လဝန်းခင်တစ်ယောက် မျက်စိမှိတ်လိုက်တဲ့အခါ ဇာတိမြို့လေးဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့က တောင်တန်းတွေကို မြင်ယောင်နေဆဲပါ။ ဒီလိုငြိမ်းချမ်းတဲ့ အမှတ်တရတွေဟာ ဟိုးအရင်အတိတ်ဘဝက ဖြစ်ရပ်တစ်ခုလို ခံစားရပါတယ်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ ပဋိပက္ခတွေကြောင့် သူတို့မိသားစုဟာ မန္တလေးမြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အိမ်ငှားနေထိုင်ခဲ့ကြပါတယ်။ မန္တလေးမြို့မှာပဲ ၁၁ တန်းကို ဆက်လက်တက်ရောက်ခဲ့ပါတယ်။
တစ်ပူပေါ် တစ်ပူဆင့်ဆိုသလိုပဲ သူဟာ ငလျင်ဘေးကြီးနဲ့လည်း ကြုံတွေ့ခဲ့ရပြန်ပါတယ်။
"စစချင်းလှုပ်တဲ့အချိန်မှာ အသံအကျယ်ကြီး ကြားရတယ်" လို့ နူးညံ့ပေမယ့် တည်ငြိမ်တဲ့လေသံနဲ့ ပြောပြပါတယ်။ "နောက်တော့ အရာအားလုံး မှောင်မဲသွားတယ်။"
၁၂ နာရီကျော်ကြာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေခဲ့ပြီးနောက် လဝန်းခင်ဟာ သူ့ရဲ့ခြေထောက်တွေကို ဆုံးရှုံးလိုက်ရပါတယ်။ သူ့ရဲ့ အသက် ၁၅ နှစ်အရွယ် ညီမလေးနဲ့ အဘိုးဖြစ်သူတို့က ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြပြီး အဘွားဖြစ်သူကတော့ အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဆေးရုံမှာ ဆရာဝန်တွေက သူ့ကို သူမထင်မှတ်ထားတဲ့ သတင်းတစ်ခုကို ပြောခဲ့ပါတယ်။ သူ့ရဲ့ ခြေထောက်နှစ်ချောင်းလုံး ဖြတ်ပစ်လိုက်ရတာဖြစ်ပါတယ်။ ခွဲစိတ်မှုပြီး နှစ်လကြာတဲ့ အထိ ဆေးရုံမှာပဲ နေခဲ့ရပြီး နေ့ရက်တိုင်းက သူ့ရဲ့ စိတ်ခွန်အားကို စမ်းသပ်နေသလိုပါပဲ။ "အစကတော့ သမီးရဲ့ ဘဝတစ်ခုလုံး သွားပြီလို့ပဲ တွေးနေခဲ့တာ။ ဒါပေမဲ့ အခုတော့ သမီးဘဝကို ပြန်ပြီး စတင်နိုင်မယ်လို့ ယုံကြည်မှုရှိပါတယ်။" လို့ လဝန်းခင်က ဆိုပါတယ်။
"သမီး မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်" လို့ လဝန်းခင်က သူ့ရဲ့ အိပ်မက်အသစ်ကို ပြောပြပါတယ်။ ပုံမှန်ပညာရေးလမ်းကြောင်းကို မရွေးချယ်တော့ပဲ သူ့ရဲ့ ဖန်တီးချင်စိတ်ကို အကူအညီပေးနိုင်မယ့် အသက်မွေးဝမ်းကျောင်းကိုပဲ သူက ရွေးချယ်ခဲ့ပါတယ်။ သူ့ရဲ့ ဝှီးချဲက သူ့အတွက် အမှီအခိုကင်းစေတဲ့ ပထမဆုံးအထောက်အကူ ဖြစ်လာခဲ့ပြီး နေ့ရက်တွေကို ခံနိုင်စွမ်းရည်အပြည့်နဲ့ပဲ ဖြတ်ကျော်လာခဲ့ပါတယ်။
ခေါင်းစဉ်-ယူနီဆက်၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုမှ physiotherapy ကုထုံးပညာရှင်တစ်ဦးက လဝန်းခင်တို့ အိမ်အထိလာရောက်ပြီး ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းများကို လမ်းညွှန်ပြသစဉ်။ ဤသို့လာရောက်ကုသပေးမှုများက ပြန်လည်လှုပ်ရှားသွားလာနိုင်ကာ အမှီအခိုကင်းကင်း ရပ်တည်နိုင်ဖို့ ခြေလှမ်းသစ်တစ်ခုဖြစ်သည့် ခြေတုအတွက် ပြင်ဆင်ပေးဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။
ဓာတ်ပုံ - © UNICEF Myanmar/2025/Nyan Zay Htet
ဒေသခံမိတ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် ယူနီဆက်၏ အထောက်အပံ့တွေက လဝန်းခင်အတွက်တော့ သူ့အိပ်မက်တွေနဲ့ နီးစပ်လာဖို့ အကူအညီဖြစ်စေပါတယ်။ ဖခင်ဖြစ်သူ ကိုမျိုးမြင့်က ယူနီဆက် ငွေသားထောက်ပံ့မှုကို စားစရာနဲ့ ဆေးဝါးအတွက် အသုံးပြုခဲ့ပုံနဲ့ ဇီဝကုထုံးပညာရှင်က အိမ်တိုင်ရာရောက်လာရောက်ပြီး သမီးဖြစ်သူ ပြန်လည်သွားလာနိုင်အောင် ခြေတု လေ့ကျင့်ပေးပုံတွေကို ပြောပြခဲ့ပါတယ်။
"ဒီပံ့ပိုးမှုတွေက တကယ့်ကို တန်ဖိုးဖြတ်လို့မရနိုင်ပါဘူး။ ပဋိပက္ခတွေကြောင့် ကျွန်တော်တို့အိမ်ကို ဆုံးရှုံးလိုက်ရတယ်။ အခု ငလျင်ကြောင့် ထပ်ပြီးဆုံးရှုံးခဲ့ရတယ်။ ဘဝကို နှစ်ကြိမ်ပြန်စဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်နီးပါးပဲ — ဒါကြောင့် ဒီအကူအညီတွေက ကျွန်တော်တို့အတွက်တော့ အသက်ကယ်ကြိုးတစ်ခုလိုပါပဲ။ ”
ငလျင်လှုပ်ပြီးနောက် လပေါင်းများစွာတိုင်အောင် လဝန်းခင်တစ်ယောက် ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့ပါ။ ညဘက်တွေမှာ အိပ်မပျော်သည့်အပြင် ငလျင်နေ့ကအဖြစ်အပျက်များ၏ မပီဝိုးတဝါးပုံရိပ်များက သူမကို ခြောက်လှန့်နေခဲ့ပါတယ်။အခုထိတိုင် နောက်ဆက်တွဲငလျင်တွေကြောင့် သူတို့အခုနေထိုင်နေတဲ့အိမ်လေး လှုပ်လာရင် မသိစိတ်က သူ့ကို တံခါးဆီရောက်သွားအောင် တွန်းပို့နေမိတတ်ပါတယ်။ သူ့ခန္ဓာကိုယ်က အန္တရာယ်ကို မှတ်မိနေတုန်းပါပဲ။
ဒါပေမဲ့ နေ့အလင်းရောင်က မျှော်လင့်ချက်တွေကို ဆောင်ကြဉ်းလာပါတယ်။ ဖခင်ဖြစ်သူနဲ့ အဒေါ်က လဝန်းခင်ကို အိမ်မှာလေ့ကျင့်ပေးနိုင်အောင် ကုထုံးပညာရှင် အိမ်ကို လာရောက်ပြသတဲ့အချိန်မှာ လေ့ကျင့်ပေးရမယ့် နည်းစနစ်တွေကို လိုက်ပြီးမှတ်ထားကြပါတယ်။ မိခင်ဖြစ်သူက ရန်ကုန်မှာ အလုပ်လုပ်ပြီး မိသားစုကို ထောက်ပံ့ပေးနေသလို သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေက ပုံမှန်လာကြည့်ကြရင်း အိမ်လေးမှာ ရယ်မောသံတွေ၊ အကောင်းမြင်စိတ်လေးတွေနဲ့ ပြည့်လို့နေပါတယ်။
ခေါင်းစဉ်-မန္တလေးမြို့ရှိ မိသားစုငှားရမ်းနေထိုင်ရာ အိမ်ကလေးမှ အပြင်သို့ မျှော်ကြည့်နေသည့် လဝန်းခင်။ ငလျင်ကြောင့် ခြေထောက်နှစ်ဖက်ကို ဆုံးရှုံးလိုက်ရပြီး ခြောက်လအကြာ သူမ၏ ရှင်သန်ရပ်တည်မှုခရီးရှည်နှင့် အရှုံးမပေးလိုသည့် အိပ်မက်တွေကို ပြန်လည်စဉ်းစားနေမိပါသည်။
ဓာတ်ပုံ - © UNICEF Myanmar/2025/Nyan Zay Htet
"ကျွန်မ အပြင်ပြန်ထွက်ချင်ပြီ၊ ခရီးတွေပြန်သွားချင်ပြီ" လို့ ခြေတုတပ်မည့် အကြောင်းပြောရင်း သူ့ရဲ့ မျက်ဝန်းတွေတောက်ပလာခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံး အိပ်မက်က ရိုးရိုးရှင်းရှင်းလေးပါ။ ငလျင်ကြောင့် ဆုံးရှုံးလိုက်ရတဲ့ ပျော်ရွှင်မှုတွေကို ပြန်လည်ရယူဖို့ မိသားစုနဲ့အတူ ခရီးသွားဖို့ပဲဖြစ်ပါတယ်။
ကိုမျိုးမြင့်က သမီးငယ် ပြန်လည်ကျန်းမာလာတာကို အံ့ဩတကြီးနဲ့ အသံတိတ်ဝင့်ကြွားစွာ စောင့်ကြည့်နေမိပါတယ်။ နေရပ်စွန့်ခွာထွက်ပြေးရခြင်း၊ ဝမ်းနည်းခြင်း၊ ဆုံးရှုံးခြင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မိသားစုလေးမှာ လဝန်းခင်ရဲ့ စိတ်ဓာတ်ခိုင်မာမှုက သူတို့ရဲ့ မျှော်လင့်ချက်ရောင်ခြည်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ငြိမ်းချမ်းသွားတဲ့အခါ ရှမ်းပြည်ကို ပြန်ဖို့ အိပ်မက်တွေကလည်း အပြည့်ပါပဲ။
အချိန်တွေက တရွေ့ရွေ့သွားနေဆဲပါ။ ယူနီဆက်ရဲ့ မိတ်ဖက်ကုထုံးပညာရှင်တွေက အိမ်ကို လာရောက်ပြီး ခြေထောက်အသစ်အတွက် ပြင်ဆင်ပေးတဲ့နေ့ရက်တိုင်းဟာ ပြန်ပြီးလှုပ်ရှားနိုင်ဖို့၊ ဖန်တီးနိုင်ဖို့နဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာကနေ အောင်မြင်မှုအဖြစ် ပြောင်းလဲနိုင်မယ့် ခံနိုင်ရည်ရှိမှုတွေကို ပြသနိုင်တဲ့ လဝန်းခင်ဘဝရဲ့ စာမျက်နှာသစ်ကို ဖွင့်လှစ်ပေးနေတာပဲ ဖြစ်ပါတယ်။
*ဤ ဆောင်းပါးကို UNICEF Myanmar website တွင် မူရင်းရေးသား ထုတ်ဝေထားပါသည်။