ဗွီဒီယို
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ဗီဒီယို သတင်းစကား
(အလွတ်သဘော ဘာသာပြန်ဆိုချက်)အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ကျင်းပချိန်မှာ ကျွန်တော်တို့ ကမ္ဘာကြီးဟာ ဒီလို အရေးပါတဲ့ ငြိမ်းချမ်းရေးဆိုတဲ့အရာဟာ စိုးရိမ်စရာကောင်းလောက်အောင် ရှားပါးနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။လူမှုအသိုက်အဝန်းတွေဟာ အကြမ်းဖက်မှုတွေနဲ့ မတူကွဲပြားမှုတွေကြောင့် ယိမ်းယိုင်နေပါတယ်။ပဋိပက္ခတွေက ပိုပိုကြီးမား ရှုပ်ထွေးလာပြီး နယ်နမိတ်တွေကိုကျော်လွန်ပြီး ကြီးမားတဲ့ ဘေးဒုက္ခတွေ ဖြစ်ပေါ်နေပါတယ်။ဆွေးနွေးညှိနှိုင်းမှုတွေ တုံ့ဆိုင်းနေပြီး၊ ဖြေရှင်းနည်းတွေ ရှာဖွေဖို့ ခက်ခဲလာနေတဲ့အပြင် ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုဆိုတာလည်း တကယ်လိုအပ်နေချိန်မှာ ပျောက်ဆုံးနေပါတယ်။ဒါပေမဲ့လည်း ကမ္ဘာတစ်ဝှမ်းမှာ လူတွေက ကျွန်တော်တို့တွေဟာ ဘာမှလုပ်နိုင်စွမ်း မရှိတာ မဟုတ်ဘူးဆိုတာကို ပြသနေကြပါတယ်။စေတနာ့ဝန်ထမ်းတွေ၊ ပံ့ပိုးဆောင်ရွက်သူတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်သူတွေဟာ မတူကွဲလွဲမှုတွေကို ပေါင်းကူးပေးနေကြပါတယ်။ လူမှုအသိုင်းအဝိုင်းတွေကို စည်းလုံးအောင် လုပ်ဆောင်ပေးနေကြသလို တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့အတွက်လည်း တွန်းအားပေးဆောင်ရွက်နေကြပါတယ်။လှုပ်ရှားဆောင်ရွက်မှု တစ်ခုပြီးတစ်ခုကနေ သူတို့ဟာ ငြိမ်းချမ်းရေးကို အောက်ခြေကစပြီး တည်ဆောက်နေကြပါတယ်။ဒီနှစ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "လူတိုင်းအတွက်၊ နေရာတိုင်းမှာ၊ နေ့စဉ် ငြိမ်းချမ်းရေးအတွက် ရင်းနှီးမြှုပ်နှံပါ" ဆိုသလို ဒီငြိမ်းချမ်းရေး ချန်ပီယံတွေက ငြိမ်းချမ်းရေးဆိုတာ အလိုလို ရလာတာမျိုး မဟုတ်ဘူးဆိုတာကို ပြသနေပါတယ်။ဒါဟာ ပိုကောင်းတဲ့ အနာဂတ်အတွက် သေချာ စဉ်းစားချင့်ချိန်ပြီး ရင်းနှီးမြှုပ်နှံဖို့ ရွေးချယ်ရတာမျိုးပါ။ ငြိမ်းချမ်းရေး ခိုင်မာ အမြစ်တွယ်နိုင်မယ့်၊ လူတိုင်း ပါဝင်နိုင်တဲ့ အသိုင်းအဝန်းတွေကို ဖော်ဆောင်ပေးခြင်း၊စဉ်ဆက်မပြတ် တိုးတက်ရေးအတွက် ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ အာဟာရပြည့်ဝရေးနဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးတွေမှာ ရင်းနှီးမြှုပ်နှံပေးခြင်း၊မတူကွဲလွဲမှုတွေကို ပေါင်းကူးပေးပြီး လူတိုင်းရဲ့ အသံကို ကြားရအောင် လုပ်ဆောင်ပေးခြင်း၊လူတိုင်းဆီမှာရှိတဲ့ လူ့အခွင့်အရေးတွေနဲ့ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ပြီးတော့... ငြိမ်းချမ်းရေးအတွက် အသုံးတည့်ကြောင်း သက်သေထူပြီးသား နည်းလမ်းတွေဖြစ်တဲ့ သံတမန်ရေး၊ တွေ့ဆုံဆွေးနွေးပွဲ၊ ညှိနှိုင်းဆွေးနွေးမှုနဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းတွေကို ပိုပြီး ခိုင်မာစေခြင်းအားဖြင့် ရွေးချယ်ဆောင်ရွက်ရပါမယ်။ဒီအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ကျွန်တော်တို့ ပတ်ဝန်းကျင်၊ စာသင်ခန်းတွေနဲ့ အသိုင်းအဝန်းတွေထဲမှာ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသူတွေရဲ့ သတ္တိကို လေးစားအတုယူကြရအောင်ပါ။ပြီးတော့ လူတိုင်းအတွက် ငြိမ်းချမ်းတဲ့ အနာဂတ်ဖော်ဆောင်ရာမှာ ရင်းနှီးမြှုပ်နှံကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို တောင်းဆိုကြရအောင်ပါ။