ပဋိပက္ခ၏ ဒဏ်ကို ခါးစည်းခံနေရသော မြန်မာကလေးငယ်များ
"မြန်မြန်ငြိမ်းချမ်းစေချင်ပါပြီ၊ ဒါမှ သမီးတို့ အိမ်ပြန်နိုင်မှာ" ကျန်းဆောင်၊ ၁၆ နှစ်။
မြန်မာနိုင်ငံမှာ ပိုမိုပြင်းထန်လာသော ပဋိပက္ခများကြောင့် ကလေးငယ်သန်းပေါင်းများစွာရဲ့ ဘဝတွေ၊ အနာဂတ်တွေက မရေရာတဲ့အခြေအနေမှာ ရှိနေပြီး နက်ရှိုင်းတဲ့လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းထဲ ကျရောက်နေပါတယ်။ ကလေးသူငယ်ပေါင်းများစွာဟာ ပဋိပက္ခတွေကြားမှာ ပိတ်မိနေကြပြီး အသက်ဆုံးရှုံးသူ၊ ထိခိုက်ဒဏ်ရာရသူ၊ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးရပြီး ဘေးကင်းလုံခြုံမှုနဲ့ ကိုယ်စိတ်ကျန်းမာရေး အန္တရာယ်အမျိုးမျိုးကို ကြုံတွေ့နေရသူ ကလေးပေါင်းများစွာ ရှိနေပါတယ်။ သူတို့လေးတွေရဲ့ ကလေးဘဝဆိုတာ ပျော်ရွှင်ခြင်းအစား ကြောက်စိတ်တွေ၊ မရေရာစိတ်တွေနဲ့ အစားထိုးခံနေရပါတယ်။
"မြန်မာနိုင်ငံမှာ ဒီလိုနေနေရတာ မယုံနိုင်လောက်အောင် ထူးဆန်းသလိုခံစားရတယ်။ မြန်မြန်ငြိမ်းချမ်းစေချင်လှပြီ၊ ဒါမှ သမီးတို့ အိမ်ပြန်လို့ရမှာ" လို့ မြန်မာနိုင်ငံမြောက်ဖျားပိုင်းက အသက် ၁၆ နှစ်အရွယ် ကျန်းဆောင်က ရင့်ကျက်မှုအပြည့် လေးလံတဲ့အသံနဲ့ ဆိုပါတယ်။
ပြီးခဲ့တဲ့ငါးလလုံးမှာကချင်ပြည်နယ် စစ်ဘေးရှောင်စခန်းတစ်ခုရဲ့ အခန်းကျဉ်းလေးက မိသားစုဝင် ခုနစ်ယောက်ရှိတဲ့ ကျန်းဆောင်တို့မိသားစုရဲ့ နေအိမ်ဖြစ်ခဲ့ရပါတယ်။
ဘဝဆိုတာ ဒီလိုမျိုး အမြဲတမ်း ဖြစ်မနေပါဘူး။ ဒါပေမဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာတော့ ကျန်းဆောင်အတွက် အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ ကြောက်မက်ဖွယ်ရာတိုက်ပွဲတွေက သူသိထားခဲ့တဲ့ ငြိမ်းချမ်းတဲ့ အသိုင်းအဝိုင်းလေးနဲ့ သူ့ဘဝကို တစ်စစီပြိုကွဲစေခဲ့ပါတယ်။ အသက် ၁၅ နှစ်ပဲရှိသေးတဲ့ ငယ်သူငယ်ချင်းတစ်ဦးဟာလည်း အိမ်ရှေ့ကို ကျရောက်ပေါက်ကွဲခဲ့တဲ့ ဗုံးစထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။
ဒီမြင်ကွင်းက အခုထိ ကျန်းဆောင်ရဲ့ မျက်လုံးထဲကမထွက်သေးပါဘူး။ "ကျွန်မ အရမ်းကြောက်နေခဲ့တယ်။ 'ဒါက ကျွန်မတို့ မျိုးဆက်ရဲ့ ကံကြမ္မာဖြစ်နေပြီလား'ဆိုပြီး ကျွန်မတွေးနေခဲ့မိတယ်။ ကျွန်မက ကျောင်းသွားရမယ့် အရွယ်ပဲရှိသေးတာ၊ အခုဆိုရင်ကျွန်မသူငယ်ချင်းလည်း မရှိတော့ဘူး။ ထွက်ပြေးလို့လည်းမရဘူး... 'နောက်ထပ်သေရမယ့်သူက ငါလား' လို့ပဲ ကျွန်မစိတ်ထဲမှာ အဲဒါပဲအမြဲတွေးနေမိတယ်။"
အဲ့ဒီနောက်ပိုင်းတော့ ကျန်းဆောင်တို့ မိသားစုဟာ သူတို့ရဲ့အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပြီးနောက် မိသားစုတွေလည်း တကွဲတပြားဖြစ်ခဲ့ကြရပါသေးတယ်။ မရေမရာမှုတွေကြားမှာ တစ်နေရာက တစ်နေရာရွှေ့ပြောင်းပြီး လနဲ့ချီကြာမြင့်လာချိန်မှာတော့ အိမ်ငှားဖို့မတတ်နိုင်တော့တဲ့အတွက် စစ်ဘေးရှောင်စခန်းမှာပဲနေဖို့ ဖြစ်လာခဲ့ပါတယ်။
စစ်ဘေးရှောင်စခန်းမှာနေထိုင်ရတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တစ်ဦးအတွက် အရေးကြီးတဲ့ အကာအကွယ်တစ်ခုဖြစ်တဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ်ရေးလုံခြုံမှုရှိဖို့ ခက်ခဲလှပါတယ်။ အထူးသဖြင့် ညဘက်တွေမှာ အိမ်သာသွားရတာ ကျန်းဆောင်အတွက်တော့ ကြောက်စရာကောင်းလှပါတယ်။ အိမ်သာတွေက ကျားမသီးသန့်မခွဲထားသလို သန့်ရှင်းမှုလည်း အားနည်းပြီး ဘေးကင်းမှုလည်း မရှိလှပါဘူး။ ရေချိုးဖို့အတွက် သီးသန့်နေရာတစ်ခုမရှိခဲ့တာ အချိန်အတော်ကြာပါတယ်။ နောက်မှ ဖခင်ဖြစ်သူက သမီးဖြစ်သူ လုံလုံခြုံခြုံ ရေချိုးနိုင်ဖို့ ယာယီအကာအရံလေး လုပ်ပေးခဲ့ပါတယ်။
သူ့ရဲ့ ဓမ္မတာလာချိန်မှာ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ဖို့ကလည်း နောက်ထပ်ကြီးမားတဲ့ အခက်အခဲတစ်ခု ဖြစ်ပြန်ပါတယ်။ လစဉ်သုံးပစ္စည်း ဝယ်ဖို့ပိုက်ဆံမရှိတဲ့အတွက် တစ်ခါတရံ သူငယ်ချင်းတွေဆီက ချေးသုံးခဲ့ရသလို သုံးပြီးသားပစ္စည်းတွေကို စွန့်ပစ်ဖို့အတွက်လည်း နေရာသတ်သတ်မှတ်မှတ် မရှိပါဘူး။ ဒီလိုနေ့စဉ်နဲ့အမျှ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေနဲ့ စိတ်ဒဏ်ရာတွေကို အားတင်းပြီးသည်းခံနေရပါတယ်။ အတန်းဖော်တွေထက် နောက်ကျမှာကို စိုးရွံ့ပေမယ့် " တစ်ခါတလေ ကျွန်မ ကျောင်းတောင်မတက်ချင်တော့ဘူး" လို့ ဆိုပါတယ်။
ဒီလိုအခက်အခဲတွေကြားမှာ ယူနီဆက်က ပံ့ပိုးပေးတဲ့ ကလေးပျော်နေရာလေးဟာ ကျန်းဆောင်အတွက် မရှိမဖြစ်လိုအပ်တဲ့ နားခိုရာနေရာတစ်ခု ဖြစ်စေပါတယ်။ ဒီနေရာမှာ ကျန်းဆောင်က တခြားကလေးတွေနဲ့အတူ ကြက်တောင်ရိုက်ကစားပြီး အပန်းဖြေလှုပ်ရှားမှုတွေမှာလည်း ပါဝင်နေပါတယ်။ "ခဏလေးပဲဖြစ်ဖြစ် ဒါက ပျော်ရွှင်ရတဲ့အချိန်လေးပါ" လို့ ကျန်းဆောင်က ပြုံးပြီးပြောပါတယ်။ ဒီလိုအခိုက်အတန့်တွေက သူမနဲ့ တခြားကလေးငယ်တွေအတွက် စိတ်ဖိစီးစရာ ပတ်ဝန်းကျင်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ရာ အရေးပါတဲ့ လူမှုစိတ်ပိုင်း ပံ့ပိုးမှုတွေကို ရရှိစေပါတယ်။
မကြာသေးမီက မကျန်းဆောင်က မရှိမဖြစ်သုံးပစ္စည်းများ ပါဝင်တဲ့ ယူနီဆက် ကလေးသူငယ်ကာကွယ်ရေး ပစ္စည်းအထုပ်တစ်ခုကို လက်ခံရရှိခဲ့ပါတယ်။ ပစ္စည်းထုပ်ထဲမှာ ဘီး၊ ဆပ်ပြာ၊ အတွင်းခံ၊ အဝတ်အစား၊ လစဉ်သုံးပစ္စည်းနဲ့ တခြားအသုံးဝင်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ပါဝင်ပါတယ်။ သူ့အကြိုက်ဆုံး ပစ္စည်းကဘာလဲဆိုတာမေးကြည့်တော့ "လစဉ်သုံးပစ္စည်းပါ" လို့ ချက်ချင်းပြန်ဖြေခဲ့ပါတယ်။ ဒီရိုးရှင်းတဲ့ ပစ္စည်းလေးတွေက သူမအတွက်တော့ နေ့စဉ်ဘဝ စိတ်ဖိစီးမှုတွေကို သိသိသာသာ လျော့ပါးသက်သာစေပါတယ်။
မြန်မာနိုင်ငံတဝန်းက ကလေးတွေအတွက် မရှိမဖြစ် အသုံးအဆောင်ပစ္စည်းတွေသာမကဘဲ ဘေးကင်းရာနေရာနဲ့ လူမှုစိတ်ပိုင်းပံ့ပိုးမှုတွေကိုပေးနိုင်တဲ့ ဒီလိုအရေးပါတဲ့ ပံ့ပိုးမှုတွေကို မိတ်ဖက်အဖွဲ့အစည်းများရဲ့ သဒ္ဒါထက်သန်လှတဲ့ လှူဒါန်းမှုတွေကြောင့် ပံ့ပိုးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ကျန်းဆောင်လို မိန်းကလေးတွေအတွက် ဒါဟာ ပညာရေး၊ ကုစားရေးနဲ့ အိပ်မက်တွေလို အရေးကြီးဆုံးအရာတွေကို အာရုံစိုက်နိုင်အောင် လုပ်ဆောင်ပေးတဲ့ အသက်သွေးကြောဆိုရင်လည်း မမှားပါဘူး။
အခုလို ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတဲ့တိုင် ကျန်းဆောင်ရဲ့ စိတ်က မယိမ်းယိုင်ခဲ့ပါဘူး။ သူက ဘောလုံးသမားတစ်ယောက်ဖြစ်လိုတဲ့ အိပ်မက်ရှိပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ကာ ခရစ္စတီယာနို ရော်နိုဒိုက သူ့အကြိုက်ဆုံး ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒါက သူဟာ အနာဂတ်အတွက် မျှော်လင့်ချက်အပြည့်နဲ့ ဆယ်ကျော်သက်တစ်ဦးဖြစ်နေဆဲပဲဆိုတာ သတိပေးလိုက်တာပါပဲ။ ဒါပေမဲ့ သူ့ရဲ့အဖြစ်ချင်ဆုံး ဆန္ဒကတော့ သူ့ကမ္ဘာကြီးကို ဇောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တဲ့ ပဋိပက္ခကြီးကို အဆုံးသတ်စေချင်တာပဲဖြစ်ပါတယ်။
"သမီး ဒီမှာဆက်မနေချင်တော့ဘူး" လို့ ငြိမ်းချမ်းတဲ့နေအိမ်ကို တမ်းတရင်း အင်အားပြည့်တဲ့အသံနဲ့ ပြောပါတယ်။ "ဘာကိုမှ မထိတ်မလန့်ရဘဲနဲ့ အိပ်ချင်တယ်၊ ကျောင်းပြန်တက်ချင်တယ်၊ သူငယ်ချင်းတွေနဲ့ ကစားချင်တယ်၊ မီးဖိုချောင်ထဲမှာ အမေ့ကို ကူညီချင်တယ်။ ကျွန်မ လုံလုံခြုံခြုံနေချင်တယ် —ကလေးတစ်ယောက်လိုပဲနေချင်တယ်။"
*ဤဆောင်းပါးကို UNICEF Myanmar website တွင် မူရင်းရေးသား ထုတ်ဝေထားပါသည်။
ပါဝင်သော အမည်များနှင့် တည်နေရာများကို လူတစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ရန်အတွက် ပြောင်းလဲထားပါသည်။