ယူနီဆက်၏ ရေသန့်အစီအစဉ်က ရန်ကုန်မြို့ရှိ အခြေခံလူတန်းစား လူမှုအသိုင်းအဝိုင်းများကို ပြောင်းလဲပေးနိုင်
ယူနီဆက်နှင့် EU ၊ ရေပန်းတိုင်တို့၏ ပူးပေါင်းဆောင်ရွက်မှုက ရန်ကုန်မြို့တစ်ဖက်ကမ်းက အေးရွာရှိ မိသားစုများထံသို့ သန့်ရှင်းတဲ့ရေနဲ့ အိပ်မက်သစ်များ ဆောင်ကြဉ်းပေး
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာကျေးရွာမှာနေထိုင်တဲ့ အသက်ငါးနှစ်အရွယ် ယွန်းယွန်းလေးရဲ့ ဘဝက လုံးဝပြောင်းလဲသွားခဲ့ပါပြီ။ အရင်ကလို သူ့ရဲ့အားအင်တွေကိုကုန်ခမ်းစေပြီး ကစားချိန်တွေနဲ့ ဝေးကွာစေခဲ့တဲ့ မကြာခဏဖြစ်လေ့ရှိတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါကို သူမခံစားရတော့ပါဘူး။
မိခင်ဖြစ်သူ မစုမာက အနီးက ရေကန်တစ်ခုကနေ ခပ်တဲ့ရေကို အများအားဖြင့် မကျိုမချက်ဘဲ၊ ရေမစစ်ဘဲ ဒီအတိုင်းသောက်ခဲ့ရတဲ့ ခက်ခဲတဲ့နေ့ရက်တွေကို အမှတ်ရနေတုန်းပါပဲ။ ဒီလိုမကျိုမချက်ဘဲ သောက်တဲ့အတွက် ရေကြောင့်ဖြစ်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်တယ်ဆိုတာလည်း သူတို့မသိခဲ့ကြပါဘူး။
"တစ်ခါတလေ ကျွန်မကလေးတွေ နေမကောင်းဖြစ်ရင် အစာမသန့်လို့ဖြစ်တယ်ပဲထင်ခဲ့တာ" လို့ မစုမာက ပြောပါတယ်။ "ရေက တကယ့်အကြောင်းရင်းဆိုတာ ကျွန်မတို့ သတိမထားမိခဲ့ဘူး။"
လှိုင်မြစ်ကမ်းပေါ်က ရန်ကုန်မြို့ဆင်ခြေဖုံးမှာရှိတဲ့ အေးရွာကျေးရွာက မိသားစုတွေအတွက် သောက်သုံးရေသန့်မရရှိတာ ကြာမြင့်လှပြီဆိုတာ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်မှန်တစ်ခုပါ။ ခင်ပွန်းဖြစ်သူရဲ့ လက်သမားအလုပ်ကရရှိတဲ့ တစ်လဝင်ငွေ လေးသိန်းကျပ်နဲ့ သမီးကြီးဖြစ်သူရဲ့ အနီးဝန်းကျင်က ကလေးတွေကို စာသင်ပေးရာကနေရတဲ့ လစာလေးက ရေသန့်မဆိုထားနဲ့၊ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့တောင် အနိုင်နိုင်ပါ။
ဥရောပသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (ECHO) ရဲ့ ပံ့ပိုးမှုဖြင့် ယူနီဆက်နဲ့အတူ ရေပန်းတိုင် (WaterAim) တို့ ပူးပေါင်းပြီး ပံ့ပိုးပေးတဲ့ အသက်ကယ် WASH (ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး) အစီအစဉ်ကြောင့် အေးရွာကျေးရွာလို အခြေခံအကျဆုံးလူမှုအသိုင်းအဝိုင်းတွေမှာ အရာရာပြောင်းလဲသွားခဲ့ပါတယ်။
“ရေပန်းတိုင် က စေတနာ့ဝန်ထမ်းတစ်ယောက်က ကျွန်မကို သန့်ရှင်းတဲ့ရေနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါကို ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့အကြောင်း ရှင်းပြတဲ့ ကျေးရွာဆွေးနွေးပွဲတစ်ခုကို တက်ရောက်ဖို့ ဖိတ်ခဲ့တယ်" လို့ မစုမာက ပြောပါတယ်။ "အဲဒီအချိန်ကစပြီး အရာအားလုံးပြောင်းလဲသွားခဲ့ပါတယ်။"
ဒီအစီအစဉ်ကနေ မိသားစုတွေက ကျန်းမာရေးအသိပညာ၊ ရေသန့်ဆေးပြား၊ ရေသန့်ဆေးထုပ်၊ ပြင်းထန်ဝမ်းရောဂါကုသရေးပစ္စည်း၊ ဓာတ်ဆား၊ ဆပ်ပြာ၊ ရေပုံးနဲ့ လက်အိတ်တွေရရှိခဲ့ကြပါတယ်။ အရေးအကြီးဆုံးအနေနဲ့ သောက်ရေနဲ့ ချက်ပြုတ်ရမှာသုံးဖို့အတွက် စိတ်ချရတဲ့ သန့်ရှင်းတဲ့ရေရရှိအောင် နေရောင်ခြည်စွမ်းအင်သုံး ကျေးရွာရေသန့်စက်တစ်ခုကို တည်ဆောက်ပေးခဲ့ပါတယ်။
အကျိုးကျေးဇူးတွေက ချက်ချင်းရရှိခဲ့သလို ဘဝတွေကိုလည်း ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ "အခုဆိုရင် ကျွန်မတို့တွေ ဝမ်းပျက်ဝမ်းလျှောရောဂါကို မခံစားရတော့ဘူး" လို့ မစုမာက ဆိုပါတယ်။ "ကျွန်မတို့ရွာမှာ ဒီရောဂါကြီးလုံးဝ ပျောက်သွားသလို ခံစားရတယ်။"
မိသားစုရဲ့ ကိုယ်စိတ်ကျန်းမာခြင်းက ကလေးတွေရဲ့ အနာဂတ်နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်ဆိုတာ မစုမာသိပါတယ်။
ကောင်းမွန်တဲ့တကိုယ်ရေသန့်ရှင်းရေးနဲ့ ကျန်းမာရေးက ကလေးတွေရဲ့ ပညာရေးအတွက် မရှိမဖြစ် အရေးကြီးတယ်" လို့ သူက ပြောပါတယ်။ "ကလေးတွေဖျားနေရင် ကျောင်းမတက်နိုင်ဘူး။ စာကောင်းကောင်းမလုပ်နိုင်ဘူး။ ကျွန်မက ကျွန်မရဲ့သမီးလေးတွေကို ဘွဲ့ရပညာတတ်ပြီး သူတို့ဖြစ်ချင်တဲ့ အိပ်မက်တွေကို လွတ်လွတ်လပ်လပ် အကောင်အထည်ဖော်ခွင့် ရစေချင်တယ်။ သူတို့တွေကို ပျော်ရွှင်တဲ့ဘဝလေးတစ်ခုရစေချင်တယ်။"
သမီးအကြီးဆုံးဖြစ်တဲ့ မမိုးပြည့်ရဲ့ ဖြစ်ချင်တဲ့အိပ်မက်ကတော့ ရိုးရှင်းပါတယ်။ "ကျွန်မ ဆရာမဖြစ်ချင်တယ်" လို့ သူကပြောပါတယ်။ ဒါပေမဲ့ သူ့လျှောက်ရတဲ့လမ်းကြောင်းက လွယ်ကူမနေပါဘူး။ ကိုဗစ် ကပ်ရောဂါနဲ့ နောက်ဆက်တွဲနိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် ၂၀၂၀ ခုနှစ်မှာ ကျောင်းထွက်ခဲ့ရတဲ့ မမိုးပြည့်က ၂၀၂၄ ခုနှစ်မှာ ကျောင်းပြန်တက်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျောင်းရပ်နားထားတာ ကြာလွန်းတဲ့အတွက် ကျောင်းက သူ့ကို ပြန်လက်မခံတဲ့အတွက် ပုဂ္ဂလိကကျောင်းတစ်ခုမှာ အပ်နှံခဲ့ရပါတယ်။ ဒါပေမဲ့ လပိုင်းအကြာမှာပဲ စာအုပ်ဖိုးလို ထပ်တိုးစရိတ်တွေမပါဘဲ ကျောင်းစရိတ်တစ်ခုတည်းတင် တစ်လကို နှစ်သိန်း ကျပ် ဖြစ်လာတာကြောင့် မိသားစုအတွက် မနိုင်ဝန်ဖြစ်လာခဲ့ပြီး ကျောင်းထွက်ခဲ့ရပြန်ပါတယ်။
အခုဆိုရင် သူက အိမ်အနီးအနားက မူလတန်းကျောင်းသားလေးတွေကို စာသင်ပေးရင်း တစ်လကို ကျောင်းလခပမာဏလောက် ဝင်ငွေရရှိနေပြီဖြစ်ပါတယ်။ "အခုတော့ သမီးရဲ့ ပညာရေးက ရပ်တန့်နေပါတယ်။ ဒါပေမယ့် ကျောင်းပြန်တက်ချင်တယ်။ ဘွဲ့ရပညာတတ်ဖြစ်ပြီး ကလေးတွေကို စာသင်ပေးချင်သေးတယ်။ အဲဒါ သမီးရဲ့အိပ်မက်ပါပဲ။" လို့ မမိုးပြည့်က ဆိုပါတယ်။
အေးရွာကျေးရွာမှာ အသစ်တပ်ဆင်လိုက်တဲ့ ရေသန့်စက်ကနေ သန့်ရှင်းတဲ့ရေကို ခပ်ယူရတာ ရိုးရှင်းလွယ်ကူတဲ့ လုပ်ရပ်လေးဆိုပေမယ့် ဒါက အဆင်ပြေလွယ်ကူမှုသက်သက်မဟုတ်ဘဲ အပြောင်းအလဲတစ်ခုရဲ့ ပြယုဂ်ဆိုလည်း မမှားပါဘူး။ မစုမာတို့လို မိသားစုတွေအတွက် ရေသန့်ဆိုတာ တည်ငြိမ်မှု၊ ပညာရေးနဲ့ ဂုဏ်သိက္ခာအတွက် အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်။
ဒီနေ့ သူတို့ရွာလေးမှာ ရေကောင်းရေသန့်တွေ လပ်လပ်စွာ စီးဆင်းသလို ကလေးတွေရဲ့ အိပ်မက်တွေလည်း လွတ်လပ်စွာ စီးဆင်းနိုင်ပြီဖြစ်ပါတယ်။ မစုမာက ဒီပြောင်းလဲမှုနဲ့ပတ်သက်ပြီး "ကျွန်မတို့ရွာမှာ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ပေးတဲ့အတွက် သိပ်ကိုကျေးဇူးတင်ပါတယ်။ အခုတော့ ကျွန်မတို့ရွာက ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကျောင်းတက်နိုင်တော့ပါမယ်။ သူတို့ဖြစ်ချင်တဲ့အိပ်မက်တွေကို မက်ခွင့်ရပါတော့မယ်" လို့ ဝမ်းသာအားရပြောပြပါတယ်။
*ဤဆောင်းပါးကို UNICEF Myanmar website တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။