ကျွန်မကလေးတွေကို အသက်ရှင်ရက်တွေ့လိုက်ရတာက ကျွန်မအတွက် အကြီးမားဆုံးစိတ်သက်သာရာရတာပါပဲ
ငလျင်ဘေးကြီးအပြီး ခြောက်လအကြာ မိခင်တစ်ဦး၏ ရှင်သန်ကြံ့ခိုင်မှု
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့သည်မှာ ခြောက်လကြာမြင့်ခဲ့ပြီဖြစ်ပြီး အပြင်းထန်ဆုံးထိခိုက်ခဲ့တဲ့နေရာတွေမှာ ပျက်စီးဆုံးရှုံးမှု များစွာကျန်ရှိနေခဲ့ပါတယ်။ မသူဇာလွင်၊ ၃၉ နှစ်၊ အတွက် အဲဒီနေ့က အမှတ်တရတွေမှာ ထိတ်လန့်မှုတွေ၊ ရှင်သန်ဖို့ကြိုးစားခဲ့ရတာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ချိန်မှာ မသူဇာနဲ့ ခင်ပွန်းဖြစ်သူက နှစ်ဦးသား အလုပ်လုပ်ရာ ဈေးထဲမှာ ရှိနေခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာ မြေကြီးက ရုတ်တရက်လှုပ်ခတ်ပြီး ယိမ်းထိုးလာပါတယ်။ "လှုပ်တာတော်တော်ပြင်းတယ်။ ကုန်သေတ္တာတွေ ပြိုကျတယ်။ လူတွေကလည်း အော်တာဆူညံနေတာပဲ။ ကျွန်မတို့ တစ်ယောက်လက်တစ်ယောက်ဆွဲပြီး အဆောက်အဦကြီး ပြိုမကျခင် ပြေးထွက်ခဲ့ကြတယ်"။
ခဏလည်းနေရော ဈေးခေါင်းမိုးကြီးက ကျွံကျလာပြီး ဈေးသည်တွေရော၊ ဝယ်သူတွေပါ အများကြီး အပျက်အစီးအောက်မှာ ပိတ်မိကုန်ကြတယ်။ အဲဒီထဲမှာ သူတို့တစ်သက်လုံး သိကျွမ်းခင်မင်လာတဲ့ အိမ်နီးချင်းမိတ်ဆွေတွေလည်း ပါပါတယ်။ "ကျွန်မအိမ်မက်ထဲမှာ သူတို့အသံတွေကို အခုထိကြားနေတုန်းပဲ။ ကျွန်မတို့တော့ အသက်ရှင်ခဲ့ပေမယ့် တော်တော်များများတော့ အသက်ဆုံးရှုံးခဲ့ကြတယ်။"
ငလျင်လှုပ်ခတ်ချိန်မှာ ကိုယ်ဝန်ခုနစ်လရှိနေသူ မသူဇာလွင်က အိမ်မှာ နေ့လယ်စာစားနေကြတဲ့ ၁၁ နှစ်အရွယ် သား မောင်ထက်နိုင်နဲ့ ၇ နှစ်အရွယ် သား မောင်ဇော်မင်းတို့အတွက် စိုးရိမ်သွားခဲ့ရပါတယ်။ "ငလျင်ကြောင့်ရော၊ ကလေးတွေအတွက် စိတ်ပူတာကြောင့်ရော ကျွန်မ ဒူးတွေတုန်လာတယ်။ ကိုယ်ဝန်ကလည်း အန္တရာယ်များတော့ တစ်ချိန်တည်း ကျွန်မကလေးသုံးယောက်လုံးကိုများ ဆုံးရှုံးလိုက်ရမလားလို့ စိုးရိမ်သွားတယ်။"
နှစ်ဦးသား အိမ်ပြန်ရောက်တဲ့အချိန်မှာ အိမ်က အက်ကြောင်းလိုက်နေပေမယ့် မပြိုမလဲဘဲ ရှိနေပါသေးတယ်။ သားနှစ်ယောက်က ထိတ်လန့်နေပြီး ပြိုလဲနေတဲ့ နံရံတွေနဲ့ ထိတ်လန့်နေတဲ့ အိမ်နီးချင်းတွေကြားထဲမှာ တွေ့ရပါတယ်။ လမ်းတစ်ဖက်က အိမ်တွေကတော့ လုံးဝပြိုကျသွားခဲ့ပါတယ်။ "ကျွန်မကလေးတွေ အသက်ရှင်နေတာမြင်ရလိုက်တာက ကျွန်မအတွက် ဘဝမှာ အကြီးဆုံးစိတ်သက်သာရာရသွားသလိုပဲ၊ ဒါပေမဲ့ ကျွန်မတို့ အိမ်နီးချင်း မိသားစုတွေကတော့ မိသားစုဝင်တွေကို ဆုံးရှုံးရလို့ ငိုနေကြတဲ့သူတွေလည်း ရှိတယ်။"
အဲနောက်ပိုင်းရက်တွေကတော့ စိတ်ဆင်းရဲစရာအပြည့်ပါပဲ။ မသူဇာတို့ မိသားစုအပါအဝင် မိသားစုတွေက မရပ်မနားလှုပ်ခတ်နေတဲ့ နောက်ဆက်တွဲငလျင်တွေကြောင့် စိုးရိမ်ပြီး ပြင်ပမှာ အပူဒဏ်၊ အအေးဒဏ်ခံပြီး အိပ်စက်ကြရပါတယ်။ ရေ၊ မီးမရှိသလို စားစရာလည်း အနည်းငယ်ပဲရှိပါတယ်။ ရပ်ကွက်ထဲက လူတွေက ရနိုင်သမျှ စားစရာတွေရှာကြံပြီး လမ်းဘေးမှာ မီးဖိုပြီး ချက်ပြုတ်စားကြရပါတယ်။ လေထုက မီးခိုးငွေ့တွေအပြင် ဝမ်းနည်းပူဆွေးမှုတွေနဲ့ လေးလံနေပါတယ်။ "နောက်ဆက်တွဲငလျင်တွေလှုပ်တိုင်း ကလေးတွေက အော်ငိုကြတယ်။ ဘယ်သူမှ လုံခြုံတယ်လို့ မခံစားရတော့ဘူး။ ညဘက်ဆို လူတွေ ငိုနေတာကို ကြားနေရတယ်။ ချစ်ရတဲ့သူတွေကို ဆုံးရှုံးရလိုက်ရတာကိုး။
အကူအညီတွေက မကြာခင်ရောက်ရှိလာခဲ့ပါတယ်။ ယူနီဆက် တံဆိပ်နဲ့ ကားတွေက ရပ်ကွက်ထဲရောက်လာပြီး ရေသန့်တွေ၊ ဆပ်ပြာတွေ၊ လစဉ်သုံးပစ္စည်းတွေနဲ့ ရေသန့်ပစ္စည်းတွေ ဝေပေးခဲ့ပါတယ်။ ကိုယ်ဝန်လရင့်နေသူ မသူဇာအတွက် အချိန်က အသက်တမျှအရေးကြီးပါတယ်။ "ကျွန်မလို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို စာရင်းသွင်းပေးပြီး အနုအာဟာရမှုန့်တွေ ပေးတယ်၊ ကျန်းမာရေးစစ်ဆေးပေးတယ်။ ဒါက အန္တရာယ်ဖြစ်နိုင်ချေများတဲ့ ကိုယ်ဝန်ရှိသူ ကျွန်မကို မျှော်လင့်ချက်တွေ ပြန်ရစေတယ်။"
လွန်ခဲ့တဲ့ နှစ်လက တတိယမြောက်ကလေးကို မွေးဖွားခဲ့ပြီး သားလေးကို မျိုးလို့ အမည်ပေးထားပါတယ်။ အဲဒီအချိန်ကစပြီး ယူနီဆက်က ပံ့ပိုးပေးတဲ့ နယ်လှည့်ကျန်းမာရေး ဆေးပေးခန်းမှ ပုံမှန် ပံ့ပိုးမှုတွေအပြင် အနုအာဟာရမှုန့်၊ မိခင်နို့သီးသန့်တိုက်ကျွေးခြင်းနဲ့ ကာကွယ်ဆေးထိုးနှံမှုတွေနဲ့ပတ်သက်ပြီး သိကောင်းစရာတွေကို သိရှိခဲ့ပါတယ်။ မျိုးက သူ့ရဲ့ ပထမအသုတ် ကာကွယ်ဆေးတွေကို ထိုးနှံထားပြီး အောက်တိုဘာလမှာ နောက်တစ်ကြိမ် ကာကွယ်ဆေးထိုးနှံပေးရမှာ ဖြစ်ပါတယ်။ "သားလေးကို ကျန်းကျန်းမာမာနဲ့ အကာအကွယ်ရှိစေချင်တယ်"။ "ကျွန်မသူ့ကို ချီထားတဲ့အချိန်မှာ အရာအားလုံးကို ဆုံးရှုံးရလုနီးနီးဖြစ်ခဲ့တာကို အမှတ်ရမိတယ်။ သူအသက်ရှင်လို့ ကျွန်မ အင်အားတွေ မျှော်လင့်ချက်တွေ ရခဲ့တာ။"
သားအကြီးလေးတွေလည်း ပုံမှန် အာဟာရပံ့ပိုးမှုတွေကနေ အကျိုးရရှိနေပြီဖြစ်ပါတယ်။ ကျောင်းတွေကို တစ်စိတ်တစ်ပိုင်းပြုပြင်ပြီး တဖြည်းဖြည်း ပြန်ဖွင့်လာနေပြီဖြစ်တဲ့အတွက် ဆုံးရှုံးမှုတွေကြားကနေ အတန်းပြန်တက်နိုင်ဖို့ ယူနီဆက်က ပံ့ပိုးပေးတဲ့ စာအုပ်တွေ၊ ခဲတွေနဲ့ အခြား အခြေခံအသုံးအဆောင်တွေအပါအဝင် အရေးပေါ် သင်ကြားရေးအထောက်အကူပြုပစ္စည်းတွေကိုလည်း ရရှိထားကြပါတယ်။ မသူဇာအတွက် ပျက်စီးနေတဲ့ စာသင်ခန်းတွေထဲမှာပဲ ဖြစ်နေပါစေ၊ ကလေးတွေ ပြန်ပြီးပညာသင်နိုင်တာကို မြင်ရတာက နောက်ထပ် ပုံမှန်အခြေအနေကို ပြန်ရောက်နိုင်မယ့် ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။ "သူတို့ စာပြန်သင်တာကို မြင်ရတာ ကျွန်မတော်တော်စိတ်ချမ်းသာတယ်။ အရာအားလုံးဖြစ်ပျက်ပြီးသွားတာတောင် သူတို့စာသင်ဖို့ အခွင့်အရေးဆိုတာ ရှိသေးတာပဲ။”
ဒါပေမယ့်လည်း ဘဝက မရေမရာဖြစ်နေဆဲဖြစ်ပါတယ်။ ဈေးက အပြည့်အဝ ပြန်မလည်ပတ်နိုင်သေးဘဲ ဝယ်သူလည်း နည်းနေတဲ့အတွက် ဝင်ငွေလည်း လျော့လာပါတယ်။ "ကျွန်မတို့က နေ့တိုင်းရုန်းကန်နေရတုန်းပါပဲ။ တစ်ခါတလေ အိမ်ငှားခနဲ့ စားဖို့တောင် အနိုင်နိုင်ပါ။ ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်မသားသမီးတွေ ကျန်းမာနေသေးတော့ စိတ်ပူစရာတစ်ခု လျော့တာပေါ့။"
အလှူရှင်တွေရဲ့ အချိန်မီ ပံ့ပိုးကူညီမှုများကြောင့် ယူနီဆက်က ငလျင်လှုပ်ခတ်ပြီးပြီးချင်း အသက်ကယ်အထောက်အပံ့များဖြစ်တဲ့ ရေ၊ ကျန်းမာရေးနဲ့ အာဟာရဝန်ဆောင်မှုတွေကို မသူဇာတို့လို မိသားစုတွေ အလိုအပ်ဆုံးအချိန်မှာ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ လိုအပ်ချက်တွေကတော့ များစွာကျန်ရှိနေပါသေးတယ်။ ငလျင်လှုပ်ပြီး ခြောက်လကြာမြင့်လာတဲ့တိုင်အောင် မိသားစုတွေက ပြန်နာလန်ထူဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး မိုးရာသီရေကြီးမှုတွေကြောင့် အခက်အခဲတွေက ပိုတိုးလို့လာခဲ့ပါတယ်။ "ကျွန်မတို့ကို ကူညီပေးတဲ့အတွက် သိပ်ကိုကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခက်အခဲတွေကရှိနေတုန်းပါပဲ။ ငလျင်ဘေးနောက်ပိုင်းမှာ သန့်ရှင်းတဲ့ရေရရှိဖို့ အမြဲလိုလိုရုန်းကန်နေရပြီး ရေကြီးမှုတွေကြောင့် ပိုဆိုးလာခဲ့ပါတယ်။ မသန့်တဲ့ရေတွေကြောင့် ကလေးတွေ နေမကောင်းဖြစ်မှာကို စိုးရိမ်တယ်။ တစ်ခါတလေ ချက်ပြုတ်ဖို့၊ လျှော်ဖွပ်ဖို့တောင် ရေမလောက်ဘူး။"
ငလျင်နောက်ဆက်တွဲ ဒဏ်ရာဒဏ်ချက်တွေဖြစ်တဲ့ ပြိုလဲနေတဲ့အိမ်တွေ၊ ကျောင်းသားကင်းမဲ့နေတဲ့ ကျောင်းဝင်းအလွတ်တွေနဲ့ ချစ်ရသူတွေကို ဆုံးရှုံးလိုက်ရသူတွေရဲ့ ငွေကြွေးသံတွေဟာ မန္တလေးတိုင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ နေရာအနှံ့မှာ ကျန်ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ အခက်အခဲတွေကြားကနေပဲ မသူဇာတို့လို မိသားစုတွေက ခံနိုင်စွမ်းရည်နဲ့ မျှော်လင့်ချက်တွေကို ရှာဖွေနေကြပါတယ်။ "ပံ့ပိုးမှုတွေကြောင့် ကျွန်မတို့ရဲ့ အမှောင်မိုက်ဆုံးအချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့တယ်။ အခု အခက်အခဲတွေရှိနေရင်တောင်မှ ကျွန်မတို့ချည်းပဲမဟုတ်ဘူး။ တခြားသူတွေ၊ ပံ့ပိုးကူညီပေးမယ့်သူတွေရှိတယ်ဆိုတာ ကျွန်မတို့ သိခဲ့ရပါပြီ"။
*ဤဆောင်းပါးကို UNICEF Myanmar website တွင် မူရင်းရေးသား ထုတ်ဝေထားပါသည်။