မြန်မာနိုင်ငံမှာ မနက်စာလို့ပြောရင် အများအားဖြင့် မုန်ဟင်းခါး (ငါးဆီသတ်ထားတဲ့ ငါးပြုတ်ရည် တစ်မျိုးဖြစ်တဲ့ မြန်မာ့အစားအစာတစ်ခု)၊ ထမင်းကြော် သို့မဟုတ် အသုတ်စုံ နဲ့အတူ လက်ဖက်ရည် သို့မဟုတ် အင်စတန့်ကော်ဖီ တို့နဲ့သာ တွဲစားလေ့ရှိကြပါတယ်။ ဒါပေမယ့် မနက်စာစားရင်း နွားနို့တစ်ခွက်သောက်တဲ့ အလေ့အကျင့်ကတော့ အတော်များများအတွက် အကျင့်မရှိသလို၊ ဝယ်ယူ သောက်နိုင်စွမ်းလည်း နည်းပါးနေဆဲဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှ နို့ နှင့် နို့ထွက်ပစ္စည်းတွေထုတ်လုပ်တဲ့ ဦးမြတ်သိန်းထွန်းဟာဆိုရင် နွားနို့သောက်တဲ့အလေ့အကျင့်ကို မိသားစုတိုင်းရဲ့ မနက်တိုင်း စတင်နိုင်ဖို့ ဆန္ဒထားပြုထားသူ တစ်ဦးဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှ စတင်ပြီးတော့ သူ့ရဲ့ Top Dairy Farm ကို နွား အကောင် ၄၀ နဲ့ စတင်ထူထောင်ခဲ့ပါတယ်။ ဒါပေမဲ့ နွားတွေရဲ့ ကျန်းမာရေး ပြဿနာတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို သက်တမ်း ကြာရှည်အောင် ထားနိုင်ဖို့ လိုအပ်တဲ့ နည်းပညာအခက်အခဲတွေကြောင့် သူခြံထွက်ကုန်တွေကို အနီးအနားက စျေးကွက်မှာသာ ရောင်းချနိုင်ခဲ့ပါတယ်။
ဒီအခြေအနေတွေကတော့ ၂၀၂၃ ခုနှစ်မှာ လုပ်တဲ့ခဲ့ FAO ရဲ့ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ရောဂါများ အတွက် အရေးပေါ်စင်တာ (ECTAD) က ဦးစီးကျင်းပပေးတဲ့ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းတစ်ခု ကို တက်ရောက်ပြီးနောက်မှာတော့ ပြောင်းလဲသွားခဲ့ပါတယ်။ နွားနို့ကို စနစ်တကျထုတ်လုပ်နည်းမှ စတင်ကာ ပိုးမွှားအန္တရာယ်ရှိပုံများကို ခွဲခြားသိနိုင်နည်း၊ အရေးကြီးသည့် အစာအဆိပ်မဖြစ်အောင် ထိန်းသိမ်းနည်းများ၊ အစားအစာသန့်ရှင်းရေးနှင့် အဆင့်မြင့်နည်းပညာများကို သင်ယူခွင့်ရခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ သူသိလာတဲ့ နည်းပညာ အသစ်တွေကို အသုံးချပြီး နွားစာအတွက် ကိုယ်ပိုင်မြက်ခင်းကို စိုက်ပျိုးခဲ့ သည့်အပြင် ထုတ်ကုန်အရည်အသွေးကို တဖြည်းဖြည်း တိုးတက်အောင်ပြုပြင်နိုင်ခဲ့ပါတယ်။ ယနေ့အချိန်တွင် သူ့ ရဲ့ နို့ထွက်ပစ္စည်း ထုတ်ကုန်တွေကို သက်တမ်း (shelf life) တိုးလာအောင် လုပ်နိုင်ခဲ့တဲ့ အပြင် ရန်ကုန်အထိ စျေးကွက်ကို ထိုးဖောက်နိုင်နေပြီလို့ ပြောပါတယ်။
ဒါပေမဲ့ ဦးမြတ်သိန်းထွန်းရဲ့ ရည်ရွယ်ချက်က စီးပွားရေးအရ အောင်မြင်မှု ထက် ကျော်လွန်ပါတယ်။ မိမိနေရပ်ဒေသတွင်း စားနပ်ရိက္ခာ မလုံလောက်မှုကို လျော့ချဖို့ အတွက် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန (LBVD) နှင့် ပူးပေါင်းကာ School Milk Programme ကို စတင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှ စတင်ပြီး လိုအပ်တဲ့ မူလတန်း စာသင်ကျောင်းတွေကို စီစစ်ရွေးချယ်ပြီး အခမဲ့နွားနို့ တိုက်ကျွေးတဲ့ အစီအစဥ် မကြာခဏ ပါဝင်ဆောင်ရွက်ပေးနေခဲ့ပါတယ်။
“ကျွန်တော်တို့ အဓိကအားဖြင့် ယုံကြည်မှု တည်ဆောက်ချင်တယ်၊ အလေ့အကျင့်ပြောင်းလဲချင်တယ်၊ ဒီ စာသင်ကျောင်းတွေမှာ အခမဲ့ နွားနို့တိုက်ကျွေးတဲ့အစီအစဥ်နဲ့ အတူ ကလေးတွေ ကြီးထွားလာပုံကို မျက်ဝါးထင်ထင် တွေ့ချင်တယ်” ဟု ဦးမြတ်သိန်းထွန်း က ပြောသည်။
၂၀၂၄–၂၀၂၅ ပညာသင်နှစ်အတွင်းတည်းမှာပင် ဦးမြတ်သိန်းထွန်းအနေနဲ့ နီးစပ်ရာကျောင်း ၁၂ ကျောင်း ရှိ ကျောင်းသား ၁၆၅၅၃ ဦးထံ နို့တိုက်ကျွေးခဲ့ပါတယ်။
စာသင်ကျောင်းရှိ ကျောင်းသားများကို အခမဲ့နွားနို့တိုက်ကျွေးတဲ့အစီအစဉ်ကနေ သိသာတဲ့ ပြောင်းလဲမှုတွေကို မြင်နေရပါတယ်။ မူလက နွားနို့သောက်လေ့မရှိတဲ့ ကလေးတွေ အခုဆို ပို ကျန်းမာသန်စွမ်းလာဟန်ရှိလာပါတယ်။ မိဘတွေကလည်း နွားနို့သောက်ခြင်း ရဲ့ အကျိုးကျေးဇူးကို အရင်က မသိသေးဘဲနေခဲ့ပေမယ့် အခုဆိုရင် အိမ်မှာသောက်ဖို့ သူ့ဆီက နွားနို့ဝယ်ယူလာတာကိုလည်း သတိထားမိလာတယ်လို့ ဆိုပါတယ်။
“မိဘတွေက နွားနို့သောက်တာကို သရေစာတစ်ခုလို မမြင်တော့ဘဲ အာဟာရအဖြစ် မြင်လာကြပြီ” ဟု ဦးမြတ်သိန်းထွန်းက ပြောပါတယ်။
ဦးမြတ်သိန်းထွန်းရဲ့ အတွေ့အကြုံကို ကြည့်မယ်ဆိုရင် နွားနို့ထုတ်လုပ်မှုနည်းပညာ တိုးတက်ဖို့ ကြိုစားခြင်းဟာ သူ့စီးပွားရေးအတွက်သာမက သူ့လိုမျိုး နို့စားနွား မွေးမြူရေးသမားတွေ၊ စာသင်ကျောင်းတွေ၊ အစိုးရအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ရင်း လူထုအတွက် အာဟာရပိုမိုကောင်းမွန်စေနိုင်တဲ့ ရလဒ်တစ်ခုကို ပြသနေပါတယ်။
*ဤဆောင်းပါးကို FAO Website တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။