မသန့်ရှင်းသော ချောင်းရေများမှသည် သန့်ရှင်းသောသောက်ရေသန့် ဆီသို့
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် ရေရှားပါးမှုအခက်အခဲကို ဖြတ်သန်းနေရသည့် မိသားစုတစ်စု၏ ဘဝခရီး
မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၊ ထားဝယ်မြို့နယ်အတွင်းက ဝေးလံခေါင်သီပြီး သစ်တောများ ဝန်းရံထားတဲ့ ဝဇမ်းချောင်းရွာလေးမှာဆိုရင် သောက်သုံးရေ ရရှိဖို့က ဒေသခံတွေအတွက်တော့ နေ့စဥ်အခက်အခဲတစ်ခုပါပဲ။ ကျဉ်းမြောင်းတဲ့လမ်းလေးတွေက အလွယ်တကူ ရေကျော်တတ်ပြီး အနီးအနားမြို့ရွာတွေကို သွားလာရခက်ခဲစေပါတယ်။ ဒေသခံမိသားစုတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဈေးတွေက ဝေးလံပြီး သုံးနိုင်ဖို့ အကန့်အသတ်တွေရှိနေပါတယ်။
မိသားစုတော်တော်များများအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ သောက်ရေသန့်ရရှိဖို့တောင် ခက်ခက်ခဲခဲ ပင်ပန်းတကြီး ကြိုးစားကြရပါတယ်။ အများစုက အနီးက ချောင်းတွေ၊ ကန်တွေကိုသာ အားထားနေကြရပြီး ချောင်းရေ၊ ကန်ရေတွေက အမြဲမသန့်ရှင်းနိုင်ဘူးဆိုတာ သိပေမယ့်လည်း ရွေးချယ်စရာ နည်းပါးတဲ့အတွက် ဒီချောင်းရေ၊ ကန်ရေတွေကိုပဲ အသုံးပြုကြရပါတယ်။
"ကျွန်မတို့ဆီမှာ ရေဘုံပိုင်တို့၊ ရေတွင်းတို့ မရှိဘူး" လို့ ကလေးငါးယောက်မိခင် ဒေါ်ရွှေဝါ၊ ၄၂ နှစ်က ဆိုပါတယ်။ "ကျွန်မတို့က ရေကို ချောင်းတွေ ကန်တွေထဲကနေခပ်တယ်။ တချို့ရက်တွေမှာတော့ အဆင်ပြေတယ်။ တချို့ရက်တွေမှာဆိုရင် ရေကမသန့်ဘူးဆိုတာသိပေမယ့်လည်း သောက်ရတာပဲလေ။"
ဒေါ်ရွှေဝါရဲ့ သားသမီးတွေက မနက်တိုင်း မိုင်ဝက်ကျော်လောက်ဝေးတဲ့ ချောင်းကို ခြေကျင်လျှောက်သွားပြီး အလှည့်ကျရေခပ်ကြရပါတယ်။ ခြောက်သွေ့ရာသီဆိုရင် ရေကခန်းပြီး ရေစီးနည်းတယ်။ မိုးရာသီမှာဆိုရင်လည်း ချောင်းရေတွေက လျှံပြီး တိရစ္ဆာန်အညစ်အကြေးတွေ၊ အမှိုက်သရိုက်တွေနဲ့ ညစ်ညမ်းနေတတ်ပါတယ်။
"ကျွန်မတို့ တတ်နိုင်တဲ့အခါတော့ ရေကျိုသောက်တယ်။ ဒါပေမဲ့ ထင်းဈေးကကြီးတော့ ကျိုဖို့မတတ်နိုင်တဲ့အခါတွေလည်း ရှိတာပေါ့။ တချို့မိသားစုတွေကတော့ ချေးငှားသုံးကြတယ်။ ကျွန်မတို့လိုမိသားစုတွေကတော့ မသန့်ဘူးဆိုတာသိလည်းပဲ ဒီအတိုင်းသောက်ကြရတာပဲ။"
အကျိုးဆက်တွေကတော့ ကြိုပြီးမှန်းထားတဲ့အတိုင်းပဲ အန္တရာယ်များလှပါတယ်။ အသက် ခြောက်နှစ်အရွယ် အငယ်ဆုံးသားလေးက မကြာခဏ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး နေမကောင်းဖြစ်တတ်ပါတယ်။
"သူက နဂိုကတည်းကမှ သေးသေးလေး။ သူနေမကောင်းဖြစ်တိုင်း သူပြန်မှကောင်းပါ့မလား။ မကောင်းလာရင် ဘယ်လိုလုပ်မလဲလို့ ကျွန်မအမြဲတွေးမိတယ်။"
မိသားစုအများစုက ရေသန့်ဝယ်သောက်ဖို့ မတတ်နိုင်ကြပါဘူး။ "ရေတစ်ဘူးဖိုးက ဟင်းတစ်နပ်စာဖိုးထက်ပိုများတယ်" လို့ သူက ရှင်းပြပါတယ်။ "ဒီတော့ ကျွန်မတို့က ခွဲတမ်းရယ်၊ အိမ်နီးချင်းတွေရယ်ကိုအားကိုးကြရတယ်။ ဒါပေမဲ့ ဒီအိမ်နီးချင်းတွေမှာလည်း လုံလုံလောက်လောက်ရှိကြတာမဟုတ်ဘူး။"
မိုးရွာလာရင် ပိုပြီးသက်သာရမရဘဲ ပိုပြီးစိတ်ညစ်ရတတ်ပါတယ်။ အိမ်သာတွေမှာ ရေတွေလျှံတယ်။ ချောင်းရေတွေက ညစ်သွားတယ်။ ကလေးတွေဆိုလည်း ပိုပြီးနေမကောင်းဖြစ်တတ်ကြပါတယ်။
"ရေကြီးတဲ့အခါ အိမ်မှာက ရေတွေဝိုင်းနေတာပဲ။ အဲ့ဒီအချိန် ကလေးတွေက အန်တယ်၊ ငိုနေတယ်ဆိုရင် သူတို့အတွက် ကိုယ်ကဘာမှလုပ်မပေးနိုင်သလို ခံစားရတယ်။"
ဝဇမ်းချောင်းရွာဟာ ပဋိပက္ခတွေကြောင့် တိုက်ရိုက်ထိခိုက်တာမရှိဘူးဆိုပေမယ့်လည်း မြန်မာပြည်မှာကြုံတွေ့နေကြဖြစ်တဲ့ အခက်အခဲကတော့ ရှိနေပါတယ်။ အနီးအနားမြို့ရွာတွေက စစ်ဘေးရှောင်မိသားစုအသစ်တွေ ရောက်ရှိလာပြီး ရေနဲ့ နေစရာနေရာတွေ ရှာဖွေကြပါတယ်။ ဒီတော့ ရေအပါအဝင် မရှိမဖြစ်သုံးပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကလည်း အဆမတန်မြင့်တက်လာခဲ့ပါတယ်။
ဝဇမ်းချောင်းရွာက ဒေါ်ရွှေဝါနဲ့ မိသားစုအများစုအတွက် နေ့စဉ်တိုင်းက သူတို့ရဲ့ခံနိုင်စွမ်းရည်ကို စမ်းသပ်နေပါတယ်။ ရေပုံးအလေးကြီးတွေကို သယ်ရတာတင်မကဘဲ မသေချာ မရေရာမှုတွေအပြင် ဒီကာလရှည်ဒုက္ခကြီးကို ဆက်ပြီးရင်ဆိုင်ဖို့ အသံတိတ်စွမ်းအားတွေကိုပါ ထမ်းပိုးထားနေခဲ့ကြရတာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အစောပိုင်းမှာ ယူနီဆက်မိတ်ဖက်အဖွဲ့တစ်ခုက ရွာကမိသားစုတွေအလိုအပ်ဆုံးဖြစ်တဲ့ အရာတစ်ခုကို ယူဆောင်ပြီး ရောက်ရှိလာခဲ့ပါတယ်။ ဗဟိုအရေးပေါ်တုံ့ပြန်မှုရန်ပုံငွေ (Central Emergency Response Fund - CERF) ရဲ့ ထောက်ပံ့မှုကြောင့် ရေသန့်ရရှိဖို့ နည်းလမ်းတွေနဲ့ မရှိမဖြစ်လိုအပ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေကို ယူဆောင်လာနိုင်ခဲ့ပါတယ်။ အိမ်ထောင်စုတစ်ခုစီတိုင်းက ရိုးရှင်းလွယ်ကူပြီး ရေရှည်အသုံးပြုနိုင်တဲ့ ရေစစ်ပုံးတစ်ပုံးစီ ရရှိခဲ့ပါတယ်။
"ဒီရေစစ်ပုံးရဲ့ အလုပ်လုပ်ပုံကို ရှင်းပြလိုက်တော့ ကျွန်မတော်တော်အံ့ဩသွားတယ်" လို့ ဒေါ်ရွှေဝါက ပြောပြပါတယ်။ "ချောင်းရေကို လောင်းထည့်လိုက်ရုံနဲ့ ရေသန့်ထွက်လာတယ်။ ဒီလိုဖြစ်နိုင်တယ်လို့ ကျွန်မတစ်ခါမှ မတွေးမိခဲ့ဖူးဘူး။ အခုဆိုရင် ကလေးတွေရေသောက်တိုင်း ကျွန်မ စိတ်ပူစရာမလိုတော့ဘူး။"
ရေစစ်ပုံးအပြင် အိမ်ထောင်စုတွေရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေကိုလည်း ဖြန့်ဝေပေးခဲ့ပါတယ်။ ဒီပစ္စည်းတွေထဲမှာ အခြေခံကျသလို ဝဇမ်းချောင်းရွာက မိသားစုတွေ လွယ်လွယ်ကူကူ မဝယ်ယူနိုင်တဲ့ပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ သွားပွတ်တံနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေပါ ပါဝင်ပါတယ်။
"ဒီလိုလာမဝေပေးခင်ကဆိုရင် ကောင်မလေးတွေက သူတို့ရာသီလာတဲ့အခါ အဝတ်စကို သုံးရင်သုံး၊ မသုံးရင် အိမ်ထဲမှာပဲ နေကြရတာ" လို့ ဒေါ်ရွှေဝါက ရှင်းပြပါတယ်။ "သူတို့နေရထိုင်ရတာလည်း မသက်သာသလို ရှက်လည်းရှက်တာပေါ့။ အခုတော့ သူတို့ လွတ်လွတ်လပ်လပ်နဲ့ ယုံကြည်မှုရှိရှိ သွားလာနိုင်ပြီ။"
ကျေးရွာအတွက်ပေးတဲ့ဘက်စုံ ပံ့ပိုးမှုတွေထဲမှာ မိသားစုတွေအတွက် အမိုးအကာတွေကို လုံခြုံအောင်လုပ်ဖို့နဲ့ ရေကြီးတာတို့၊ လေမုန်တိုင်းတိုက်တာတို့လို့ ရုတ်တရက် ရာသီဥတုအန္တရာယ်တွေ ကျလာခဲ့ရင် ပြင်ဆင်နိုင်အောင် အသုံးပြုဖို့ မိုးကာဖျင်စတွေ၊ ကြိုးတွေလည်း ပါပါတယ်။ ကျေးရွာမှာ အသုံးပြုဖို့ လက်ဆေးကန်တစ်ခုကိုလည်း တပ်ဆင်ပေးခဲ့ပြီး ကလေးတွေအကြားမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အကျင့်ကောင်းတွေကို မြှင့်တင်ပေးဖို့အပြင် ရောဂါကူးစက်ပျံ့နှံ့မှု တွေကို လျှော့ချဖို့အတွက်ဖြစ်ပါတယ်။ အထူးသဖြင့် အိမ်သာတွေ လျှံပြီး ရေရင်းမြစ်တွေ ညစ်ညမ်းတတ်တဲ့ ဒီလိုမိုးရာသီအတွက် ဖြစ်ပါတယ်။
"အခု ကလေးတွေက လက်ဆေးဖို့ တန်းစီနေကြတယ်။ လက်ဆေးတာက သူတို့အကျင့်တစ်ခုလို ဖြစ်အောင် လုပ်နေကြပြီ" လို့ ဒေါ်ရွှေဝါက ပြုံးပြီးပြောပြပါတယ်။
"ဒါက ကျွန်မတွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့တဲ့မြင်ကွင်းပဲ။”
သေးငယ်တဲ့အပြောင်းအလဲတစ်ခုလို့ ထင်ရပေမယ့် ဝဇမ်းချောင်းရွာက မိသားစုတွေအတွက်တော့ ဒါတွေဟာ တိုးတက်မှုလက္ခဏာတစ်ခုပါပဲ။ တစ်ချိန်က ရေသန့်ရရှိဖို့ခဲယဉ်းပြီး ရေကြောင့်ဖြစ်တဲ့ ရောဂါတွေရဲ့ စဉ်ဆက်မပြတ် ခြိမ်းခြောက်မှုခံခဲ့ရတဲ့ ကျေးရွာလေးမှာ ဒီအလေ့အကျင့်တွေက ကလေးတွေ ကျန်းကျန်းမာမာနေနိုင်ဖို့နဲ့ မိသားစုတွေကို ဂုဏ်သိက္ခာရှိရှိနေနိုင်တယ်ဆိုတဲ့ အသိစိတ်ကို ပြန်မွေးပေးလိုက်တာပဲဖြစ်ပါတယ်။
"ဒါက သေးသေးလေးလို့ ထင်ရမှာပေါ့။ ဒါပေမဲ့ ကျွန်မတို့အတွက်တော့ အချိန်ကုန်သက်သာပြီး၊ ကျန်းမာရေးပိုကောင်းလာတော့ ကလေးတွေရဲ့ အိပ်မက်လေးတွေကို ပြန်ပြီးဦးစားပေးနိုင်တာပေါ့။ ဒီတော့ ဒါက ဘာမှအရေးမကြီးတဲ့ သေးသေးလေးမဟုတ်ပါဘူး" လို့ ဒေါ်ရွှေဝါက ဆိုပါတယ်။
CERF ရဲ့ ပံ့ပိုးမှုနဲ့အတူ ယူနီဆက်ရဲ့ ပြည်တွင်းနဲ့ ရပ်ရွာအခြေပြု မိတ်ဖက်အဖွဲ့တွေက မြန်မာနိုင်ငံတဝန်း လိုအပ်နေတဲ့ ရပ်ရွာပြည်သူတွေကို အသက်ကယ် အထောက်အပံ့တွေ ပံ့ပိုးပေးလျက်ရှိပါတယ်။ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာမှုတွေနဲ့ နွမ်းပါးမှုတွေကို ဘက်စုံရင်ဆိုင်နေရတဲ့ မိသားစုတွေအတွက် ပြောင်းသာပြင်လွယ်ရှိပြီး ရပ်ရွာအခြေပြု တုံ့ပြန်ဖြေရှင်းမှုတွေက မရှိမဖြစ်လိုအပ်နေဆဲဖြစ်ပြီး ရောဂါဖြစ်ပွားမှုနဲ့ ကြိုတင်ကာကွယ်မှု၊ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ အကျပ်အတည်းကြားမှာ ခြားနားမှုတွေကို ဖြစ်ပေါ်စေပါတယ်။
"သန့်ရှင်းတဲ့ရေ၊ ဆပ်ပြာနဲ့ နေ့စဉ်ဘဝတွေကို ပိုပြီးဘေးကင်းစိတ်ချစေတဲ့ ရိုးရှင်းတဲ့ပစ္စည်းလေးတွေကို အသုံးပြုနိုင်တာက ကျွန်မတို့လိုအပ်နေတဲ့ ပံ့ပိုးမှုမျိုးပါပဲ" လို့ ဒေါ်ရွှေဝါက ပြောပြပါတယ်။ "ဒါက အနည်းဆုံးတော့ တစ်နေ့တာအတွက် ကျွန်မတို့ကလေးတွေအတွက် စိတ်ချရတယ်ဆိုတဲ့ သေချာတဲ့ခံစားမှုမျိုး ရစေပါတယ်။"
ဒီနေ့မှာတော့ ဒေါ်ရွှေဝါရဲ့ သားသမီးတွေက ကျောင်းကို ပိုပြီးပုံမှန် တက်နိုင်လာပါပြီ။ ရေကိုလည်း စိုးရိမ်မှုကင်းကင်းနဲ့ သောက်နိုင်ပါပြီ။ ဒါ့အပြင် မနက်နိုးလာတဲ့အချိန်မှာလည်း ရေခပ်ဖို့အတွက် အဝေးကြီးသွားရဦးမလားလို့ စိုးရိမ်စရာမလိုတော့ပါဘူး။
"စားဝတ်နေရေးနဲ့၊ ဘေးကင်းဖို့နဲ့ နောက်ဘာဖြစ်လာမလဲဆိုတာတွေအတွက် ကျွန်မစိုးရိမ်နေရတုန်းပဲ ဆိုပေမဲ့ အနည်းဆုံးတော့ ရေအတွက် ပူစရာမလိုတော့ဘူးပေါ့။"
*ဤဆောင်းပါးကို UNICEF Myanmar website တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။