ရာသီဥတု ပြောင်းလဲမှုအတွက် ခံနိုင်ရည်ပျိုးထောင်ခြင်း
ရှမ်းပြည်နယ်က လူငယ်များ ရာသီဥတု ပြောင်းလဲမှုကို ဘယ်လိုအံတုတိုက်ဖျက်နေကြသလဲ
မြန်မာနိုင်ငံ၊ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့အနီးက ပအို့ဝ်ရွာငယ်လေးက သီးနှံပင်တွေအတွက် မုတ်သုံမိုးက ခေတ်အဆက်ဆက် အာဟာရဖြည့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၄ ခုနှစ်မှာတော့ ဒီလိုမဟုတ်တော့ပါဘူး။
"အရင်က ဒီလိုတစ်ခါမှမဖြစ်ဖူးဘူး။ ရေတွေက အိမ်ထဲ အထိတက်လာတယ်" လို့ အသက် ၅၇ နှစ်အရွယ် အဘွား ဒေါ်နန်းမူထွေးက ပြောပြပါတယ်။ နိုင်ငံတဝန်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဝေးက ချောင်းတွေမှာ ရေကြီးရုံတင်မကဘဲ ကျေးရွာရဲ့ အလယ်အထိ ရေကြီးလာခဲ့ပြီး အိုးအိမ်တွေနဲ့ သက်မွေးလုပ်ငန်းတွေကိုပါ ခြိမ်းခြောက်လာခဲ့ပါတယ်။
မကြုံစဖူး ရေကြီးမှုကြောင့် တစ်ရွာလုံး ထိတ်လန့်တုန်လှုပ်ပြီး အားလုံးဘေးကင်းဖို့ ကြိုးစားခဲ့ကြရသလို အရေးကြီးတပ်လှန့်နှိုးလိုက်သလို ဖြစ်ခဲ့ကြပါတယ်။ ၂၀၂၄ မုတ်သုံရာသီမှာ ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်းက လူတစ်သန်းကျော်ခန့် ထိခိုက်ခဲ့ရသလို ဒီရွာလေးမှာနေထိုင်သူတွေအတွက်ကတော့ ရေကြီးရတဲ့အကြောင်းရင်းကို သေသေချာချာသိခဲ့လိုက်ရပါတယ်။
"ကျွန်မအထင်ပြောရရင် သစ်ပင်တွေပိုနည်းလာလို့ဖြစ်မယ်" ဟု ဒေါ်နန်းမူထွေးက ဆိုပါတယ်။ "ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ လူတွေက သစ်ပင်တွေအများကြီး ခုတ်ကြတယ်။" အရင်ကဆို ဘေးပတ်ပတ်လည်က သစ်တောက ထူထပ်ပြီး ရေကြီးတယ်ဆိုတာ ဒီရွာမှာ တစ်ခါမှမကြားဖူးဘူးလို့ ဆိုပါတယ်။ အခုတော့ မိုးနည်းနည်းသည်းထန်တာနဲ့ ရေက လူနေအိမ်တွေအထိ ရောက်လာခဲ့ပါတယ်။
ဒီလိုဖြစ်တယ်ဆိုတာကို လူကြီးတွေပဲ ယုံကြည်ကြတာမဟုတ်ပါဘူး။ ရွှေမြ၊ ၁၉ နှစ်၊ က ရေကြီးရေလျှံမှုကြောင့် မိသားစုစိုက်ခင်းတွေ ပျက်စီးခဲ့ရတာကို ကိုယ်တိုင်ကြုံခဲ့ရပါတယ်။ "သစ်ပင်တွေ မရှိတော့တာက အဓိကအကြောင်းရင်းဖြစ်မယ်ထင်တယ်" လို့ သူကပြောပါတယ်။ "သစ်ပင်တွေနည်းလာတဲ့အတွက် သူတို့ရဲ့ အမြစ်တွေက ရေအများကြီး မစုပ်ယူနိုင်တော့ဘူး။ ဒီတော့ မိုးတွေရွာတဲ့အခါ ရေကြီးရေလျှံမှုတွေ ပိုများလာတယ်။" လို့ သူ့ရဲ့ ယူဆချက်ကို ပြောပြပါတယ်။
ဒီလိုရာသီဥတု ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့အတွက် ကလေးတွေနဲ့ လူငယ်တွေက သူတို့ရဲ့စိုးရိမ်စိတ်တွေကို အလုပ်အဖြစ် ပြောင်းလဲခဲ့ကြပါတယ်။ ယူနီဆက်ရဲ့ ပံ့ပိုးမှုနဲ့ သူတို့ရဲ့ ဘိုးဘေးတွေကတည်းကနေထိုင်လာကြတဲ့ ပတ်ဝန်းကျင်မှာ အပင်တွေ ပြန်ပြီး စတင်စိုက်ပျိုးခဲ့ကြပါတယ်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှာ ယူနီဆက်က ကျေးရွာထဲက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနဲ့ အနီးက တောင်ကုန်းပေါ်မှာ သစ်ပင်စိုက်ပွဲအခမ်းအနားတစ်ခု ပြုလုပ်ခဲ့ပါတယ်။ စိုက်ပျိုးဖို့စိတ်အားထက်သန်နေကြတဲ့ ကျေးရွာလူငယ်တွေကြားမှာ အသက် ၁၉ နှစ်အရွယ် ရွှေမြတစ်ယောက်လည်း အပါအဝင် ဖြစ်ပါတယ်။ "သူငယ်ချင်းတွေနဲ့အတူတူ သစ်ပင်စိုက်ရတာ ပျော်စရာကောင်းတယ်" လို့ ရွှေမြက ပြောပြပါတယ်။ "ယူနီဆက်က ကျွန်မတို့ကို ပျိုးပင်တွေပေးတယ်။ ပြီးတော့ အပင်စိုက်ဖို့ အားလုံးလာကူညီကြတယ်။"
လူငယ်တွေရဲ့ စိတ်အားထက်သန်မှုကနေ ဖြစ်ပေါ်လာတဲ့ သစ်ပင်စိုက်တဲ့ အလေ့အကျင့်ဟာ ဘုန်းတော်ကြီးကျောင်းမြေတခွင်ကို ကျော်လွန်ပြီး ပျံ့နှံ့သွားခဲ့ပါတယ်။ မိသားစုတွေက လက်ကျန်ပျိုးပင်ငယ်တွေကို ယူသွားပြီး သူတို့အိမ်အနီးဝန်းကျင်တွေမှာ စိုက်ပျိုးကြတယ်။ အခုဆိုရင် ကလေးတွေနဲ့ လူငယ်တွေက ဘုန်းကြီးကျောင်းသွားတဲ့အခါတိုင်း သူတို့စိုက်ခဲ့တဲ့ အပင်လေးတွေကို ကြည့်ပြီး တဖြည်းဖြည်းကြီးလာတဲ့မြင်တဲ့အခါ ကြည်နူးပီတိဖြစ်နေကြပါတယ်။
ရွှေမြအတွက် သူ့ရဲ့ပထမဆုံးသစ်ပင်ကို စိုက်ပျိုးခဲ့တဲ့အခိုက်အတန့်က သူ့အတွက်တော့ တကယ်ကို အမှတ်တရဖြစ်စေမယ့် အခိုက်အတန့်လေးပါပဲ။ "အခုစိုက်လိုက်တဲ့ အပင်လေးက ပန်းတွေနဲ့ဆို ဘယ်လောက်များ လှလိုက်မလဲ။ ပန်းတွေပွင့်လာရင် ဘယ်လောက်များ ကျေနပ်စရာကောင်းလိုက်မလဲလို့ ကျွန်မတွေးနေမိတယ်" လို့ သူက ဆိုပါတယ်။
ဒီအစီအစဉ်က ရပ်ရွာအသိုက်အဝိုင်းများကိုယ်တိုင် ရာသီဥတုပြောင်းလဲမှုကို အန်တုဖို့အတွက် လေ့ကျင့်ပေးတဲ့ ယူနီဆက်ရဲ့ ကြိုးပမ်းမှုတွေထဲက တစ်ခုဖြစ်ပါတယ်။ "ရပ်ရွာလူထုဆီက စိတ်အားထက်သန်မှုတွေကို ကျွန်မတို့ တွေ့ခဲ့ရတယ်။ အထူးသဖြင့် ကလေးတွေနဲ့ လူငယ်တွေပေါ့။ သူတို့က သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိန်းသိမ်းရမလိုဆိုတာကို အရမ်းသိချင်နေကြတယ်” လို့ ယူနီဆက်က အရေးပေါ်အရာရှိ မအေးဇာမျိုးဟန်က ပြောပြပါတယ်။ "ကလေးတွေက သူတို့ရဲ့ကိုယ်ပိုင်အပင်လေးတွေကို ပြုစုတဲ့တာဝန်ကို ယူကြပြီး ကြီးထွားလာတာကို မြင်ရတော့ သဘာဝပတ်ဝန်းကျင်ကို တစ်သက်တာ ထိန်းသိမ်းစောင့်ရှောက်မယ့်သူတွေ ဖြစ်လာကြမှာပါ။"
ဒီဒေသတွင်း လှုပ်ရှားမှုဟာ အာဆီယံဒေသတလွှားမှာ ကြီးထွားလာနေတဲ့ လှုပ်ရှားမှုကို ထင်ဟပ်နေပြီး လူငယ်တွေဆိုတာ ရာသီဥတုအရေး လှုပ်ရှားမှုမှာ အရန်လူတွေမဟုတ်တော့ဘဲ ဦးဆောင်သူတွေ ဖြစ်လာခဲ့ပါတယ်။ မကြာသေးမီက ကျင်းပခဲ့တဲ့ အာဆီယံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကလေးသူငယ်များနဲ့ လူငယ်များထိပ်သီးအစည်းအဝေး ၂၀၂၅ မှာ အသားပေးဖော်ပြခဲ့သလိုပဲ လူငယ်တွေဆိုတာ အနာဂတ်အတွက်တင်မဟုတ်ဘဲ အခုအချိန်ကစပြီး "အဖြေရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်ဆိုတာ" အသိအမှတ်ပြုရပါမယ်။ ရွှေမြနဲ့ သူငယ်ချင်းတွေရဲ့ လုပ်ဆောင်ချက်တွေက မြန်မာနိုင်ငံက လူငယ်တွေဟာ မိမိတို့ရဲ့ ကိုယ်ပိုင် ရပ်ရွာလူထုအတွက် ပိုပြီးရာသီဥတုဒဏ်ခံနိုင်ရည်ရှိတဲ့ အနာဂတ်တွေကို ပုံဖော်ရာမှာ အခြေခံကျတယ်ဆိုတဲ့ အကောင်းဆုံးဥပမာပဲ ဖြစ်ပါတယ်။
လူကြီးတွေကလည်း သူတို့ရဲ့ အသိပညာတွေကို မျှဝေပေးပါတယ်။ "သစ်ပင်ကြီးတစ်ပင်ကို ခုတ်ရမယ်ဆိုရင် အမြစ်ကနေ မခုတ်နဲ့" လို့ ရေရှည်အတွက် စဉ်းစားပြီး ဒေါ်နန်းမူထွေးက အကြံပေးပါတယ်။ "အလယ်ကနေ ခုတ်ရင် ပြန်ပြီး ပေါက်လာနိုင်တယ်။ ဒါဆို ပြန်ရှင်လာမှာပေါ့။"
"သစ်ပင်တစ်ပင်ကို အပြီးခုတ်ချပစ်လိုက်ရင် နောက်တစ်ကြိမ် အပင်ကြီးပြန်ဖြစ်လာဖို့ဆိုတာ မလွယ်တော့ဘူး" လို့ ရွှေမြက ပြောရင်း သူစိုက်ပျိုးထားတဲ့ အပင်ရဲ့ အရိပ်အောက်မှာ တစ်နေ့ထိုင်မယ်လို့ စိတ်ကူးနေတာဖြစ်ပါတယ်။ သူ့ရဲ့အိပ်မက်က သူတစ်ယောက်တည်းအတွက် မဟုတ်ပါဘူး။ စိုက်ပျိုးလိုက်တဲ့ ပျိုးပင်ငယ်တစ်ပင်တိုင်းကို ကျေးရွာလူထုက အနာဂတ်ရဲ့ သစ်ပင်တစ်ပင်အနေနဲ့တင်မြင်တာမဟုတ်ဘဲ ရေကြီးမှုတွေကနေ ကာကွယ်ပေးမယ့် အကာအကွယ်၊ အေးမြတဲ့ အရိပ်ဆိုတာအပြင် သူတို့ကလေးတွေအတွက် ပိုပြီးဘေးကင်းလုံခြုံတဲ့ မနက်ဖြန်တွေကို ပုံဖော်နိုင်တယ်ဆိုတဲ့ အစွမ်းထက်တဲ့ သတိပေးစကားလည်း ဖြစ်ပါတယ်။ ရာသီဥတုဖောက်ပြန်မှုကိုတုန့်ပြန်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့စတင်ခဲ့တဲ့ အရာတစ်ခုက အခုဆိုရင် ခံနိုင်စွမ်းတွေ၊ မျှော်လင့်ချက်တွေကို တည်ဆောက်ပေးမယ့် လူငယ်တွေရဲ့ လှုပ်ရှားမှုတစ်ခုအဖြစ် ဖူးပွင့်လာခဲ့ပြီဖြစ်ပါတယ်။ မရွှေမြတို့လို လူငယ်တွေရဲ့ ဦးဆောင်မှုက ဒီနေ့သူတို့ ရွေးချယ်လိုက်တဲ့ ရွေးချယ်မှုတွေက အနာဂတ်မှာ သူတို့အမွေရမယ့် အနာဂတ်ကို သတ်မှတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
*ဤဆောင်းပါးကို UNICEF Myanmar website တွင် မူရင်းရေးသား ထုတ်ဝေထားပါသည်။