ငလျင်ဘေးမှ ရပ်ရွာလူထု၏ ခံနိုင်ရည်မြှင့်တင်ရေးဆီသို့၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO ) ၏ ကျန်းမာရေးကာကွယ်မှုဆိုင်ရာ ဆောင်ရွက်ချက်များ
မတ်လ ၂၀၂၅ ငလျင်အပြီး WHO နှင့်မိတ်ဖက်များက ငလျင်ဒဏ်သင့်ထောင်ချီအား ကျန်းမာရေးအကြံပေး၊ သန့်ရှင်းရေနှင့် ရောဂါကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်။
“ကျွန်မတို့က ပျက်စီးသွားတဲ့ ရေမြောင်းတွေကို ပြန်ပြင်တဲ့အခါမှာ ကျေးရွာထဲက ရေစီး ရေလာ ပြန်လည်ကောင်းမွန်ဖို့ဘဲ လုပ်တာတင်မကဘူး။ ကျွန်မတို့ရဲ့ကလေးတွေကို ဖြစ်ပွားလာနိုင်တဲ့ ရောဂါတွေကနေ ကာကွယ်နေတာပါ။ ဒီလိုလုပ်ဆောင်ရတာဟာ ဒီနေ့ စားဝတ်နေရေးအတွက် ဝင်ငွေရရှိစေသလို နောက်နေ့ ကျန်းမာရေးအတွက်ကိုပါ ကာကွယ်ရာရောက်ပါတယ်” ဟု ကျေးရွာသူတစ်ဦးဖြစ်သူ ဒေါ်လှဌေးက ဆိုသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်းကို ရိုက်ခတ်ခဲ့သော အတိုင်းအတာအဆင့် ၇.၇ ရှိသည့် ငလျင်ကြီး လှုပ်ခတ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးလည်း ပါဝင်ခဲ့ပြီး အိမ်ခြေရာခြေ ပျက်စီးမှုများသာမက ကျန်းမာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကိုလည်း ချန်ရစ်ခဲ့သည်။ ဝမ်းတွင်း၊ ကျောက်ဆည်နှင့် ကူမဲမြို့နယ်များရှိ မိသားစုများသည် ရုပ်ဝတ္ထုပစ္စည်းများ ပျက်စီးဆုံးရှုံးမှုထက် ပိုမိုသော စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရသည်။ ရေဝပ်နေသော ရေအိုင်များသည် ခြင်များ ပေါက်ဖွားရာနေရာများ အဖြစ်သို့ ရောက်ရှိလာခဲ့ပြီး လူထူထပ်လွန်းသော ယာယီခိုလှုံရာနေရာများသည် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုကို မြင့်တက်စေခဲ့သည်။ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသော မိသားစုများအတွက် ဤကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများသည် သက်ရောက်မှုပိုမိုကြီးမားဆိုးဝါးစေခဲ့သည်။
လက်တွေ့စတင်အကောင်အထည်မဖော်မီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO Myanmar) ၏ ငှက်ဖျားရောဂါ ကာကွယ် နှိမ်နင်းရေး အဖွဲ့နှင့် အရေးပေါ်ကျန်းမာရေးတုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့တို့သည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ လက်ရှိအကောင်အထည်ဖော်ဆောင်နေသော ငလျင်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွင်း ကျန်းမာရေး ပညာပေးခြင်းနှင့် ရောဂါကာကွယ်ခြင်းဆိုင်ရာ အကြောင်းအရာများဖြန့်ဝေခြင်းများကို ပေါင်းစပ်ထည့်သွင်း ဆောင်ရွက်နိုင်ရန် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ၎င်း၏ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းတို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ ဤပူးပေါင်းဆောင်ရွက်မှု၏ ရည်ရွယ်ချက်မှာ ရိုးရှင်းပါသည်။ ကျေးရွာလူထုများဘဝ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အတွင်း အခြေခံကျသည့် ကျန်းမာရေးကာကွယ်မှုဆိုင်ရာ အသိပညာများကို ဟောပြော ဆောင်ရွက်ပေးနိုင်ရန် ဖြစ်သည်။
ကျေးရွာအကြီးအကဲများ၊ဒေသတွင်းကျန်းမာရေးဝန်ထမ်းများ၊ကျေးရွာများမှတာဝန်ရှိသူများနှင့် တိုင်ပင်ညှိနှိုင်းကာ ကျန်းမာရေး ကာကွယ်မှုဆိုင်ရာ အသိပညာများကို ဒေသနှင့်ကိုက်ညီအောင် ပြင်ဆင်ဆောင်ရွက်ခဲ့သည်။ WHO Myanmar ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒေးယာ (Dr. Deyer) က“ဒါဟာ အချက်အလက်တွေကို ပေးတာမျိုးမဟုတ်ဘူး။ မှန်ကန်တဲ့အချက်အလက်၊ မှန်ကန်တဲ့ပုံစံနဲ့ မှန်ကန်တဲ့အချိန်မှာ ရောက်ရှိအောင် ဆောင်ရွက်တာမျိုးပါ” ဟု ရှင်းပြပြောဆိုခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO Myanmar)မှ ဒေါက်တာ စန်းစန်းဝင်းက “လူထုရဲ့ပါဝင်မှုဟာ ဒီဆောင်ရွက်မှုရဲ့ ဗဟိုချက်ပါပဲ။ ကျေးရွာလူထုတွေ၊ မိသားစုတွေနဲ့ အတူတကွ လက်တွဲဆောင်ရွက်ခြင်းအားဖြင့် ကျန်းမာရေးကာကွယ်မှုဟာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာစေဖို့ သေချာစေခဲ့တာပါ။ ဒီလိုမျိုး တာဝန်ယူမှုကို ဝိုင်းဝန်းခွဲဝေယူကြတဲ့ စိတ်ဓာတ်ဟာလည်း အရေးပေါ်အခြေအနေ ပြီးဆုံးသွားတဲ့အချိန်တွေမှာပါ ခံနိုင်ရည်စွမ်းအားကို ရေရှည်တည်တံ့အောင် ထောက်ပံ့ပေးနိုင်မှာပါ”ဟု ထပ်လောင်းပြောကြားခဲ့သည်။
WHO ဝန်ထမ်းများ ကျေးရွာများသို့ ရောက်ရှိချိန်တွင် ပျက်စီးနေသော လမ်းများနှင့် သယ်ယူပို့ဆောင်ရေး ကန့်သတ်ချက်များကြောင့် သွားရေးလာရေး အခက်အခဲရှိခဲ့သော်လည်း ကျောင်းများ၊ ကျေးရွာလူထုအလုပ်လုပ်နေသော နေရာများနှင့် ရွာလမ်းများဘေးတွင် အပြန်အလှန်ဆွေးနွေးမှုများနှင့် ကျန်းမာရေးအသိပညာဖြန့်ဝေမှုများကို ဆက်လက်ပြုလုပ်နိုင်ခဲ့ပါသည်။ ပို့စ်တာများ၊ သရုပ်ပြမှုများနှင့်အတူ ကျေးရွာလူထုမိသားစုများသည် အဘိတ်ဆေးများကို အသုံးပြုကာ ခြင်ကြောင့်ဖြစ်သောရောဂါများ/သွေးလွန်တုတ်ကွေးရောဂါ (dengue) ကို မည်သို့ကာကွယ်ရမည်၊ မသန့်ရှင်းသော ရေအရင်းအမြစ်မှဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ (Acute Watery Diarrhea - AWD) မှ ကာကွယ်နိုင်ရန် နှင့် မည်သည့်အချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှု ရယူရမည်ကို သိရှိနိုင်ရန် သင်ယူခဲ့ကြသည်။ ဤလုပ်ဆောင်မှုများကို WFP ၏ Cash-for-Work Programme နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုစီမံကိန်းတွင် ကျေးရွာသားများသည် အမှိုက်သရိုက်ရှင်းလင်းခြင်း၊ လမ်းများပြုပြင်ခြင်းနှင့် အများပြည်သူသုံးနေရာများ ပြန်လည်ထိန်းသိမ်းခြင်းစသည့် အလုပ်များလုပ်ကိုင်ရင်း လုပ်အားခအဖြစ် WFP မှ ငွေကြေးထောက်ပံ့မှုများ ရရှိခဲ့ကြသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် လူမှုစီးပွားဘဝကို ထောက်ပံ့ရုံသာမက ရပ်ရွာကျန်းမာရေးကာကွယ်မှုကိုလည်း မြှင့်တင်ပေးနိုင်ခဲ့သည်။
ဤဆောင်ရွက်မှု၏ အကျိုးသက်ရောက်မှုကို ကျေးရွာလူထုအနေဖြင့် ချက်ချင်းခံစားရသည်။ ရွာသူရွာသားများသည် ၎င်းတို့၏ပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ရုံသာမက အနာဂတ်ကျန်းမာရေးခြိမ်းခြောက်မှုများမှ ကာကွယ်နိုင်ရန် အသိပညာများလည်း ရရှိခဲ့ကြသည်။ “ငလျင်အပြီးမှာ ကျွန်တော်တို့အိမ်တွေပြန်ဆောက်ဖို့ပဲ မျှော်လင့်ခဲ့တယ် ။ အခုကျတော့ ကျွန်တော်တို့မိသားစုကို ရောဂါတွေကနေ ဘယ်လိုကာကွယ်ရမယ်ဆိုတာပါ သိလာရပြီ။ ကျွန်တော်တို့ အိမ်တွေပြန်ဆောက်နိုင်သလို ပိုပြီးကျန်းမာနေနိုင်မှာပါ” ဟု ဝမ်းတွင်းမြို့ ရှိ ကျေးရွာ တစ်ရွာမှ ရွာသားတစ်ဦးက ဆိုသည်။
|
|
|
|
ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ခြင်ကြောင့်ဖြစ်သောရောဂါများ/သွေးလွန်တုတ်ကွေးရောဂါ (dengue)နှင့် မသန့်ရှင်းသော ရေအရင်းအမြစ်မှဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ (AWD) ကာကွယ်တားဆီးရေး ကျန်းမာရေးပညာပေးဟောပြောခြင်းကို WHOဝန်ထမ်းများမှဆောင်ရွက်နေပုံ။ ဓာတ်ပုံ -ဒေါက်တာ ပြည်ဖြိုးအောင် / WHO Myanmar |
||
WHO အဖွဲ့အတွက် ကျေးရွာများအတွင်း ပေါ်ထွက်လာသော ခံနိုင်ရည်ရှိမှုစိတ်ဓာတ်သည် လူထု၏ပါဝင်မှု အရေးကြီးပုံကို အမှတ်ရစေသော အချက်တစ်ခုဖြစ်ခဲ့သည်။ “သူတို့ရဲ့ကိုယ်ပိုင်လုပ်ဆောင်မှုတွေက နောက်ထပ်ရောဂါဖြစ်ပွားမှုကို တားဆီးကာကွယ်နိုင်တယ်ဆိုတာ သူတို့သိလာတဲ့အခါ သူတို့မျက်လုံးထဲမှာ မျှော်လင့်ချက်ကို မြင်ရတယ် ။လူထုနဲ့ ဆွေးနွေးတိုင်းမှာ သူတို့ဟာ အကူအညီတွေကို လက်ခံရယူနေတဲ့ လူတွေသာမဟုတ်ဘူး ။ သူတို့ဟာ ကျန်းမာရေးအတွက် ကာကွယ်ရေးမှာပါ ပါဝင်ဆောင်ရွက်သူ တွေလည်းဖြစ်တယ် ။ အဲဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှုကပဲ ယာယီဆောင်ရွက်ချက်တွေကတဆင့် ကယ်ဆယ်ရေးနဲ့ ရေရှည်ကျန်းမာရေးလုံခြုံမှုတွေကိုပါ ဖန်တီးပေးနိုင်တာပါ” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO Myanmar) မှဒေါက်တာ ပြည်ဖြိုးအောင်က ဆိုသည်။
ဤဆောင်ရွက်မှုများ ပြီးဆုံးချိန်တွင် အိမ်ထောင်စုများသည် ရေအိုး ရေခွက်များကို ဖုံးအုပ်ထားကြပြီ၊ ခြင်ပေါက်ဖွားနိုင်သော နေရာများကို ရှင်းလင်းထားကြသည်၊ သန့်ရှင်းရေးဆိုင်ရာ အသိပညာများလည်း မြင့်တက်လာခဲ့သည်။ ဤသေးငယ်သောလုပ်ဆောင်မှုများသည် ရေရှည်ကျန်းမာရေးလုံခြုံမှုအတွက် အခြေခံအုတ်မြစ်ကို ချပေးနိုင်ခဲ့ပြီး ငလျင်အပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ရောဂါဖြစ်ပွားမှုစိုးရိမ်ချက်ကို လျှော့ချနိုင်ရုံသာမက နောက်နှစ်ပေါင်းများစွာအတွက်ပါ အန္တရာယ်ကို လျှော့ချပေးနိုင်ခဲ့သည်။
ဒေါက်တာဒေးယာ(Dr.Deyer)က “ကျွန်တော်တို့က ငလျင်အပြီး ပြန်လည်ထူထောင်ရေးထဲကို ကျန်းမာရေး အသိပညာဖြန့်ဝေခြင်းကို ထည့်သွင်းဆောင်ရွက်တဲ့အခါမှာ ပျက်စီးနေတဲ့အဆောက်အဦတွေကို ပြန်ဆောက်နေတာတင် မဟုတ်ဘူး - ကျေးရွာလူထုရဲ့ ခံနိုင်ရည်စွမ်းအားကို ပြန်လည်တည်ဆောက်နေတာပါ” ဆင်ခြင်သုံးသပ်ခဲ့သည် ။
*ဤဆောင်းပါးကို WHO Myanmar website တွင် မူရင်းရေးသား ထုတ်ဝေထားပါသည်။