အနီရောင်ထဲရောက်နေတာ မြင်လိုက်တဲ့အချိန်မှာ ကျွန်မနှလုံးခုန်တာတောင် ရပ်သွားသလိုပဲ
ငလျင်ဘေးသင့် မန္တလေးတိုင်းဒေသကြီးက မိခင်တစ်ဦး၏ ထိတ်လန့်မှုဆီမှသည် မျှော်လင့်ချက်ဆီ ခရီးရှည်
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဆင်ခြေဖုံးမြို့နယ်က မိသားစုအများစုဟာ ယိုင်နဲ့နဲ့အိမ်လေးတွေမှာ နေထိုင်ပြီး ယာတောနဲ့ ဈေးတွေမှာ နေ့စားအလုပ်လုပ်ရင်း စားဝတ်နေရေးကို ဖြေရှင်းကြရပါတယ်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နေ့လယ်စားချိန်မှာ ငလျင်ကြီးစတင်လှုပ်ခတ်တဲ့ အချိန်မှာ အသက် ၄၀ နှစ်အရွယ် မငြိမ်းအိသွယ်က နေအိမ်အတွင်းမှာ ထမင်းချက်နေပြီး အနီးမှာ သူ့ရဲ့အငယ်ဆုံးကလေးနှစ်ယောက်က ကစားနေကြပါတယ်။ ရုတ်တရက် မြေကြီးက အသံကျယ်ကြီးမြည်ပြီး ပြင်းပြင်းထန်ထန် လှုပ်ခတ်ခဲ့ပါတယ်။ "အိုးတွေကျကွဲပြီး နံရံတွေက ကျွီကျွီနဲ့ အသံတွေထွက်လာတယ်။ ကလေးတွေကလည်း လန့်ပြီးအော်ငိုကြတယ်။အိမ်က အကောင်းကြီးကနေ ပြိုကျတော့မယ်ထင်ပြီး ကျွန်မကလေးတွေလက်ကို ဆွဲပြီး ထွက်ပြေးခဲ့တယ်။"
သူ့ရဲ့ အိမ်က အက်သွားပေမယ့် ပြိုမကျခဲ့ပါဘူး။ အိမ်နီးချင်းအများစုကတော့ ဒီလောက် ကံမကောင်းကြဘူး။ မီတာအနည်းငယ်အကွာက ခဲအိုဖြစ်သူရဲ့ အိမ်ပြိုကျပြီး ခဲအိုဖြစ်သူ ဆုံးပါးသွားခဲ့ပါတယ်။ သူ့ကလေးနှစ်ဦးလည်း ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ပါတယ်။ "လမ်းထဲမှာ ငိုသံတွေချည်းပဲ။ လူတွေက အပျက်အစီးတွေကြားထဲမှာ မိသားစုတွေကို လိုက်ရှာကြတယ်။ ကျွန်မတို့ အသက်ရှင်ခဲ့ပေမယ့် ဆုံးရှုံးမှုကတော့ အများကြီးပဲ။"
အဲဒီနောက်ပိုင်းရက်တွေမှာ နောက်ဆက်တွဲငလျင်တွေက ဆက်တိုက်လှုပ်နေတော့ မိသားစုတွေက ကြောက်ပြီး အပြင်မှာထွက်အိပ်ကြပါတယ်။ ညဘက်တွေမှာ ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်နေသလို နေ့ဘက်တွေမှာလည်း ငိုကြွေးရင်း ရနိုင်သမျှ စားစရာလေးတွေကို ခြစ်ကုပ်ရှာဖွေစားသောက်ကြရပါတယ်။ စာသင်ကျောင်းတွေ ပိတ်ထားတယ်။ ဈေးတွေလည်း ပျက်စီးသွားတော့ နေ့စဉ် ခက်ခက်ခဲခဲ ရှင်သန်ခဲ့ကြရပါတယ်။
မငြိမ်းအိသွယ်ရဲ့ အငယ်ဆုံးသမီးလေးအတွက်တော့ ဒီကပ်ဘေးက သိပ်ကို ရက်စက်လွန်းခဲ့ပါတယ်။ ရွယ်တူတွေထက် ပိုသေးငယ်ပြီး အစားရွေးတဲ့ နှစ်နှစ်သမီး ရှင်မင်းအိက ငလျင်ဘေးကြုံပြီးနောက်ပိုင်းမှာ အစာလုံးဝ မစားသလောက်နီးနီး ဖြစ်သွားပါတယ်။ "သူအားလုံးဝ မရှိတော့ဘူး" လို့ မိခင်ဖြစ်သူက ပြောပြပါတယ်။ "သူ့လက်မောင်းလေးတွေ၊ ခြေထောက်ကလေးတွေက တစ်နေ့ထက်တစ်နေ့ ပိုပိုသေးလာတယ်။ သူက ကျွန်မနားပဲကပ်နေပြီး ညဆို ငိုရော။ ကျွန်မလက်ထဲကနေ ပျောက်သွားတော့မယ်ပဲ ကျွန်မထင်ခဲ့မိတယ်။"
၈.၅ ကီလိုဂရမ်ပဲရှိတဲ့အတွက် ရှင်မင်းအိကိုယ်အလေးချိန်က သူ့အသက်နဲ့စာရင် ကျန်းမာတဲ့ ကိုယ်အလေးချိန်အောက် အများကြီးရောက်နေတာဖြစ်ပါတယ်။
မကြာသေးမီက ယူနီဆက်အဖွဲ့တွေက ကျေးရွာကို ရောက်ရှိလာပြီး ကလေးတစ်ယောက်ချင်းစီကို စစ်ဆေးပေးခဲ့ကြပါတယ်။ မငြိမ်းအိသွယ်က သမီးရဲ့ အရွယ်အစား သေးငယ်နေတာကို အမြဲစိုးရိမ်နေခဲ့သလိုပဲ စစ်ဆေးမှုအရ သူ့အကြောက်ဆုံးအရာကို အတည်ပြုနိုင်ခဲ့ပါတယ်။ လက်မောင်းလုံးပတ်တိုင်းတာချက်အရ ပြင်းထန်အာဟာရချို့တဲ့မှတ် အနီရောင်ဇုံထဲ ရောက်ရှိနေခဲ့ပါတယ်။ "အစပိုင်းတော့ ကျွန်မနားမလည်ဘူး။" "နောက်တော့ အနီရောင်ဆိုတာ အန္တရာယ်ဖြစ်တယ်လို့ ရှင်းပြတယ်။ ကျွန်မနှလုံးခုန်ခဏရပ်သွားတယ်။ ကျွန်မ သမီးကို ဆုံးရှုံးလိုက်ရနိုင်တယ်လို့ တွေးမိသွားတယ်။"
ဒါပေမဲ့ အကူအညီတွေကို မြန်မြန်ဆန်ဆန်ရရှိခဲ့ပါတယ်။ ယူနီဆက်အဖွဲ့က ကလေးအတွက် အသင့်သုံး ကုထုံးအစားအစာ (RUTF) အထုပ်တွေပေးပြီး မိခင်နို့ရယ်၊ ရိုးရိုးရှင်းရှင်း အစားအစာတွေရယ်နဲ့အတူ ဘယ်လိုကျွေးရမလဲဆိုတာ ပြပေးခဲ့ပါတယ်။ အဖွဲ့က ပုံမှန်လာပြီးတော့ ကလေးရဲ့ တိုးတက်မှုကို စစ်ဆေးပေးတယ်။ ပြီးတော့ အာဟာရပြည့်အောင်ကျွေးမွေးဖို့နဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးအကြောင်း ဆွေးနွေးပြောပြကြပါတယ်။ "အဲဒါနဲ့ ကျွန်မ မျှော်လင့်ချက်ပြန်ရလာခဲ့တယ်။ ကျွန်မ သူတို့ညွှန်ကြားတဲ့အတိုင်း ဂရုတစိုက်လိုက်လုပ်ခဲ့တယ်။ ကျွန်မအတွက် တာဝန်သစ်တစ်ခုလိုပဲ။ နောက်ဆုံးတော့ ကျွန်မသမီးလေးကို ကယ်ဖို့ ကျွန်မတစ်ယောက်တည်း မဟုတ်ဘူး။ ကူညီပေးမယ့်သူတွေရှိတယ်လို့ ခံစားခဲ့မိပါတယ်။"
အခုဆိုရင်တော့ ရှင်မင်းအိရဲ့ ကျန်းမာရေးက သိသိသာသာကြီး တိုးတက်လာနေပါပြီ။ အခုဆိုရင် သူရဲ့ ကိုယ်အလေးချိန်က ၉.၇ ကီလိုဂရမ် ရှိလာပါပြီ။ အစာစားချင်စိတ်လည်း ရှိလာသလို ကောင်းကောင်းလည်း အိပ်နိုင်ပါပြီ။ သူ့မောင်နှမတွေနောက်ကို အားအပြည့်နဲ့လည်း ပြေးလိုက်နေနိုင်ပြီဖြစ်ပါတယ်။ "သမီးလေးက ပြန်ပြီး ရယ်လည်းရယ်တယ်၊ ကစားလည်း ကစားနိုင်လာပြီ။ သူ့အရင်ပုံစံလေး ပြန်ရလာပြီ" လို့ မိခင်က ဆိုပါတယ်။ "ကျွန်မသမီးလေးကို ပြန်ရပြီလို့ ခံစားရတယ်။"
သမီးလေးက အားအင်ပြန်ပြည့်လာပေမယ့် မိသားစုတွေကတော့ ဆက်ပြီး ရုန်းကန်နေရဆဲပါ။ ခဲအိုဖြစ်သူ ဆုံးပါးသွားပြီး အခုချိန်မှာ တူ/တူမလေးတွေကိုပါ စောင့်ရှောက်နေရတဲ့အတွက် နဂိုရှိရင်းစွဲ အခက်အခဲတွေကနေ ပိုလို့များလာနေခဲ့ပါတယ်။ မိသားစုအများစုက အိမ်ပြန်ပြင်ဆောက်ဖို့ထက် ယာယီခိုလှုံရာနေရာတွေမှာပဲ နေနေကြဆဲဖြစ်တာကြောင့် ခင်ပွန်းဖြစ်သူရဲ့ လက်သမားအလုပ်ကလည်း မရှိသလောက်နီးနီး ဖြစ်နေပါတယ်။ "ရုတ်တရက်ကြီး စားဖို့ပါးစပ်ပေါက်တွေက ပိုတိုးလာပေမယ့် အလုပ်နဲ့ ဝင်ငွေကျတော့ ပိုနည်းသွားတယ်။"
အခက်အခဲပြေလည်စေဖို့ ယာလုပ်ငန်းလေးလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်မပြတ် မိုးရွာသွန်းနေပြီး ရုတ်တရက် ရေကြီးမှုတွေကြောင့် သူတို့ကြိုးစားထားသမျှအားလုံး သဲထဲရေသွန်ဖြစ်ရပြန်ပါတယ်။ အရေးအကြီးဆုံးကတော့ မိုးရာသီရေကြီးမှုကြောင့် ရှားရှားပါးပါးရှိတဲ့ရေကို ညစ်ညမ်းစေပြီး ရောဂါဖြစ်ပွားမှာကို စိုးရိမ်နေကြရပြန်ပါတယ်။
"ငလျင်နောက်ပိုင်း ဆုံးရှုံးမှုအများကြီးနဲ့ လျှောက်ရတဲ့ခရီးက ခရီးရှည်ကြီးပါပဲ။ ဒီလိုအခက်ခဲဆုံးအချိန်တွေမှာ ကျွန်မတို့ကို ကူညီပံ့ပိုးပေးခဲ့ကြတာတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ နေ့တိုင်းရင်ဆိုင်နေရတဲ့ အခက်အခဲတွေကတော့ အများကြီးရှိနေပါတယ်။ ဒါပေမဲ့လည်း ကျွန်မသမီးအငယ်ဆုံးလေး ပိုပြီးသန်မာလာတာကို မြင်ရတာ ကျွန်မတို့ကို ခံနိုင်ရည်ရှိစေမယ့် မျှော်လင့်ချက်ကို ပေးလိုက်သလိုပါပဲ။"
ငလျင်လှုပ်ပြီး ခြောက်လကြာမြင့်ခဲ့ပေမယ့် အက်ကွဲနေတဲ့နံရံတွေ၊ ပြိုလဲနေတဲ့ အိမ်တွေနဲ့အတူ ငလျင်ရဲ့ ဒဏ်ရာဒဏ်ချက်တွေက မိသားစုအများစုကို အဆုံးစွန်ဆုံး ခံနိုင်စွမ်းဆီ တွန်းပို့နေသလိုပါပဲ။ ငတ်မွတ်မှု၊ ဆင်းရဲနွမ်းပါးမှုတွေကြားမှာ နေထိုင်နေခဲ့ရတဲ့ ကလေးတွေအတွက် ငလျင်ဘေးကြောင့် ပိုပြီးကျပ်တည်းခက်ခဲလာခဲ့ရပါတယ်။
သို့သော်လည်း အလှူရှင်တွေရဲ့ အရေးပါလှတဲ့ ပံ့ပိုးမှုတွေကြောင့် ရှင်မင်းအိတို့လို ကလေးတွေ ပြန်လည်ရှင်သန် ကောင်းမွန်ပြီး မျှော်လင့်ချက်တွေပြည့်ဝလာအောင် သူတို့ရဲ့ ရပ်ရွာအသိုက်အဝန်းတွေကို တဖြည်းဖြည်း ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် မိသားစုတွေလိုအပ်နေတဲ့ အားအင်တွေကို ရရှိစေခဲ့ပါတယ်။
မိခင်ဖြစ်သူအတွက် ဒီမျှော်လင့်ချက်က ပိုပြီးလေးနက်သိသာပါတယ်။ "ဒီလိုပံ့ပိုးမှုသာမရှိရင် ကျွန်မသမီးလေး အခုချိန်ထိ ရှိနေနိုင်မယ် မထင်ဘူး" လို့ မငြိမ်းအိသွယ်က ဆိုပါတယ်။ "အခုတော့ ကျွန်မသမီးလေး ပိုသန်မာလာဖို့၊ ကျောင်းတက်နိုင်ဖို့၊ ကျွန်မထက်ပိုကောင်းတဲ့ ဘဝလေးရဖို့ ကျွန်မစိတ်ကူးယဉ်နိုင်ပြီ။"
*ဤဆောင်းပါးကို UNICEF Myanmar website တွင် မူရင်းရေးသား ထုတ်ဝေထားပါသည်။