သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံ အတွင်း စံချိန်တင်မြင့်တက်လာသော ဆာလောင် မွတ်သိပ်မှုကို တုံ့ပြန်ရန် ကိုရီးယားသမ္မတနိုင်ငံ နှင့် WFP တို့ REACH အစီအစဥ်ကို စတင်အကောင်အထည်ဖော်

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၀၅ ရက်။

‎ 

ရန်ကုန်မြို့ - ကိုရီးယားသမ္မတနိုင်ငံနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့သည် “REACH” ဟု အမည်ပေးထားသည့် ပဋိပက္ခဒဏ်ခံရသော မိသားစုများအတွက် အရေးပေါ်အကူအညီပေး‌ရေး   လုပ်ငန်းအစီအစဥ်တစ်ရပ်ကို စတင်လိုက်ပြီဖြစ်ပါသည်။ ပဋိပက္ခ၊ အစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာရွှေ့ပြောင်းရမှုများနှင့် ၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်တို့၏ စုပေါင်းသက်ရောက်မှုကြောင့် မြန်မာနိုင်ငံတွင် ဆာလောင်မွတ်သိပ်မှုများ ပိုမိုဆိုးရွားလာသည့် လက်ရှိအခြေအနေတွင် အဆိုပါ အစီအစဥ်သည် ပဋိပက္ခဒဏ်ခံစားရသော မိသားစုများထံ အရေးပေါ်အထောက်အပံ့များ ပေးအပ်သွားမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဏာမခြေလှမ်းလည်းဖြစ်ပါသည်။

ကိုရီးယားသမ္မတနိုင်ငံက ထည့်ဝင်သော အမေရိကန်ဒေါ်လာ ၁၀ သန်း ရန်ပုံငွေဖြင့် REACH အစီအစဥ်သည် ပဋိပက္ခနှင့် ငလျင်ဒဏ် အပြင်းထန်ဆုံး ခံစားခဲ့ရသောဒေသများတွင် WFP မှတစ်ဆင့် အရေးပေါ်စားနပ်ရိက္ခာနှင့် စားနပ်ရိက္ခာဝယ်ယူရန်ငွေသားအထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ပါသည်။ REACH အစီအစဥ်မှတစ်ဆင့် WFP သည် ပဋိပက္ခနှင့် ငလျင်ဒဏ်သင့်ဒေသများရှိ လူဦးရေ သုံးသိန်း ဝန်းကျင်အား နှစ်လစာ စားနပ်ရိက္ခာများ နှင့်/သို့မဟုတ် စားနပ်ရိက္ခာဝယ်ယူနိုင်ရန်အတွက် မိုဘိုင်းလ်ပိုက်ဆံ သို့မဟုတ် ဘောက်ချာများမှတစ်ဆင့် ငွေသားအထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များ စုစုပေါင်း လူဦးရေ ၂၄,၀၀၀ တို့ကိုလည်း အာဟာရချို့တဲ့မှု ကာကွယ်ရေးနှင့် ကုသရေး အကူအညီများပေးအပ်သွားမည်ဖြစ်ပါသည်။

"အခုလို ခက်ခဲတဲ့အချိန်ကာလမှာ ကိုရီးယားသမ္မတနိုင်ငံအနေနဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ ရပ်တည်ဖို့ ကတိကဝတ်ပြုထားပါတယ်။ REACH (Responding with Emergency Assistance for Conflict-Affected Households) လို့ အမည်ပေးထားတဲ့ ကိုရီးယားနဲ့ WFP တို့ ပူးပေါင်းဆောင်ရွက်မှုအစီအစဥ်ကတဆင့် ပဋိပက္ခနဲ့ သဘာဝဘေးဒဏ်ကို အများဆုံးခံစားနေရသူတွေကို အရေးပေါ်အကူအညီတွေ ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီပံ့ပိုးကူညီမှုကနေတစ်ဆင့် မြန်မာပြည်သူပြည်သားတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ရေရှည်ကာလအထိ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်နေနိုင်အောင် ကူညီပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးအကြီးအကဲ Mr. Bae Byeongsoo က ပြောကြားသည်။ 

ထိခိုက်လွယ်ရပ်ရွာလူထုထံ လက်လှမ်းမီနိုင်စေရန်နှင့် ၎င်းတို့အတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေရန်အလို့ဌာ WFP သည် ဒေသခံမိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် လက်တွဲပြီး အဆိုပါအထောက်အပံ့များကို လိုအပ်နေသူများထံ တိုက်ရိုက်ပေးအပ်သွားမည်ဖြစ်ပါသည်။

“၁၉၆၀ နှင့် ၁၉၈၀ ခုနှစ်တွေမှာ ကိုရီးယားသမ္မတနိုင်ငံဟာ WFP ရဲ့ ပံ့ပိုးကူညီမှုကို လက်ခံရရှိသူဖြစ်ခဲ့ရာကနေ လက်ရှိမှာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ ဦးဆောင်သူတစ်ဦးဖြစ်လာပါပြီ။ အခု REACH အစီအစဥ်ကို စတင်လိုက်တာဟာ ကိုရီးယားသမ္မတနိုင်ငံရဲ့ လေးစားအားကျဖွယ် အသွင်ကူးပြောင်းရေးရဲ့ မှတ်တိုင်သစ်တစ်ခုဖြစ်ပါတယ်။ တစ်ချိန်က ကိုရီးယားသမ္မတနိုင်ငံကို ဆန်အကူအညီတွေ ပေးပို့ခဲ့ဖူးတဲ့ မြန်မာနိုင်ငံအတွက် အခုလိုပြန်လည်ပြီးတစ်ဖန်ကူညီပေးတာဟာ တကယ့်ကို အဓိပ္ပါယ်ပြည့်ဝလှပါတယ်။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောသည်။ “စံချိန်တင် မြင့်မားလာတဲ့ ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုတွေအကြား အခုလိုအချိန်နဲ့တပြေးညီ ရောက်ရှိလာတဲ့ ပံ့ပိုးကူညီမှုအားဖြင့် ပဋိပက္ခနဲ့ ငလျင်ဒဏ်ကြောင့် ပြိုလဲခဲ့ရတဲ့ လူထုအသိုက်အဝန်းတွေအနေနဲ့ အကူအညီတွေ တိုးမြင့်ပြီး ရရှိနိုင်ကြမှာ ဖြစ်ပါတယ်။” ဟု ဆက်လက်ပြောကြားသည်။ 

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် စီးပွားရေးကဏ္ဍကျဆင်းမှုနှင့်အတူ ပိုမိုဆိုးရွားလာနေပါသည်။ အခြေခံစားနပ်ရိက္ခာ၏ ပျမ်းမျှကုန်စျေးနှုန်းသည် ၂၀၂၁ ခုနှစ်အစောပိုင်းကာလနှင့်ယှဥ်လျှင် ယခုအခါ လေးဆအထိ တိုးမြင့်လာခဲ့ပြီး သန်းနှင့်ချီသောပြည်သူများအတွက် အခြေခံအကျဆုံး စားသောက်ဖွယ်ရာကိုပင် မဝယ်စားနိုင်သည့်အခြေအနေကို ဖြစ်နေပါသည်။ 

ယခုအခါ မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ဆာလောင်မွတ်သိပ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရသောလူဦးရေ ပဉ္စမမြောက် အများဆုံးရှိနေသောနိုင်ငံဖြစ်လာပါသည်။ နောက်ဆုံးထွက်ရှိထားသည့် Hunger Hotspots Report အရ မြန်မာနိုင်ငံတွင် လူ ၃ ဦးလျှင် ၁ ဦးနှုန်းဖြင့် စုစုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းသည် ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး၊ ၂၀၂၄ ခုနှစ်တွင်ရှိခဲ့သည့် လူဦးရေ ၁၃ ဒဿမ ၃ သန်းမှ သိသိသာသာ တိုးမြင့်လာခြင်းဖြစ်သည်။ ၎င်းတို့အနက်မှ လူဦးရေ ၂ ဒဿမ ၈ သန်းသည် ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရသည့် အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရပါသည်။ 

၂၀၂၅ ခုနှစ် ဧပြီလတွင် WFP သည် ရန်ပုံငွေမလုံလောက်မှုကြောင့် မြန်မာနိုင်ငံရှိ လူဦးရေတစ်သန်းအတွက် အရေးပေါ်အကူအညီများကို ရပ်တန့်ခဲ့ရသည်။ ကိုရီးယားသမ္မတနိုင်ငံက ယခုပေးအပ်လိုက်သောရန်ပုံငွေဖြင့် စားနပ်ရိက္ခာအကူအညီများကို အထူးသဖြင့် ဆာလောင်မွတ်သိပ်မှုကို အပြင်းထန်ဆုံးခံစားနေကြရသည့် သွားလာရခက်ကာ ဝေးလံခေါင်းပါးသည့်ဒေသများတွင် ပြန်လည်ပေးအပ်သွားနိုင်စေမည်ဖြစ်ပါသည်။

သတင်းဓာတ်ပုံများကို ဤလင့်ခ်တွင် ရယူနိုင်ပါသည်။ 
 

WFP မှတစ်ဆင့်ပေးအပ်သည့် ကိုရီးယားသမ္မတနိုင်ငံ၏ အထောက်အပံ့များအကြောင်း
ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာ၊ အာဟာရနှင့် ရပ်ရွာလူထု ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေးဆိုင်ရာ WFP ၏ လုပ်ငန်းများအတွက် အစဥ်သဖြင့် ပံ့ပိုးကူညီလျက်ရှိပါသည်။ အဆိုပါကာလရှည်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံတွင် ဆာလောင်မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှုတို့ကို လျှော့ချသွားနိုင်ရန်ရည်ရွယ်ပြီး ရပ်ရွာလူထု၏ ရာသီဥတုဒဏ်ခံနိုင်စွမ်းနှင့် စားနပ်ရိက္ခာဖူလုံရေးကို အားပေးမြှင့်တင်သွားရန်လည်း ရည်ရွယ်ပါသည်။ ယခုအခါ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း ထည့်ဝင်လိုက်ခြင်းဖြင့်  ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆတက်ထမ်းပိုးတိုးမြှင့်ကူညီလိုက်ခြင်းဖြစ်ပါသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြောင်း  
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာ အထောက်အပံ့များမှတစ်ဆင့်  ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။   

WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။       
 
 

Htet Oo Linn

ထက်ဦးလင်း

WFP
ဆက်သွယ်ဆက်ဆံရေးအရာရှိ
generic profile

Yanghae Won

WFP/Seoul

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ