ရွှေ့ပြောင်းသွားလာနေထိုင်မှုဟာ စီးပွားရေးတွေကို မြှင့်တင်ပေးတာ၊ ယဉ်ကျေးမှုတွေကို ပေါင်းစည်းစေတာနဲ့ မူရင်းဇစ်မြစ်နိုင်ငံတွေနဲ့ ရောက်ရှိတဲ့နိုင်ငံ နှစ်ခုလုံးကို အကျိုးဖြစ်စေတာ စတဲ့ တိုးတက်မှုတွေအတွက် အားကောင်းတဲ့ တွန်းအားတစ်ရပ် ဖြစ်ပါတယ်။
ဒါပေမဲ့ စီမံခန့်ခွဲမှု အားနည်းတဲ့အခါ ဒါမှမဟုတ် လွဲမှားစွာ ဖော်ပြတဲ့အခါ မုန်းတီးမှုနဲ့ ခွဲခြားမှုကို လှုံ့ဆော်ပေးနိုင်တဲ့အပြင် ဘေးကင်းလုံခြုံမှုနဲ့ အခွင့်အလမ်းကို ရှာဖွေနေသူတွေအတွက် အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
၂၀၁၄ ခုနှစ်ကစပြီး ကုန်းလမ်းနဲ့ ရေကြောင်းတလျှောက် ရွှေ့ပြောင်းသွားလာနေထိုင်သူ ၇၀,၀၀၀နီးပါး သေဆုံးမှု ဒါမှမဟုတ် ပျောက်ဆုံးမှုများရှိခဲ့ပြီး၊ အမှန်တကယ် အရေအတွက်မှာ အခုထက် ပိုမို များပြားနိုင်ပါတယ်။ နယ်စပ်တွေမှာ တင်းကျပ်မှုတွေရှိနေပြီး မှောင်ခိုသမားတွေနဲ့ လူကုန်ကူးသူတွေ ကြီးထွားလာနေတဲ့အပြင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ အန္တရာယ်အရှိဆုံး အခြေအနေမှာ ရှိနေပါတယ်။
လွန်ခဲ့တဲ့ ၇-နှစ်က ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို အမြင့်ဆုံး မြှင့်တင်ဖို့နဲ့ စိန်ခေါ်မှုတွေကို စီမံခန့်ခွဲဖို့ ကြိုးပမ်းမှုတစ်ရပ်ဖြစ်တဲ့ ဘေးကင်းလုံခြုံပြီး စနစ်ကျတဲ့ တရားဝင် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် (Global Compact for Safe, Orderly, and Regular Migration) ကို နိုင်ငံတကာ အသိုက်အဝန်းက လက်ခံကျင့်သုံးခဲ့ပါတယ်။
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ဖို့နဲ့ ပိုမို ကြံ့ကြံ့ခံနိုင်တဲ့ လူမှုအဖွဲ့အစည်းတွေ တည်ဆောက်နိုင်ဖို့ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းရဲ့ စွမ်းအားတွေကို အကျိုးရှိရှိ အသုံးချနိုင်ရမှာဖြစ်သလို အသုံးချဖို့လည်း လိုပါတယ်။ ရွှေ့ပြောင်းသွားလာနေထိုင်သူတွေနဲ့ပတ်သက်ပြီး လူသားဆန်မှုကင်းတဲ့ ပုံဖော်ပြောဆိုချက်တွေကို စိန်ခေါ်တုံ့ပြန်ခြင်းနဲ့ စည်းလုံးညီညွတ်မှုဆိုင်ရာ ဖြစ်ရပ်မှန်တွေနဲ့ အစားထိုးခြင်းတွေနဲ့ စတင်ရမှာပါ။
ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်သူများနေ့မှာ ရွှေ့ပြောင်းသွားလာနေထိုင်သူတိုင်းရဲ့ အခွင့်အရေးတွေအတွက် အတူရပ်တည်ကြရအောင်ပါ။ နောက်ပြီး လူတိုင်းအတွက် ရွှေ့ပြောင်းသွားလာနေထိုင်ရာမှာ ဂုဏ်သိက္ခာနဲ့ ဘေးကင်းလုံခြုံမှုရှိစေဖို့ လုပ်ဆောင်ကြရအောင်ပါ။