၇ သန်းအောက် များစွာလျော့နည်းပါသည်။ “ကိန်းဂဏန်းတိုင်းရဲ့နောက်ကွယ်မှာ သူတို့မရွေးချယ်ရပါဘဲနဲ့ကြုံလာရတဲ့ ဘေးဒုက္ခတွေကနေ လွတ်မြောက်ဖို့ ရုန်းကန်နေတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရှိပါတယ်။” ဟု မြန်မာနိုင်ငံ ဌာနေနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး မစ္စဂွင်းလူးဝစ်က ပြောပါသည်။ “ကမ္ဘာအနှံ့ အကျပ်အတည်းတွေ များပြားလွန်းတာကြောင့် ကမ္ဘာရဲ့ အာရုံစိုက်မှုကို ရဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက လိုအပ်ချက်တွေက ဆက်လက်မြင့်တက်နေတာ ကြောင့် လိုအပ်နေသူတွေဟာ ကြားသိမြင်တွေ့ခံထိုက်ပါတယ်။”
HNRP ၌ ချမှတ်ထားသော ဦးစားပေးမြင့်မားသည့်တုံ့ပြန်မှုအစီအစဉ်အတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၈၉၀ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး၊ ၂၀၂၅ ခုနှစ်က တောင်းခံခဲ့သည့် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအောက် လျော့နည်းပါသည်။ ဤသို့လျှော့ချလိုက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ အကျပ်အတည်း၏ လက်တွေ့အခြေအနေကို ထင်ဟပ်ပြသနေပြီး၊ ယင်းအကျပ်အတည်းကြောင့် အဆိုးရွားဆုံးအခက်အခဲများနှင့် အသက်အန္တရာယ်ရှိသောအခြေအနေများကို ရင်ဆိုင်နေရသူများအပေါ် တွင် အာရုံစိုက်မှု ပိုမို လျော့နည်းစေရန် တွန်းအားပေးလျက်ရှိသည်။ကမ္ဘာ့သတင်းခေါင်းကြီးများမှ မကြာခဏချန်လှပ်ခြင်းခံရသည့် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး အကျပ်အတည်းများဖြစ်ရာ နိုင်ငံများအနက်တစ်နိုင်ငံဖြစ်သလို လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေရရှိမှု အနည်းဆုံးနိုင်ငံလည်း ဖြစ်နေဆဲဖြစ်ပါသည်။ အရေးပေါ်ရန်ပုံငွေမရရှိပါက လူသန်းပေါင်းများစွာကို အကူအညီမပေးနိုင်ဘဲချန်လှပ်ထားရဖွယ်ရှိသည်ဟု လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများက သတိပေးပါသည်။
“၂၀၂၅ ခုနှစ်အတွင်း ရန်ပုံငွေလိုအပ်ချက်တွေကြောင့် လူသန်းပေါင်းများစွာဟာ အကူအညီတွေမရခဲ့တဲ့ အပြင် ဘေးကင်းလုံခြုံစွာနေထိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ ကာကွယ်စောင့်ရှောက်မှုရရှိရေး စတဲ့လိုအပ်ချက်တွေကိုလည်း မရရှိခဲ့ကြပါဘူး။ မိသားစုတွေဟာ ခက်ခဲတဲ့ရွေးချယ်မှုတွေကို မရှောင်လွှဲနိုင်ဘဲ လုပ်ကြရတဲ့အခါ လူတွေကထမင်းနပ်ရေလျှော့စား၊ အန္တရာယ်များတဲ့ခရီးတွေကို သွားလာကြပြီး၊ ရှင်သန်နေထိုင်ရရုံလေးအတွက် ကြီးလေးတဲ့အန္တရာယ်တွေကို ရင်ဆိုင်နေကြရပါတယ်။” ဟု မစ္စလူးဝစ်က ပြောသည်။ “ဒီလိုမျိုးအခြေအနေတွေကို နောက်တစ်နှစ်ဆက်ဖြစ်ဖို့ ကျွန်မတို့ ခွင့်မပြုနိုင်ပါဘူး။” အယ်ဒီတာများအတွက် မှတ်ချက်
၂၀၂၆ ခုနှစ်အတွက် HNRP သည် ၂၀၂၅ ခုနှစ်၌အသုံးပြုခဲ့သော တစ်နိုင်ငံလုံးအတိုင်းအတာအစား မြန်မာနိုင်ငံရှိမြို့နယ်များအားလုံး၏ သုံးပုံနှစ်ပုံကိုသာလွှမ်းခြုံသည့် အဓိကသက်ရောက်မှုကြီးနှစ်ခု (လက်နက်ကိုင်ပဋိပက္ခနှင့် ငလျင်) ကြောင့် ထိခိုက်ခဲ့သည့်ဒေသများအပေါ်တွင်သာ သီးသန့်ဦးစားပေး စီစဉ်ထားသည်။ အလွန်အမင်းလိုအပ်နေသူ စုစုပေါင်းလူဦးရေ ၂ ဒသမ ၆ သန်းကို အမေရိကန်ဒေါ်လာ ၂၅၁ သန်းကုန်ကျစရိတ်ဖြင့် ၂၀၂၆ ခုနှစ်၌ အကူအညီပေးရန် ဦးစားပေးထားသည်။မြန်မာနိုင်ငံ၏ HNRP သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ ခြုံငုံသုံးသပ်ချက်တွင်လည်း ပါဝင်ပြီး၊ ယင်းသည် နိုင်ငံပေါင်း ၂၃ နိုင်ငံ၏ လူသားချင်းစာနာမှုလုပ်ငန်းများနှင့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် အစီအစဉ် ၆ ခုတို့မှတစ်ဆင့် လူဦးရေ ၁၃၅ သန်းကို အကူအညီပေး ရန် ဒေါ်လာ ၃၃ ဘီလီယံတောင်းခံထားသည်။ရန်ပုံငွေ ဆိုးရွားစွာ မလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ သွားလာခွင့်ကန့်သတ်ချက်များနှင့် ဝန်ဆောင်မှုပြတ်တောက်မှုများကြောင့် မရှိမဖြစ်လိုအပ်ချက်များစွာတို့ကို ဖြည်းဆည်းပေးနိုင်ခြင်း မရှိခဲ့ပေ။ ၂၀၂၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လိုအပ်နေသူဦးရေကျဆင်းသွားခြင်း (၂၀၂၅ ခုနှစ်တွင် ၆ ဒသမ ၇ သန်းရှိရာမှ ၂၇ ရာခိုင်နှုန်းကျဆင်းသွားခြင်း) သည် မြေပြင်အခြေအနေတိုးတက်ကောင်းမွန်လာခြင်း မဟုတ်ဘဲ ခက်ခဲသည့်ဆုံးဖြတ်ချက်များနှင့် ပြန်လည်ပြင်ဆင်ထားသည့် ဆန်းစစ်လေ့လာမှုနည်းလမ်း များကြောင့်သာဖြစ်သည်။၂၀၂၅ ခုနှစ်၌ ရန်ပုံငွေရရှိမှုအလွန်အမင်းနည်းပါးခြင်း (HNRP လိုအပ်ချက်များ၏ ၂၆ ရာခိုင်နှုန်းသာ ရရှိခဲ့ခြင်း) သည် မိတ်ဖက်အဖွဲ့အစည်းများ၏ လူမှုဘဝကယ်ဆယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အကူအညီများပေးနိုင်စွမ်းအတွက် အဓိက ကန့်သတ်ချက်ဖြစ်ခဲ့ပြီး လူသန်းပေါင်းများစွာကို အကူအညီမဲ့ဖြစ်စေခဲ့ သည်။ ငလျင်တုံ့ပြန်ရေးအတွက် နောက်ဆက်တွဲအရေးပေါ်အဆိုပြုလွှာ ရန်ပုံငွေ လိုအပ်ချက် ဒေါ်လာ ၂၇၅ သန်း အနက် ယနေ့အထိ ၆၆ ရာခိုင်နှုန်း ရရှိထားပါသည်။ သွားလာကူညီရေးဆိုင်ရာ အခက်အခဲများ၊ ရန်ပုံငွေလျော့နည်းလာမှုနှင့် ဘေးကင်းလုံခြုံမှုနည်းပါးလာ ခြင်းများရှိသည့်တိုင် မိတ်ဖက်အဖွဲ့အစည်းများသည် ၂၀၂၅ ခုနှစ်၏ ပထမကိုးလအတွင်း လူဦးရေ ၅ သန်းအား အကူအညီပေးနိုင်ခဲ့ပြီး၊ ယခုနှစ်ကုန်၌ အနည်းဆုံး လူဦရေ ၅ ဒသမ ၇ သန်းကို တစ်ကြိမ်ဖြစ်စေ အနည်းဆုံးအကူအညီပေးရန် မျှော်လင့်ထားပါသည်။ သို့ရာတွင် ပံ့ပိုးပေးသည့် အကူအညီ၏ အတိုင်းအဆနှင့်အကြိမ်ရေသည် ဖြစ်စဉ်များစွာတို့၌ လုံလောက်မှုမရှိသည်ကို သတိပြုရပါမည်။
Links:The 2026 Myanmar HNRP: https://humanitarianaction.info/plan/1505/document/myanmar-humanitarian-needs-and-response-plan-2026Hand out photos for media: https://we.tl/t-mIMGqp3ezvThe 2026 Global Humanitarian Overview: https://humanitarianaction.info/document/global-humanitarian-overview-2026
HNRP ၌ ချမှတ်ထားသော ဦးစားပေးမြင့်မားသည့်တုံ့ပြန်မှုအစီအစဉ်အတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၈၉၀ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး၊ ၂၀၂၅ ခုနှစ်က တောင်းခံခဲ့သည့် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအောက် လျော့နည်းပါသည်။ ဤသို့လျှော့ချလိုက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ အကျပ်အတည်း၏ လက်တွေ့အခြေအနေကို ထင်ဟပ်ပြသနေပြီး၊ ယင်းအကျပ်အတည်းကြောင့် အဆိုးရွားဆုံးအခက်အခဲများနှင့် အသက်အန္တရာယ်ရှိသောအခြေအနေများကို ရင်ဆိုင်နေရသူများအပေါ် တွင် အာရုံစိုက်မှု ပိုမို လျော့နည်းစေရန် တွန်းအားပေးလျက်ရှိသည်။ကမ္ဘာ့သတင်းခေါင်းကြီးများမှ မကြာခဏချန်လှပ်ခြင်းခံရသည့် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး အကျပ်အတည်းများဖြစ်ရာ နိုင်ငံများအနက်တစ်နိုင်ငံဖြစ်သလို လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေရရှိမှု အနည်းဆုံးနိုင်ငံလည်း ဖြစ်နေဆဲဖြစ်ပါသည်။ အရေးပေါ်ရန်ပုံငွေမရရှိပါက လူသန်းပေါင်းများစွာကို အကူအညီမပေးနိုင်ဘဲချန်လှပ်ထားရဖွယ်ရှိသည်ဟု လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများက သတိပေးပါသည်။
“၂၀၂၅ ခုနှစ်အတွင်း ရန်ပုံငွေလိုအပ်ချက်တွေကြောင့် လူသန်းပေါင်းများစွာဟာ အကူအညီတွေမရခဲ့တဲ့ အပြင် ဘေးကင်းလုံခြုံစွာနေထိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ ကာကွယ်စောင့်ရှောက်မှုရရှိရေး စတဲ့လိုအပ်ချက်တွေကိုလည်း မရရှိခဲ့ကြပါဘူး။ မိသားစုတွေဟာ ခက်ခဲတဲ့ရွေးချယ်မှုတွေကို မရှောင်လွှဲနိုင်ဘဲ လုပ်ကြရတဲ့အခါ လူတွေကထမင်းနပ်ရေလျှော့စား၊ အန္တရာယ်များတဲ့ခရီးတွေကို သွားလာကြပြီး၊ ရှင်သန်နေထိုင်ရရုံလေးအတွက် ကြီးလေးတဲ့အန္တရာယ်တွေကို ရင်ဆိုင်နေကြရပါတယ်။” ဟု မစ္စလူးဝစ်က ပြောသည်။ “ဒီလိုမျိုးအခြေအနေတွေကို နောက်တစ်နှစ်ဆက်ဖြစ်ဖို့ ကျွန်မတို့ ခွင့်မပြုနိုင်ပါဘူး။” အယ်ဒီတာများအတွက် မှတ်ချက်
၂၀၂၆ ခုနှစ်အတွက် HNRP သည် ၂၀၂၅ ခုနှစ်၌အသုံးပြုခဲ့သော တစ်နိုင်ငံလုံးအတိုင်းအတာအစား မြန်မာနိုင်ငံရှိမြို့နယ်များအားလုံး၏ သုံးပုံနှစ်ပုံကိုသာလွှမ်းခြုံသည့် အဓိကသက်ရောက်မှုကြီးနှစ်ခု (လက်နက်ကိုင်ပဋိပက္ခနှင့် ငလျင်) ကြောင့် ထိခိုက်ခဲ့သည့်ဒေသများအပေါ်တွင်သာ သီးသန့်ဦးစားပေး စီစဉ်ထားသည်။ အလွန်အမင်းလိုအပ်နေသူ စုစုပေါင်းလူဦးရေ ၂ ဒသမ ၆ သန်းကို အမေရိကန်ဒေါ်လာ ၂၅၁ သန်းကုန်ကျစရိတ်ဖြင့် ၂၀၂၆ ခုနှစ်၌ အကူအညီပေးရန် ဦးစားပေးထားသည်။မြန်မာနိုင်ငံ၏ HNRP သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ ခြုံငုံသုံးသပ်ချက်တွင်လည်း ပါဝင်ပြီး၊ ယင်းသည် နိုင်ငံပေါင်း ၂၃ နိုင်ငံ၏ လူသားချင်းစာနာမှုလုပ်ငန်းများနှင့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် အစီအစဉ် ၆ ခုတို့မှတစ်ဆင့် လူဦးရေ ၁၃၅ သန်းကို အကူအညီပေး ရန် ဒေါ်လာ ၃၃ ဘီလီယံတောင်းခံထားသည်။ရန်ပုံငွေ ဆိုးရွားစွာ မလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ သွားလာခွင့်ကန့်သတ်ချက်များနှင့် ဝန်ဆောင်မှုပြတ်တောက်မှုများကြောင့် မရှိမဖြစ်လိုအပ်ချက်များစွာတို့ကို ဖြည်းဆည်းပေးနိုင်ခြင်း မရှိခဲ့ပေ။ ၂၀၂၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လိုအပ်နေသူဦးရေကျဆင်းသွားခြင်း (၂၀၂၅ ခုနှစ်တွင် ၆ ဒသမ ၇ သန်းရှိရာမှ ၂၇ ရာခိုင်နှုန်းကျဆင်းသွားခြင်း) သည် မြေပြင်အခြေအနေတိုးတက်ကောင်းမွန်လာခြင်း မဟုတ်ဘဲ ခက်ခဲသည့်ဆုံးဖြတ်ချက်များနှင့် ပြန်လည်ပြင်ဆင်ထားသည့် ဆန်းစစ်လေ့လာမှုနည်းလမ်း များကြောင့်သာဖြစ်သည်။၂၀၂၅ ခုနှစ်၌ ရန်ပုံငွေရရှိမှုအလွန်အမင်းနည်းပါးခြင်း (HNRP လိုအပ်ချက်များ၏ ၂၆ ရာခိုင်နှုန်းသာ ရရှိခဲ့ခြင်း) သည် မိတ်ဖက်အဖွဲ့အစည်းများ၏ လူမှုဘဝကယ်ဆယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အကူအညီများပေးနိုင်စွမ်းအတွက် အဓိက ကန့်သတ်ချက်ဖြစ်ခဲ့ပြီး လူသန်းပေါင်းများစွာကို အကူအညီမဲ့ဖြစ်စေခဲ့ သည်။ ငလျင်တုံ့ပြန်ရေးအတွက် နောက်ဆက်တွဲအရေးပေါ်အဆိုပြုလွှာ ရန်ပုံငွေ လိုအပ်ချက် ဒေါ်လာ ၂၇၅ သန်း အနက် ယနေ့အထိ ၆၆ ရာခိုင်နှုန်း ရရှိထားပါသည်။ သွားလာကူညီရေးဆိုင်ရာ အခက်အခဲများ၊ ရန်ပုံငွေလျော့နည်းလာမှုနှင့် ဘေးကင်းလုံခြုံမှုနည်းပါးလာ ခြင်းများရှိသည့်တိုင် မိတ်ဖက်အဖွဲ့အစည်းများသည် ၂၀၂၅ ခုနှစ်၏ ပထမကိုးလအတွင်း လူဦးရေ ၅ သန်းအား အကူအညီပေးနိုင်ခဲ့ပြီး၊ ယခုနှစ်ကုန်၌ အနည်းဆုံး လူဦရေ ၅ ဒသမ ၇ သန်းကို တစ်ကြိမ်ဖြစ်စေ အနည်းဆုံးအကူအညီပေးရန် မျှော်လင့်ထားပါသည်။ သို့ရာတွင် ပံ့ပိုးပေးသည့် အကူအညီ၏ အတိုင်းအဆနှင့်အကြိမ်ရေသည် ဖြစ်စဉ်များစွာတို့၌ လုံလောက်မှုမရှိသည်ကို သတိပြုရပါမည်။
Links:The 2026 Myanmar HNRP: https://humanitarianaction.info/plan/1505/document/myanmar-humanitarian-needs-and-response-plan-2026Hand out photos for media: https://we.tl/t-mIMGqp3ezvThe 2026 Global Humanitarian Overview: https://humanitarianaction.info/document/global-humanitarian-overview-2026
5 ၏ 1
နောက်ဆုံးရ မှီငြမ်းရန်အချက်အလက်များ
1 / 11
မှီငြမ်းရန်အချက်အလက်များ
၂၀၂၅ ခုနှစ် ဇူလိုင်လ ၀၃ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၀၈ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၀၁ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်။
1 / 11