မန္တလေးနဲ့ စစ်ကိုင်းတလျောက်က မြန်မာပြည်သူတွေရဲ့ တိတ်တဆိတ် သန္နိဋ္ဌာန်
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
မန္တလေးနဲ့ စစ်ကိုင်းကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) အဖြစ် မကြာသေးမီက တာဝန်ယူထားသူ ဂွင်လူးဝစ်စ်ဟာ ဒေသတွင်းမှာ မတည်ငြိမ်မှုတွေရှိနေပေမဲ့ ပြည်သူတွေ အချင်းချင်း ကူညီထောက်ပံ့ပေးကာ ဆက်လက်ရှင်သန်နေတာကို တွေ့မြင်ခဲ့ပါတယ်။ မှောင်မိုက်နေတဲ့ လမ်းတွေ၊ ပျက်စီးနေတဲ့ အဆောက်အဦးတွေ၊ လမ်းပိတ်ဆို့မှုတွေအပြင် ပဋိပက္ခဒဏ်နဲ့ မကြာသေးမီက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ် နှစ်မျိုးလုံးရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးနေကြရတဲ့ မိသားစုတွေ စတာတွေက စကားလုံးတွေနဲ့ ဖော်ပြတာထက် ပိုပါတယ်။ ဒါပေမဲ့ အဲဒီ ခက်ခဲကြမ်းတမ်းမှုတွေကြားက ရပ်ရွာလူထုနဲ့ မိသားစုတွေဟာ အချင်းချင်း ယိုင်းပင်းကူညီကာ ရှင်သန်နေကြတာဟာ သူတို့တွေရဲ့ တိတ်ဆိတ်ပြီး ခိုင်မာတဲ့ သန္နိဋ္ဌာန်ဘဲ ဖြစ်ပါတယ်။
မန္တလေးမြို့တခွင်မှာ လျှပ်စစ်မီးက ပျက်လိုက် လာလိုက် ဖြစ်နေပြီး လမ်းတွေအကုန် ခဏ မှောင်မိုက် သွားရာကနေ မီးစက်တွေရဲ့ ဆူညံသံတွေနဲ့အတူ မီးတွေ ပြန်လင်းလာပါတယ်။ ညနေခင်း ခပ်စောစောမှာပင် မြို့ဟာ တိတ်ဆိတ်စပြုနေပြီဖြစ်ပြီး ည ၉ နာရီလောက်ဆိုရင်တော့ လမ်းတွေပေါ်မှာ မော်တော်ဆိုင်ကယ်တွေ အသွားအလာ ကျဲပါးလာပြီး ရှင်းစပြုလာပါတော့တယ်။ နေ့အလင်းရောင်အောက်မှာတော့ မကြာသေးမီက ဖြစ်ပျက်ခဲ့တဲ့ အပြောင်းအလဲတွေရဲ့ အမှတ်အသားတွေက ပိုပြီး ထင်ရှားနေပါတယ်။ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦတွေဟာ အကာအရံတွေနောက်မှာ ရှိနေပါတယ်။ စစ်ကိုင်းမြို့နဲ့ ဆက်သွယ်ထားတဲ့ တစ်ချိန်က စည်ကားလှတဲ့ ရှေးဟောင်း တံတားကြီးဟာလည်း ပြိုကျ ပျက်စီးနေပြီး သူ့နဘေးက တံတားအသစ်ကြီးဘေးမှာ မြစ်ကမ်းပါးကို အမာရွတ်တစ်ခုသဖွယ် ဖြတ်တောက်ထားပါတယ်။
မန္တလေးမြို့တခွင်မှာ ရွှေ့ပြောင်းနေထိုင်နေသူ အရေအတွက်က အတော်မြင့်မားပါတယ်။ ကလေးငယ်လေးတွေနဲ့ သက်ကြီးရွယ်အို မိသားစုဝင်တွေ ပါဝင်တဲ့ မိသားစု အများအပြားဟာ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာရှိတဲ့ ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေကနေ ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ်လအတွင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် တစ်ဖန် ထပ်ပြီး ရွှေ့ပြောင်းခဲ့ကြရတာ ဖြစ်ပါတယ်။ အနောက်မြောက်ပိုင်းဒေသမှာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့ ပါဝင်ပြီး ပြည်တွင်း နေရပ်စွန့်ခွာနေထိုင်သူ (IDPs) အများဆုံး နေထိုင်ရာနေရာဖြစ်ကာ ခန့်မှန်းခြေ ဦးရေ ၁.၇ သန်းရှိပါတယ်။
မန္တလေးဒေသတွင်းက ယာယီခိုလှုံရာစခန်းတစ်ခုရဲ့အပြင်ဖက် တောက်ပနေတဲ့ ဘုရားစေတီတစ်ဆူရဲ့ ရှေ့ နားမှာ အမျိုးသမီးတစ်စုဟာ မစ္စလူးဝစ်စ်နဲ့ စကားစမြည်ပြောဆိုဖို့ စုရုံးနေကြပါတယ်။ အစပိုင်းမှာတော့ သူတို့တတွေဟာ ရှက်ရွံ့နေကြပေမဲ့ ပထမဇာတ်ကြောင်းတစ်ခုကို ဝေမျှပြီးချိန်မှာတော့ လူတိုင်း ရှေ့ထွက်ပြီး ပြောကြပါတော့တယ်။
လျှပ်စစ်မီးမရှိဘဲ ခိုလှုံရာနေရာတွေမှာ လူတွေ ပြည့်ကျပ်နေပုံ၊ သတ္တုအိုးတွေထဲ ထုံးပေါက်တဲ့ မသန့်ရှင်းတဲ့ရေတွေအကြောင်းနဲ့ နာရီပေါင်းများစွာ မကြာခဏဆိုသလို ည ၁၀ နာရီထိ အလုပ်လုပ်ပြီးမှ တစ်နေ့လျှင် ငွေ ၈၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၂ ဒေါ်လာ) သာ ရရှိပုံတွေကို ပြောပြကြပါတယ်။ အမျိုးသမီး တစ်ဦးက မသန်စွမ်းသူ မိခင်နဲ့ နာမကျန်းဖြစ်နေတဲ့ ကလေးအပါအဝင် မိသားစုဝင် ၆ ဦးကို ကျွေးမွေးပြုစုနေရကြောင်း ရှင်းပြပါတယ်။ အဲဒီမှာ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုမရှိ၊ အနီးအနားမှာ ဆေးပေးခန်းမရှိ၊ သွားလာဖို့ လမ်းစရိတ်ပင်မရှိကြောင်းတွေလည်း ပါဝင်ပါတယ်။ နောက်ထပ်အမျိုးသမီးတစ်ဦးက စိုက်ခင်းတွေမှာ အလုပ်လုပ်ဖူးပေမဲ့ လက်ရှိနေထိုင်ရာနေရာမှာ စိုက်ပျိုးစရာ မြေမရှိ၊ ကိရိယာမရှိဘဲ ပြန်လည်စတင်ဖို့ နည်းလမ်းမဲ့နေကြောင်း ပြောပြပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ အသက် ၇၀ အရွယ် အမျိုးသမီးကြီးက သူမရဲ့ မြေးတွေနဲ့အတူ ထိုင်နေရင်း မန္တလေးမြို့ပေါ်ကို ဆေးကုဖို့သွားရင် ကုန်ကျစရိတ်မှာ တုတ်တုတ် သုံးဘီးယာဉ်ခ တစ်ကြောင်းကို ၅၀၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာခန့်) ပေးရကြောင်း ရှင်းပြပါတယ်။ တချို့မှာ ဘေးကင်းလုံခြုံဖို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရာမှာ အရာအားလုံး ဆုံးရှုံးခဲ့ကြရပါတယ်။ တချို့မှာ ကချင်ပြည်နယ် ဗန်းမော်မြို့က ထွက်ပြေးဖို့ ငွေကျပ် သိန်း ၅၀-၆၀ (အမေရိကန်ဒေါ်လာ ၁၂၀၀-၁၅၀၀ ခန့်) ပေးခဲ့ကြရပြီး ဘေးကင်းလုံခြုံတဲ့နေရာရောက်ဖို့အတွက် လမ်းခရီးမှာ ပိုင်ဆိုင်မှုတွေ တစ်ခုပြီးတစ်ခု ထုခွဲရောင်းချခဲ့ကြရပြီး ဘာမှမကျန်တော့ပါ။
ကလေးငယ်တွေက အနီးအနားမှာ အဖြစ်အပျက်တွေကို နားထောင်နေကြပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်မှာ အမာရွတ်တွေ ကျန်ရှိနေတဲ့ ၁၂-နှစ်အရွယ် မိန်းကလေးတစ်ဦးအကြောင်းနဲ့ ပဋိပက္ခတွေကြောင့် မိသားစုလိုက်ထွက်ပြေးတိမ်းရှောင်ရင်း မွေးဖွားလာခဲ့တဲ့ ရှစ်လသား ကလေးတစ်ယောက်အကြောင်းတွေ ပါဝင်ပါတယ်။ သူစိမ်းတွေအဖြစ် စတင်ခဲ့ကြပေမဲ့ ဒီနေရာမှာ သူတို့တတွေဟာ အချင်းချင်း မှီခိုအားထားတတ်အောင် သင်ယူခဲ့ကြပြီး မိသားစုတစ်ခု ဖြစ်လာခဲ့ကြပါပြီ။
မစ္စလူးဝစ်စ်က သူတို့ကို အိမ်ပြန်လို့ရရင် ပြန်ကြမှာလားလို့မေးတဲ့အခါ ပြန်ကြမယ်လို့ ချက်ချင်း အတူတူ အဖြေပေးကြတာပါ။ နေအိမ်တွေ ပျက်စီးနေတဲ့တိုင်အောင် စုဆောင်းထားငွေ မရှိတာတောင်မှ နေရပ်ပြန်လို့ရရင် ပြန်မှာလို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ သူတို့က ဆုံးရှုံးထားသမျှကို ပြန်လည်ထူထောင်ဖို့အတွက် ခရီးစရိတ်နဲ့ စားနပ်ရိက္ခာအကူအညီကိုသာ တောင်းဆိုကြပါတယ်။
မန္တလေးနဲ့ စစ်ကိုင်း ဒေသနှစ်ခုလုံးမှာ ၂၀၂၅ ခုနှစ် မတ်လ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ရပ်ကွက်တွေမှာ ပျက်စီးကျန်ရစ်ခဲ့ပြီး တချို့ကို ယနေ့တိုင် တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။ လူအများအပြားမှာ ထွက်ပြေးဖို့ ကြိုးစားရင်း ဒဏ်ရာရခဲ့ကြပါတယ်။ ပျက်စီးနေတဲ့ ရပ်ကွက်တွေအတွင်း လျှောက်သွားရင်း ပြိုကျနေတဲ့ နေအိမ်တွေ၊ အက်ကွဲနေတဲ့ အိမ်နံရံတွေ၊ အုတ်ကျိုးတွေကြားမှာ ပြန့်ကျဲနေတဲ့ နေ့စဉ် အိမ်သုံးပစ္စည်းအစအနတွေကို ဖြတ်ကျော်ရတာက မိသားစုတွေ ဆုံးရှုံးခဲ့ကြရတဲ့ အရာတွေသာမက ပုံမှန်ဖြစ်တည်မှုကနေ ရုတ်တရက် ပျက်စီးသွားခဲ့ရမှုကိုပါ ပြင်းပြင်းထန်ထန် သတိပေးနေပါတယ်။ ဒီပျက်စီးမှုနဲ့ ယှဉ်တွဲပြီး လုံခြုံမှု သိပ်မရှိတဲ့ ပတ်ဝန်းကျင်မှာ ဘေးကင်းလုံခြုံရာနေရာတွေကို ဖန်တီးပေးတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ ထူးခြားတဲ့ အားထုတ်မှုကို မြင်တွေ့ရပါတယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိက လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုကို ဆက်လက်ရှင်သန်စေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကြံ့ကြံ့ခံနိုင်စွမ်းက ကြီးမားနေပေမဲ့ အရင်းအမြစ်တွေက နည်းပါးနေပါသေးတယ်။
မြန်မာနိုင်ငံတဝန်းမှာ ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ လျော့နည်းလာနေပြီး အကူအညီပေးရေးလမ်းကြောင်းတွေ တင်းကြပ်လာမှုတွေကြောင့် ကုလသမဂ္ဂအပါအဝင် အကူအညီပေးရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသူတွေအားလုံးအနေနဲ့ တိုးမြင့်လာနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ရုန်းကန် နေကြရပါတယ်။ ပြည်သူတွေရဲ့ လတ်တလော ရှင်သန်ရပ်တည်ရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရေးဟာ လုပ်ငန်းစဉ်တစ်ခုလုံးရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး ရပ်ရွာလူထုတွေဟာ နှစ်ပေါင်းများစွာကြာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေအပြီးမှာ ပြန်လည်တည်ဆောက်ဖို့၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့နဲ့ တည်ငြိမ်မှု ပြန်လည်ရရှိဖို့တို့အတွက် နည်းလမ်းတွေလည်း လိုအပ်ပါတယ်။ အဲဒီ အဖြစ်မှန် နှစ်ရပ်ကို ခွဲခြားလို့ မရနိုင်ပါဘူး။ အဲဒါတွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် သီးခြားတုံ့ပြန်မှုတွေထက် လိုအပ်မှုတွေရှိနေပါတယ်။ အေဂျင်စီတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ အတူလက်တွဲ ဆောင်ရွက်ရန်လိုပြီး ဒါမှသာ ပြည်သူတွေ အကျပ်အတည်းတစ်ခုက လွတ်မြောက်နိုင်ပေမဲ့ နောက်အကျပ်အတည်းတစ်ခုသို့ ကျရောက်သွားခြင်း မရှိမှာ ဖြစ်ပါတယ်။ အခုအခါမှာ စေတနာ ထက်သန်တဲ့ ဒေသခံ မိတ်ဖက်အဖွဲ့တွေနဲ့ ဘာသာရေးကွန်ယက်တွေက ပြည်သူတွေ ရပ်တည်နိုင်အောင် တတ်နိုင်သမျှ ထောက်ပံ့ကာ ဝန်ထုတ်ဝန်ပိုးတွေကို ထမ်းနေပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ သန္နိဋ္ဌာန်က ထူးခြားသော်ငြားလည်း နိုင်ငံတကာ အသိုက်အဝန်းက ကူညီပံ့ပိုးပေးရမဲ့ ပိုမိုကျယ်ပြန့်တဲ့ လမ်းကြောင်း၊ ထောက်ပံ့မှုနဲ့ အကာအကွယ်ပေးမှု စတာတွေကို အစားထိုးနိုင်မှာတော့ မဟုတ်ပါဘူး။
ဒီတွေ့ဆုံမှုတွေကို ပြန်တွေးရင်း မစ္စလူးဝစ်စ်က “ပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ် နှစ်မျိုးလုံးကို ခံနိုင်ရည်ရှိခဲ့တဲ့ မိသားစုတွေနဲ့ တွေ့ဆုံခဲ့ရတာဟာ မြန်မာပြည်သူတွေ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေခဲ့တဲ့ ဆက်ပြီးလည်း ရင်ဆိုင်နေကြရတဲ့ ခက်ခဲကြမ်းတမ်းမှု ပမာဏကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်ရပါတယ်။ ဒါပေမဲ့ အဲဒါက အရင်းအမြစ်အနည်းငယ်မျှနဲ့ ထောက်ပံ့ကူညီနေကြတဲ့ ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဒေသခံ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဘာသာရေးကွန်ယက်တွေရဲ့ ထူးခြားတဲ့ သန္နိဋ္ဌာန်ကို ပြသနေတာပါ။ အဲဒီ လူမှုအသိုက်အဝန်းတွေမှာ ခွန်အားရှိပေမဲ့ ခွန်အားတစ်ခုတည်းက ဘေးကင်းလုံခြုံမှု၊ ဂုဏ်သိက္ခာ ဒါမှမဟုတ် မျှော်လင့်ချက်ကို အစားမထိုးနိုင်ပါဘူး။ သူတို့က ကမ္ဘာက အခုထိ ပေးအပ်ခဲ့တာတွေထက် များစွာ ပိုထိုက်တန်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
မှေးမှိန်လာတဲ့ နေ့အလင်းရောင်အောက်မှာ စစ်ဆေးရေးဂိတ်တွေ၊ ပျက်စီးနေတဲ့ အဆောက်အဦတွေနဲ့ သွားလာနေဆဲ သူတို့ရဲ့ ခိုင်မာတဲ့ ခြေလှမ်းတွေကြားမှာ တွေ့ဆုံပြောဆိုမှုတွေ ပြီးဆုံးသွားပြီးနောက်တိုင်အောင် စိတ်ခံစားမှုတစ်မျိုး လေထုထဲမှာ ကျန်နေခဲ့ပါတယ်။ “ခင်ဗျားတို့တွေ ဒီကို ရောက်လာတဲ့အတွက် ကျွန်မတို့တွေကို မမေ့သေးဘူးလို့ ခံစားရပါတယ်” - အဲဒီစကားရပ်က ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုက ဘာ့ကြောင့် အရေးပါတယ်ဆိုတာကို သတိပေးနေတာ ဖြစ်ပါတယ်။