စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်
4

အရည်အချင်းပြည့်ဝသော ပညာရေး ရရှိရေး

လူသားအားလုံး အကျုံးဝင်မှုရှိကာ ညီညွတ်မျှတပြီး အရည်အသွေးရှိသည့် ပညာ သင်ယူနိုင်ရေးနှင့် အစဉ်လေ့လာသင်ယူနိုင်သော အခွင့်အလမ်း ရရှိရေး

ပန်းတိုင် (၄) - အရည်အသွေး ပြည့်ဝသော ပညာရေး ရရှိရေး

၂၀၀၀ ပြည့်နှစ်မှစပြီး တစ်ကမ္ဘာလုံးဆိုင်ရာ မူလတန်းပညာရေး၏ ရည်မှန်းချက်အောင်မြင်ရန် ကြီးမားသော တိုးတက်မှုများရှိခဲ့သည်။ ဖွံ့ဖြိုးဆဲဒေသများတွင် ကျောင်းအပ်နှံမှုနှုန်းမှာ ၂၀၁၅ ခုနှစ်တွင် ၉၁ ရာခိုင်နှုန်းရှိခဲ့ပြီး ကမ္ဘာအနှံ့ရှိ ကျောင်းထွက်နှုန်း ထက်ဝက်နီးပါး ကျဆင်းသွားသည်။ စာတတ်မြောက်မှုနှုန်း သိသိသာသာမြင့်တက်လာပြီး မိန်းကလေးများသည် ကျောင်းတွင် ယခင်ကထက် ပိုမိုများပြားလာသည်ကို တွေ့ရပါသည်။ ဤသည်မှာ ထူးခြားသော အောင်မြင်မှုဖြစ်ပါသည်။

ဖွံ့ဖြိုးဆဲအချို့ဒေသများတွင် ဆင်းရဲနွမ်းပါးမှု၊ လက်နက်ကိုင်ပဋိပက္ခများနှင့် အခြား အရေးပေါ် အခြေအနေများကြောင့် တိုးတက်မှုမှာ ခက်ခဲလျက်ရှိသည်။ အနောက်အာရှနှင့် မြောက်အာဖရိကတို့တွင် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ကျောင်းတက်ခွင့်မရသော ကလေးသူငယ်များ တိုးပွားလာနေသည်။ ယင်းသည် အလွန် စိုးရိမ်စရာ ကောင်းပါသည်။ ဆာဟာရသဲကန္တာရတောင်ပိုင်း အာဖရိကသည် ဖွံ့ဖြိုးဆဲဒေသအားလုံးတွင် မူလတန်းကျောင်းအပ်နှံမှုတွင် အကြီးမားဆုံး တိုးတက်မှုဖြစ်ခဲ့ပြီး ၁၉၉၀ တွင် ၅၂ ရာခိုင်နှုန်းမှ ၂၀၁၂ ခုနှစ်တွင် ၇၈ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။ သို့သော်လည်း ဆက်လက်ဆောင်ရွက်ဖွယ်ရာများ အများအပြား ရှိနေပါသေးသည်။ အဆင်းရဲဆုံးအိမ်ထောင်စုများမှ ကလေးများသည် အချမ်းသာဆုံး အိမ်ထောင်စုများထက် ကျောင်းဆက်လက် မတက်ရောက်ရသော ကလေး အရေအတွက် လေးဆပိုများသည်။ ကျေးလက်နှင့် မြို့ပြဒေသများအကြား ကွာဟချက်မှာလည်း မြင့်မားနေဆဲဖြစ်သည်။

အားလုံးပါဝင်ခွင့်ရှိပြီး အရည်အသွေးရှိသော ပညာရေးကိုရရှိစေခြင်းဖြင့် ပညာရေးသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအားအရှိဆုံးနှင့် သက်သေပြနိုင်သော ကိရိယာတစ်ခုဖြစ်သည်ဟူသော ယုံကြည်ချက်ကို ထပ်လောင်းအတည်ပြုပါသည်။ ဤရည်မှန်းချက်သည် ၂၀၃၀ ပြည့်နှစ်တွင် မိန်းကလေးများနှင့် ယောက်ျားလေးများအားလုံးသည် မူလတန်းနှင့် အလယ်တန်းကျောင်းများကို အခမဲ့ပြီးမြောက်အောင် ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။ ၎င်းသည်  သက်မွေးဝမ်းကျောင်းသင်တန်းများအား တန်းတူလက်လှမ်းမီစေရန်၊ ကျား၊ မနှင့် ဆင်းရဲချမ်းသာ ကွာဟချက်များကို ဖယ်ရှားပေးရန်နှင့် အရည်အသွေးရှိသော အဆင့်မြင့်ပညာရေးကို လက်လှမ်းမီနိုင်စေရန် ရည်ရွယ်သည်။

ကိုးကားချက်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ (SDGs) (undp.org) 

မျှော်မှန်း ရည်မှန်းချက်များ။ ပန်းတိုင် (၄) - အရည်အသွေး ပြည့်ဝသော ပညာရေး ရရှိရေး (undp.org)

မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များသည် ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့အား ကာကွယ်စောင့်ရှောက်ရန်နှင့် နေရာတိုင်းရှိ လူများ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ရရှိခံစားနိုင်ရေးသေချာစေရန် လုပ်ဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂမှ ဖော်ဆောင်နေသော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ပါသည်။