စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်
15

မြေပေါ်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး

ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်အား ကာကွယ်ထိန်းသိမ်းပြီး ရေရှည်တည်တံ့အောင် အသုံးပြုရေး၊ သစ်တောများ ရေရှည်တည်တံ့စေရန် စီမံခန့်ခွဲရေးနှင့် သဲကန္တာရများ ဖြစ်ထွန်းမှု ပပျောက်စေရေး၊ မြေယာ ပြုန်းတီးယိုယွင်းပျက်စီးမှု ရပ်တန့်စေရေးနှင့် ဇီဝမျိုးကွဲများ ပြုန်းတီးမှု ရပ်တန့်စေရေး

ပန်းတိုင် (၁၅)- မြေပေါ်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး

လူသားများသည် အဟာရဓာတ်များနှင့် လူမှုဘဝရပ်တည်ရေးအတွက် ပင်လယ်သမုဒ္ဒရာအပေါ်မှီတည်နေရသကဲ့သို ကမ္ဘာမြေပြင်အပေါ်လည်း မှီတည်နေရသည်။ အပင်များသည် လူသားများ၏အစားအသောက်၏ ၈၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးပြီး ကျွန်ုပ်တို့အနေဖြင့် စိုက်ပျိုး‌ရေးကိုလည်း အရေးပါသည့် စီးပွားရေး အရင်းအမြစ်တစ်ရပ်အဖြစ် မှီတည်နေရသည်။ သစ်တောများသည် ကမ္ဘာမြေပြင်၏ ၃၀ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားလျက်ရှိပြီး မျိုးစိတ် သန်းပေါင်းများစွာအတွက် အသက်ရှင်နေထိုင်ရပ်တည်ရေးနှင့် သန့်ရှင်းသောလေ၊ ရေရရှိရေးအတွက် အရေးပါသည့် အရင်းအမြစ်များအဖြစ် ထောက်ပံ့ပေးသကဲ့သို့ ရာသီဥတုဖောက်ပြန်မှုများကို တိုက်ဖျက်ရန်အတွက် အရေးပါသည့် အရာများဖြစ်သည်။

နှစ်စဉ် ကုန်းမြေတစ်စစယိုယွင်းလာမှုမှာ ဟက်တာပေါင်း ၃.၆ ဘီလျံ အထိရှိပြီး တစ်စတစ်စ သဲကန္တာရဖြစ်လာမှုသို့ ဦးတည်နေလျက်ရှိစဉ် သစ်တောဟက်တာ ၁၃ သန်းကို ဆုံးရှုံးရလျက်ရှိပြီး နွမ်းပါးသည့် လူ့အသိုင်းအဝိုင်းများကို ပိုမိုထိခိုက်လျက်ရှိသည်။

ကုန်းမြေ၏ ၁၅ ရာခိုင်နှုန်းကို ထိန်းသိမ်းစောင့်ရှောက်နိုင်‌ပြီဖြစ်သော်လည်း ဇီဝမျိုးစုံမျိုးကွဲများမှာ ထိခိုက်နေဆဲဖြစ်သည်။ တိရိစ္ဆာန်နှင့်အပင်မျိုးစိတ်ပေါင်း ၇၀,၀၀၀ နီးပါးသည် တရားမဝင်ကုန်သွယ်ခံရလျက်ရှိသည်။ တောရိုင်းတိရိစ္ဆာန် မှောင်ခိုကူးခြင်းသည် ဇီဝမျိုးစုံမျိုးကွဲများ တစ်စတစ်စ ဆုတ်ယုတ်လျော့ပါးလာရုံသာမက လုံခြုံမှုမရှိခြင်းကို ဖန်တီးခြင်း၊ ပဋိပက္ခ မီးထိုးပေးခြင်းနှင့် အဂတိလိုက်စားမှုကို အားပေးခြင်းများကိုဖြစ်ပေါ်စေသည်။

ကျွန်ုပ်တို့၏ ဘုံအမွေအနှစ်တွင် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကမ္ဘာ့စားနပ်ရိက္ခာနှင့် ရေဖူလုံရေး၊ ရာသီဥတုဖောက်ပြန်မှုများ လျော့ချရေးနှင် လိုက်လျောညီထွေဖြစ်ရေး၊ငြိမ်းချမ်းရေးနှင့်လုံခြုံရေးတို့ကို အထောက်အပံပေးနေသည့် သဘာဝသက်ရှိများကျက်စားရာ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ဆုံးရှုံးလာမှုတို့ကို လျော့ချနိုင်ရန် အရေးတကြီး လုပ်ဆောင်ရန်လိုအပ်နေပြီဖြစ်သည်။

ကိုးကားချက်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ (SDGs) (undp.org)

ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ။ ပန်းတိုင် (၁၅)- မြေပေါ်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး (undp.org)

မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များသည် ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့အား ကာကွယ်စောင့်ရှောက်ရန်နှင့် နေရာတိုင်းရှိ လူများ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ရရှိခံစားနိုင်ရေးသေချာစေရန် လုပ်ဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂမှ ဖော်ဆောင်နေသော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ပါသည်။