အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်။
ပထမခြေလှမ်းများစတင်ခြင်းတစ်နှစ်တာခရီးနှင့် မြန်မာနိုင်ငံရဲ့ ပြန်လည်ထူထောင်ရေး ဦးဦးဖျားဖျား ခြေလှမ်းများ
မြန်မာနိုင်ငံအလယ်ပိုင်းမှာ ငလျင်ဒဏ်ကြောင့် လူမှုစီးပွားဘဝများ ထိခိုက်ခဲ့ရပြီးနောက်၊ စိုက်ပျိုးလုပ်ငန်းလုပ်ကိုင်သူ အသိုက်အဝန်းတွေမှာ ပြန်လည်ထူထောင်ရေးကို ရှိတဲ့ အင်အားလေးနဲ့ အစကနေ ပြန်စတင်နေကြရပါတယ်။ တောင်သူအများအပြားဟာ နေအိမ်တွေသာမက စိုက်ပျိုးရေးအတွက် အရေးအကြီးဆုံးအချိန်မှာ သီးနှံတွေနဲ့ ဝင်ငွေတွေကိုပါ ဆုံးရှုံးခဲ့ကြရတာပါ။ ဒါကြောင့် ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာ အိမ်ကို အရင်ပြင်ရမလား၊ ဒါမှမဟုတ် စားဝတ်နေရေးအတွက် အလုပ်ကိုပဲ အရင်ပြန်စရမလားဆိုတာ ခက်ခဲတဲ့ ရွေးချယ်မှုတွေ ဖြစ်ခဲ့ရပါတယ်။ အခုတော့ စိုက်ပျိုးရာသီလည်း ပြန်ရောက်လာသလို မျိုးစေ့နဲ့ လိုအပ်တဲ့ အကူအညီတွေ ရရှိလာတာကြောင့် တောင်သူတွေဟာ စိုက်ပျိုးလုပ်ငန်းကို ပြန်စတင်လုပ်ကိုင်နေနိုင်ပြီး၊ မိသားစုဝင်ငွေရဖို့နဲ့ စားနပ်ရိက္ခာ ဖူလုံဖို့အတွက် ပထမဆုံးခြေလှမ်းတွေ လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ဒေါ်ချိုသန်းကတော့ တစ်စိတ်တစ်ပိုင်း ပြိုကျနေတဲ့ သူမနေအိမ်လေးရဲ့ အက်ကွဲနေတဲ့ နံရံဘေးမှာ ရပ်ရင်း သူမအနေနဲ့ ဘာကို လက်လွှတ်လိုက်ရမလဲဆိုတာ တွက်ချက်နေပါတယ်။ပျက်စီးသွားတာတွေကို ပြန်ပြင်ဖို့အတွက် သူမမိသားစု အားကိုးနေရတဲ့ စိုက်ပျိုးမြေ ၆ ဧကထဲက တစ်ဝက်ကို ပေါင်နှံလိုက်ရတယ်။ ဒီမြေမရှိဘဲ နောက်ရာသီမှာ ဘယ်လိုစိုက်ပျိုးရမလဲဆိုတာ သူမ မသေချာတော့ပါဘူး။"ငလျင်ကြောင့် ကျမတို့အိမ် ပျက်စီးသွားတော့ ကျွန်မမှာ တခြားရွေးချယ်စရာ မရှိခဲ့ဘူး။" လို့ သူမက ပြောပါတယ်။ "ဒါပေမဲ့ စိုက်ပျိုးရေးကို ဘယ်လိုဆက်လုပ်မလဲ၊ မိသားစုကို ဘယ်လိုထောက်ပံ့မလဲဆိုတာတွေအတွက် စိုးရိမ်ခဲ့ရတယ်။"မြန်မာနိုင်ငံအလယ်ပိုင်းအနှံ့မှာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ဘာကိုအရင်ပြင်ရမလဲ၊ ဘာကိုစွန့်လွှတ်လိုက်ရမလဲဆိုတဲ့ အလားတူတွက်ချက်မှုတွေနဲ့ပဲ ပြန်လည်ထူထောင်ရေးကို လုပ်ဆောင်ခဲ့ကြရတာပါ။၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ပြင်းအား ၇.၇ အဆင့် ရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့တုန်းက အလွန်အမင်း ခက်ခဲကျပ်တည်းနေတဲ့ လူမှုအသိုက်အဝန်းတွေ ထိခိုက်ခဲ့ပါတယ်။ စိုက်ပျိုးရေးက နေ့စဉ်လူမှုဘဝရဲ့ အသက်သွေးကြောဖြစ်တဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ ပျက်စီးဆုံးရှုံးမှုတွေဟာ နေအိမ်တွေသာမက ပိုမိုကျယ်ပြန့်ခဲ့ပါတယ်။ လယ်ကွင်းတွေ အက်ကွဲတာ၊ ဆည်မြောင်းစနစ်တွေ ပျက်စီးတာတွေအပြင် နောက်ပိုင်းရက်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရိတ်သိမ်းဖို့အဆင်သင့်ဖြစ်နေတဲ့ သီးနှံတွေပါ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ဘေးဒဏ်သင့်ဒေသတွေမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ရာ ငလျင်အပြီး ကောက်ယူခဲ့သော စစ်တမ်းများအရ ဒေသခံလူထု ၆၄ ရာခိုင်နှုန်းခန့်မှာ သီးနှံများပျက်စီးခြင်း၊ လုပ်ငန်းခွင်များ ပျက်စီးဆုံးရှုံးခြင်းတို့နဲ့အတူ အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။အချို့ဒေသတွေမှာ စိုက်ပျိုးရေး ဆုံးရှုံးမှုဟာ ၂၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး စိုက်ပျိုးရာသီအစမှာတင် ဝင်ငွေအားလုံး ဆုံးရှုံးခဲ့ရပါတယ်။ တောင်သူအများစုအတွက် ဒီဘေးအန္တရာယ်ဟာ စိုက်ပျိုးရာသီ တစ်ရာသီစာ ထိခိုက်ရုံတင်မဟုတ်ဘဲ နောင်မှာ စိုက်ပျိုးရေးလုပ်ငန်းကို ဆက်လုပ်နိုင်ပါဦးမလားဆိုတဲ့အထိ ခြိမ်းခြောက်ခဲ့တာပါ။မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်က ဒေါ်ချိုသန်းရဲ့ မိုးစပါးရိတ်သိမ်းမှုဟာ စားဖို့အတွက်ပဲ လောက်ငရုံရှိပြီး မပိုခဲ့ပါဘူး။ ပဲတီစိမ်းသီးနှံတွေ ပျက်စီးဆုံးရှုံးသွားတာကြောင့် အိမ်ပြင်စရိတ်၊ ကျန်းမာရေးစရိတ် ဒါမှမဟုတ် နောက်ရာသီစိုက်ပျိုးစရိတ်တွေအတွက် ဝင်ငွေမရှိတော့ပါဘူး။ရွေးချယ်စရာ သိပ်မရှိတာကြောင့် အိမ်ပြင်ဖို့အတွက် မြေကို ပေါင်နှံခဲ့ရပေမဲ့ ဒါဟာ မူလအခြေအနေ ပြန်ရောက်ဖို့ အချိန်အတော်ပေးရမယ့် ဆုံးဖြတ်ချက်မျိုးဖြစ်တာကို သူမ ကောင်းကောင်းကြီး သိနားလည်ထားပါတယ်။ သူမရဲ့ အတွေ့အကြုံက သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေရယူနိုင်ခွင့် မရှိဘဲနဲ့တော့ အခြေခံပြုပြင်မွမ်းမံမှုလေးတွေ လုပ်ဖို့အတွက်တောင်မှ ရေရှည်ထုတ်လုပ်နိုင်စွမ်းကို ရင်းနှီးပေးဆပ်လိုက်ရတယ်ဆိုတဲ့ ပကတိအခြေအနေမှန်ကို ထင်ဟပ်ပြနေပါတယ်။စစ်ကိုင်းတိုင်းဒေသကြီးက ဒေါ်မာရီကလည်း အလားတူဖိအားမျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မိသားစုအတွက် တစ်ဦးတည်းသော အားကိုးရာဖြစ်တဲ့ သူမဟာ မသန်စွမ်းဖြစ်နေတဲ့ ခင်ပွန်းသည်ကို စောင့်ရှောက်ရင်းနဲ့ ပျက်စီးနေတဲ့ အိမ်ခေါင်မိုးကို ပြင်ဖို့ လိုအပ်ခဲ့ပါတယ်။"ငွေသားထောက်ပံ့မှုရတာ အချိန်ကိုက်ပါပဲ။" လို့ သူမက ဆိုပါတယ်။ "ဒီအကူအညီသာ မရရင် အိမ်ခေါင်မိုးပြင်ဖို့အတွက် အတိုးများများပေးရတဲ့ ချေးငွေ ယူရတော့မှာပါ။"နောက်ပိုင်းလတွေမှာတော့ အချိန်ပိုင်းအလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်းအတွက် လိုအပ်တာတွေ ထောက်ပံ့ပေးတာတွေနဲ့ အိမ်ထောင်စုတွေ ဝင်ငွေ ပြတ်တောက်မသွားအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ လူပေါင်း ၆,၀၀၀ နီးပါးကို ၎င်းတို့လုပ်အားအတွက် ငွေသားထောက်ပံ့ခြင်း (cash-for-work) ကနေတစ်ဆင့် ကူညီပေးခဲ့သလို၊ လူပေါင်း ၂၈,၀၀၀ ကျော်ကိုလည်း အလုပ်အကိုင်တွေ ပြန်စနိုင်ဖို့အတွက် လိုအပ်တဲ့ အထောက်အပံ့တွေ ပေးနိုင်ခဲ့ပါတယ်။ UNDP အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ လုပ်အားခပေးတဲ့ အလုပ်အကိုင် အခွင့်အလမ်း ၄,၈၀၀ နီးပါးကို ဖန်တီးပေးခဲ့ပြီး၊ လူပေါင်း ၂၈,၀၀၀ ကျော်ဆီကိုလည်း အသက်မွေးဝမ်းကျောင်း အထောက်အပံ့တွေ ရရှိအောင် ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ဒါဟာ တခြားမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ကူညီပေးနိုင်ခဲ့တယ်ဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။ကျန်ခဲ့တာနဲ့ ပြန်လည်စတင်ခြင်းလူအများစုအတွက်တော့ မျိုးစေ့ဆိုတာ သတိမထားမိဘဲ ကျော်သွားတတ်တဲ့ သေးငယ်ပြီး တန်ဖိုးနည်းတဲ့၊ အရေးမပါလှတဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ စိုက်ပျိုးရေးကို အခြေခံတဲ့ လူ့အဖွဲ့အစည်းတွေမှာ မျိုးစေ့ဟာ အရာရာတိုင်းရဲ့ အစပျိုးရာ ဖြစ်ပါတယ်။ မျိုးစေ့မရှိရင် စိုက်ပျိုးလို့မရပါဘူး။ မစိုက်ပျိုးနိုင်ရင်တော့ ရိတ်သိမ်းစရာမရှိ၊ ဝင်ငွေမရှိတော့ဘဲ ပြန်လည် နာလန်ထူဖို့ လမ်းစလည်းပျောက်ဆုံးသွားရတာပါပဲ။ငလျင်လှုပ်ခတ်ပြီးနောက် တောင်သူအတော်များများဟာ သူတို့ရဲ့ သီးနှံတွေတင်မကဘဲ နောက်ရာသီအတွက် ပုံမှန်စုဆောင်းထားလေ့ရှိတဲ့ (သို့မဟုတ်) ဝယ်ယူလေ့ရှိတဲ့ မျိုးစေ့တွေကိုပါ ဆုံးရှုံးခဲ့ကြရပါတယ်။ ဒေသတွင်း ဈေးကွက်တွေ ရပ်တန့်သွားခဲ့တာကြောင့် ပုံမှန်အားဖြင့် အလွယ်တကူ လုပ်ဆောင်နိုင်တဲ့ကိစ္စဟာ အဟန့်အတားတစ်ခု ဖြစ်လာခဲ့ပါတယ်။ မိသားစုအတော်များများအတွက် မျိုးစေ့ရရှိနိုင်မှုဟာ ဒီအတိုင်း စောင့်ဆိုင်းမလား၊ ပြန်လည်စတင်မလား ဆုံးအဖြတ်ရမယ့် အရာ ဖြစ်ခဲ့ပါတယ်။နောက်ပိုင်းရက်သတ္တပတ်တွေမှာတော့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)လို ကုလသမဂ္ဂအေဂျင်စီတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အကူအညီတွေက ရပ်ရွာလူထုတွေဆီ ရောက်ရှိလာခဲ့ပြီး၊ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့အတွက် မျိုးစေ့တွေ၊ အခြေခံ သွင်းအားစုတွေနဲ့ လက်တွေ့ကျတဲ့ လမ်းညွှန်မှုတွေ ပံ့ပိုးပေးခဲ့တာကြောင့် တောင်သူအချို့ဟာ သူတို့ရဲ့ စိုက်ပျိုးခင်းတွေဆီ ပြန်သွားနိုင်ခဲ့ကြပါတယ်။ဒေါ်ချိုသန်းအတွက်လည်း စိုက်ပျိုးရေး ပြန်လည်လုပ်ကိုင်နိုင်ခဲ့ပါတယ်။သင်တန်းကနေ ရရှိလာတဲ့ နည်းပညာတွေကို အသုံးပြုပြီး သူမရဲ့ ကျန်ရှိနေတဲ့ စိုက်ပျိုးမြေပေါ်မှာ ဆောင်းသီးနှံအဖြစ် ပဲတီစိမ်းကို စိုက်ပျိုးခဲ့ပါတယ်။ ရလဒ်တွေဟာ အသင့်အတင့်ပဲ ဖြစ်ပေမဲ့ ပြန်လည်တည်ဆောက်ရေးစတင်ဖို့အတွက်တော့ လုံလောက်ခဲ့ပါတယ်။ နောက်ရာသီအတွက် မျိုးစေ့ချန်နိုင်ခဲ့သလို၊ မျိုးစေ့ကောင်းရဖို့ ခက်ခဲနေတဲ့ အခြားသူတွေကိုလည်း တစ်စိတ်တစ်ပိုင်း ပြန်လည်ရောင်းချပေးနိုင်ခဲ့ပါတယ်။“ကောင်းမွန်တဲ့ စိုက်ပျိုးရေး လက်တွေ့လုပ်ဆောင်မှု သင်တန်းနဲ့ မျိုးစေ့တွေက ကျွန်မကို အသစ်ကနေ ပြန်စနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။” လို့ သူမက ဆိုပါတယ်။ “အခုဆိုရင် နောက်ရာသီအတွက် မျိုးစေ့တွေ စုဆောင်းထားနိုင်သလို၊ တခြားသူတွေ လိုအပ်တဲ့အခါမှာတောင် ပြန်ရောင်းပေးနိုင်နေပါပြီ။”သင်တန်းက လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် အဓိကထားခဲ့တာပါ။ ငလျင်ကြောင့် ပြောင်းလဲသွားတဲ့ မြေဆီလွှာကို ဘယ်လိုစီမံမလဲ၊ ရေကို ဘယ်လိုခြွေတာမလဲနဲ့ ဒေသထွက်ပစ္စည်းတွေကို အသုံးပြုပြီး သွင်းအားစု စရိတ်ကို ဘယ်လိုလျှော့ချမလဲ ဆိုတာတွေ ဖြစ်ပါတယ်။ ငလျင်ဒဏ်နဲ့ နောက်ဆက်တွဲ ရေကြီးရေလျှံမှုဒဏ်တွေ ခံခဲ့ရတဲ့ အခြေအနေမှာ ပြန်လည်ထူထောင်ရေးဆိုတာ သွင်းအားစုတွေ ပြန်ရဖို့တင်မကဘဲ စိုက်ပျိုးပုံစနစ်တွေကို လိုက်လျောညီထွေပြောင်းလဲမှုအပေါ်မှာ မူတည်နေပါတယ်။ ဒီအားထုတ်ဆောင်ရွက်မှုတွေဟာ ဘေးဒဏ်သင့်ဒေသတွေက တောင်သူ အိမ်ထောင်စုပေါင်း ၉,၃၀၀ နဲ့အတူ ပူးပေါင်းပြီး ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ဒေသခံမိတ်ဖက်တွေအပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတွေ ပံ့ပိုးပေးနေတဲ့ ပိုမိုကျယ်ပြန့်တဲ့ ကူညီထောက်ပံ့မှုတွေရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ အလားတူ ကြိုးပမ်းမှုတွေကြောင့် တောင်သူမိသားစု ထောင်ပေါင်းများစွာဟာ စိုက်ပျိုးရေးလုပ်ငန်းတွေကို ပြန်လည်စတင်နိုင်ခဲ့ကြပါတယ်။ ဒါဟာ ဆုံးရှုံးခဲ့တာတွေကို အစားထိုးနိုင်တာမျိုး မဟုတ်ပေမဲ့ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုကို ပြန်လည်ရရှိစေခဲ့တာဖြစ်ပါတယ်။အသက်မွေးဝမ်းကျောင်းမှု ပုံစံအားလုံးကို နည်းလမ်းတစ်ခုတည်းနဲ့ ပြန်လည်ထူထောင်လို့ မရနိုင်ပါဘူး။ရှမ်းပြည်နယ်ရဲ့ အချို့ဒေသတွေမှာ Mercy Corps လို အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းကို တွဲဖက် လုပ်ကိုင်နေတဲ့ မိသားစုတွေရဲ့ စားဝတ်နေရေး ပြန်လည်ထူထောင်နိုင်ဖို့ အလေးထားဆောင်ရွက်နေပါတယ်။ အဲဒီဒေသမှာ ငလျင်ဒဏ်ကြောင့် စိုက်ပျိုးသီးနှံတွေ ပျက်စီးခဲ့ရုံသာမက နေ့စဉ်အသက်မွေးဝမ်းကျောင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ကိရိယာတွေလည်း ဆုံးရှုံးခဲ့ရပါတယ်။ ဥပမာအားဖြင့် ဦးကျော်စိုးဆိုရင် သူ့ရဲ့ စက်လှေအင်ဂျင် ပျက်စီးသွားတဲ့အတွက် ငါးဖမ်းဖို့၊ ကုန်ပစ္စည်းတွေ သယ်ယူဖို့နဲ့ ခရီးသွားလာဖို့အတွက်ပါ အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။အင်ဂျင်လဲပြီးတဲ့အခါမှာတော့ သူဟာ လုပ်ငန်းခွင်ထဲ ပုံမှန်ပြန်ဝင်နိုင်ခဲ့ပြီး နေ့စဉ်ဖမ်းမိတဲ့ ငါးပမာဏ တိုးလာသလို မိသားစုရဲ့ စားဝတ်နေရေး အကျပ်အတည်းကိုလည်း လျော့ပါးသက်သာစေခဲ့ပါတယ်။ “စက်လှေအင်ဂျင်က အရေးတကြီး လိုအပ်ခဲ့ပြီး အခုဆိုရင် တစ်မိသားစုလုံးအတွက် သိသိသာသာ ပြောင်းလဲသွားပါပြီ။” လို့ သူက ဆိုပါတယ်။သူ့လို မိသားစုတွေအတွက် ပြန်လည်ထူထောင်ရေးဆိုတာ စိုက်ပျိုးခဲ့သမျှတွေကိုသာမက အမျိုးမျိုးသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို တည်တံ့စေမယ့် နည်းလမ်းတွေကိုပါ ပြန်လည်ရရှိရေး ဖြစ်ပါတယ်။ အဲဒီ ကြိုးပမ်းဆောင်ရွက်မှုတွေအပြင် အသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက်လည်း အားဖြည့်ပေးခဲ့ပြီး၊ ပြည်သူတွေ စိုက်ပျိုးရေးကသာမက တခြားနည်းလမ်းမျိုးစုံကနေ ဝင်ငွေရလာအောင် ပံ့ပိုးပေးခဲ့ပါတယ်။ ဘေးဒဏ်သင့်ဒေသတွေမှာ လူပေါင်း ရာနဲ့ချီပြီး အဖွဲ့လိုက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်း တိုးတက်အောင် လုပ်နည်းသင်တန်းတွေနဲ့ နည်းပညာ၊ အတတ်ပညာ သင်တန်းတွေမှာ ပါဝင်ခဲ့ကြပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်အောင်လည်း မတည်ငွေတွေ ထောက်ပံ့ပေးခဲ့ပါတယ်။ UNDP က ကူညီပေးတဲ့ အစီအစဉ်တွေကနေတစ်ဆင့် အဖွဲ့လိုက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေမှာ လူပေါင်း ၇၀၀ ကျော်၊ စီးပွားရေး သင်တန်းတွေမှာ ၄၀၀ ကျော်ကို ကူညီနိုင်ခဲ့သလို၊ သက်မွေးသင်တန်းတွေနဲ့ လုပ်ငန်းတွေ ပြန်လည်နာလန်ထူလာအောင်လည်း ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ အကူအညီတွေပေးနေပေမဲ့ ပြန်လည်ထူထောင်ရေးက မချောမွေ့ခဲ့ပါဘူး။အချို့ဒေသတွေမှာ ငလျင်နဲ့ နောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေဖြစ်ပြီးနောက် စိုက်ပျိုးခင်းတွေဟာ သဲဖုံးလွှမ်းသွားတာမျိုး ဒါမှမဟုတ် ရေမျက်နှာပြင် အပြောင်းအလဲကြောင့် ပုံစံပျက်သွားတာမျိုးတွေ ဖြစ်ခဲ့ပါတယ်။ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်က ဦးသိန်းမင်းထက်ကတော့ သူ့ရဲ့ စပါးစိုက်ခင်းတွေ အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။“အခုဆို ဒီမြေမှာ မြေပဲကိုပဲ စိုက်လို့ရတော့မယ်လို့ ထင်ခဲ့တာ။” လို့ သူက ပြောပါတယ်။ “ဒါပေမဲ့ ကျွန်တော်တို့ရခဲ့တဲ့ အကူအညီတွေကြောင့် ပြန်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် မျှော်လင့်ချက်နဲ့ ရှေ့ဆက်ရမယ့် လမ်းစကို ပေးခဲ့တာပါပဲ။”သွင်းအားစုတွေထက် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့ ပိုမိုလိုအပ်ခဲ့ပါတယ်။ အခြေအနေသစ်အောက်မှာ ဘယ်လိုစိုက်ပျိုးရမလဲဆိုတာကို သင်ယူဖို့ ဖြစ်ပါတယ်။ တောင်သူအတော်များများအတွက် ပြန်လည်ထူထောင်ရေးဆိုတာ အရင်ကလို အထွက်နှုန်းမျိုး ပြန်ရဖို့ မဟုတ်တော့ဘဲ ပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့ ဖြစ်ပါတယ်။တိုးတက်မှုတွေရှိပေမယ့် ထိခိုက်လွယ်နေဆဲတိုးတက်မှုလက္ခဏာတွေရှိပါတယ်။တစ်ချိန်က ရပ်နားထားခဲ့ရတဲ့ စိုက်ပျိုးခင်းတွေမှာ ပြန်လည်စိုက်ပျိုးနေကြပါပြီ။ တောင်သူတွေဟာလည်း နည်းပါးပေမဲ့ အထွက်တိုးလာနေတဲ့ သီးနှံလေးတွေကို ဈေးကွက်ထဲ ပြန်လည်တင်ပို့နေကြပါပြီ။ အချို့ရပ်ရွာတွေမှာဆိုရင် အိမ်နီးချင်းများအချင်းချင်း မျိုးစေ့တွေ ဝေမျှပေးကြရင်း အခြားသူတွေ ပြန်လည် စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ကူညီနေကြပါတယ်။ဒါပေမဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေက သိမ်မွေ့ဆဲဖြစ်ပါတယ်။ နေအိမ်ရော ဝင်ငွေပါ ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေအတွက်တော့ တိုးတက်မှုက နှေးကွေးနေဆဲဖြစ်ပြီး အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေ၊ လက်ငင်းလိုအပ်ချက်နဲ့ ရေရှည်ရှင်သန်ရပ်တည်ရေးတို့အကြား ဟန်ချက်ညီဖို့လိုအပ်ချက်တွေရှိနေပါတယ်။လာမယ့်ကာလတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို သိသိသာသာ တိုးချဲ့လုပ်ဆောင်သွားဖို့ ရည်မှန်းထားပြီး၊ လုပ်အားခပေးတဲ့ စနစ်နဲ့ လူပေါင်း ၁ သိန်းခွဲ၊ အသက်မွေးဝမ်းကျောင်း အထောက်အပံ့တွေနဲ့ လူပေါင်း ၂ သိန်းခွဲအထိ ရောက်အောင် ကူညီပေးဖို့ လျာထားပါတယ်။ ဒီလို တိုးချဲ့လုပ်ဆောင်ရာမှာ UNDP မှ အဓိကအပိုင်းကနေ ပါဝင်ဖို့ ရည်မှန်းထားသလို အသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့ လေ့ကျင့်သင်ကြားရေး အခွင့်အလမ်းတွေကို ဦးတည် ပံ့ပိုးမှုတွေအပါအဝင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းများ ပြန်လည်ထူထောင်ရေးနဲ့ ငွေကြေးအရင်းအနှီး ရရှိနိုင်ဖို့တွေကိုလည်း ဆက်ပြီး ပံ့ပိုးကူညီပေးမှာ ဖြစ်ပါတယ်။အဲဒီ ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် မိသားစုအတော်များများ ဘဝကို အသစ်ကနေ ပြန်စနိုင်ခဲ့ကြပေမဲ့၊ အိမ်ထောင်စု အများအပြားကတော့ ပိုင်ဆိုင်မှု ပစ္စည်းအနည်းငယ်၊ လျော့နည်းသွားတဲ့ ဝင်ငွေနဲ့ ရိတ်သိမ်းချိန် အထွက်နှုန်း မသေချာမှု စတာတွေနဲ့အတူ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အဆက်မပြတ်စေဖို့နဲ့ တိုးချဲ့လုပ်ဆောင်နိုင်ဖို့အတွက် အားလုံးပူးပေါင်းပြီး အဆက်မပြတ် ကူညီပံ့ပိုးပေးသွားဖို့က အလွန် အရေးကြီးပါတယ်။ဒေါ်ချိုသန်းအတွက်တော့ သူမရဲ့ သီးနှံအထွက်နှုန်း တိုးတက်လာတာဟာ ဇာတ်လမ်းရဲ့ တစ်စိတ်တစ်ပိုင်းသာ ရှိပါသေးတယ်။ အိမ်ပြင်ဖို့အတွက် သူမပေါင်နှံခဲ့ရတဲ့ မြေကွက်ကိုတော့ အခုထိ ပြန်မရွေးနိုင်သေးပါဘူး။ပြန်လည်ထူထောင်ရေးဆိုတာ ဆုံးရှုံးသွားတာတွေကို မူလအတိုင်း ပြန်ရဖို့မဟုတ်ဘူးလို့ သူမက ဆိုပါတယ်။ဒါဟာ အရင်ကထက် နည်းပါးတဲ့ အရင်းအမြစ်တွေနဲ့ပဲ ရှေ့ဆက်လျှောက်လှမ်းနိုင်မယ့် နည်းလမ်းကို ရှာဖွေရခြင်းသာ ဖြစ်ပါတော့တယ်။ ဤဆောင်းပါးကို မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်ဒေသများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကူအညီများ၊ စိုက်ပျိုးရေးဆိုင်ရာ ရင်းမြစ်များ၊ ငွေကြေးထောက်ပံ့မှုများ၊ သင်တန်းများနှင့် အခြေခံလိုအပ်သော ဝန်ဆောင်မှုများအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးပေးနေသည့် ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများထံမှ ရရှိသော မြေပြင် အချက်အလက်များနှင့် လုပ်ငန်းစီမံချက်ဆိုင်ရာ အချက်အလက်များကို အခြေခံ၍ ပြုစုထားခြင်း ဖြစ်ပါသည်။