မြန်မာနိုင်ငံတွင် တိုက်ပွဲများ အရှိန်မြင့်လာခြင်း - အရေးပေါ်သတင်းအချက်အလက် အမှတ်စဉ် (၈)
အဓိကအချက်အလက်များ
- မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs)နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (PDFs) အပါအဝင် လက်နက်ကိုင် အဖွဲ့များ နှင့် မြန်မာ့တပ်မတော် (MAF) တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။
- ကျယ်ပြန့်လာသော တိုက်ပွဲများကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ မြို့နယ် များသည်လည်း ထိခိုက်ခံနေရပြီး၊ အရပ်သား သေဆုံးမှုများနှင့် လတ်တလောနေရပ်စွန့်ခွာရမှုများ တိုးလာနေပါသည်။
- အောက်တိုဘာလ ၂၆ ရက်နေ့မှစ၍ တိုက်ပွဲများ အရှိန်မြင့်လာခြင်းကြောင့် ပြည်နယ်/တိုင်းဒေသကြီး အများအပြားတွင် ပြည်သူ ငါးသိန်းကျော်သည် လတ်တလော နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။ ဤအချက်မှာ တိုက်ပွဲများ အရှိန်မမြင့်မီကပင် နေရပ်စွန့်ခွာခဲ့ရသည့် ပြည်သူ နှစ်သန်းရှိထားပြီးသည့် အခြေအနေတွင် နေရပ်စွန့်ခွာရသူ အသစ်များ ထပ်တိုးလာခြင်းပင်ဖြစ်သည်။
- လုံခြုံရေးစိတ်မချရခြင်းနှင့် သွားလာရေး၊ ဆက်သွယ်ရေး အခက်အခဲများ ရှိနေသည့်ကြားမှပင် အခြေအနေ ပေးသည့်နေရာများတွင် ဘေးဒဏ်သင့် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော လူသားချင်းစာနာမှု အကူအညီများကို နည်းလမ်းအမျိုးမျိုး ပြောင်းလဲအသုံးပြု၍ တပိုင်တနိုင် ဆက်လက်ပေးအပ်နေပါသည်။
- ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်ရှိ တရုတ်နယ်စပ်တစ်လျှောက်တွင် နေရပ်စွန့်ခွာနေရသည့် ပြည်သူ ၅၀၀၀၀ ခန့်သည် အကူအညီများကို မဆိုစလောက်သာ ရရှိခဲ့ကြသည်။ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များအနေဖြင့် သွားလာရေးနှင့် ဝင်ရောက်ကူညီခွင့်ရရှိရေးအတွက် ကြိုးပမ်းညှိနှိုင်းနေဆဲဖြစ်သည်။
- တစ်နိုင်ငံလုံးရှိ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို MAF နှင့် EAOs နှစ်ဖက်လုံးက ပိတ်ဆို့ထားသည့်အတွက် ပြည်သူများက ဘေးလွတ်ရာနေရာများသို့ ရွေ့လျားသွားလာရေးကို အကန့်အသတ်ဖြစ်စေပြီး၊ လူသားချင်းစာနာမှု အကူအညီများ ဝင်ရောက်ပေးအပ်ရေးကို နှောင့်နှေးစေပါသည်။ လားရှိုးနှင့် လွိုင်ကော်လေဆိပ်များကို ပိတ်ထားဆဲဖြစ်သည်။
- ရခိုင်ပြည်နယ်အတွင်းမြို့နယ်ချင်းဆက် ရေလမ်းကုန်းလမ်းများနှင့်၊ ရခိုင်ပြည်နယ်တွင်း ဝင်ရောက်နိုင်သည့် ရေလမ်း၊ ကုန်းလမ်းများကို ပိတ်ဆို့ထားခြင်းကြောင့် ဒေသဈေးကွက်အတွင်းတွင် စားနပ်ရိက္ခာနှင့် နေ့စဉ်သုံးကုန်ပစ္စည်းများ ရှားပါးမှုဖြစ်စေပြီး၊ ကုန်ဈေးနှုန်းများ မြင့်တက်နေပါသည်။
- ၂၀၂၃ ခုနှစ် အကုန်အထိအခြေအနေအရ၊ ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ် (HRP) အတွက် ရန်ပုံငွေ လိုအပ်ချက်၏ ၂၉ ရာခိုင်နှုန်းကိုသာ ရရှိထားပါသည်။ မြင့်တက်လာနေသော လိုအပ်ချက်များကို အရှိန်မြှင့်တင်၍ ထိရောက်စွာ တုံ့ပြန်ကူညီပေးနိုင်ရေးအတွက် ရန်ပုံငွေများကို အဆောတလျင် ထောက်ပံ့ပေးရန် အရေးတကြီးလိုအပ်နေပါသည်။ လတ်တလောတွင် တိုက်ပွဲများ အရှိန်မြင့်လာခြင်းနှင့် နေရပ်စွန့်ခွာရသူအရေအတွက် ရုတ်တရက်တိုးလာခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် လိုအပ်ချက်များကို ဖြေရှင်းကူညီနိုင်ရန်အတွက် အရေးပေါ်ကယ်ဆယ်ရေးဗဟိုရန်ပုံငွေ (CERF) မှ လျင်မြန်စွာတုံ့ပြန်ရေးရန်ပုံငွေ အမေရိကန် ဒေါ်လာ ၇ သန်း အထိ ခွဲဝေချထားပေးရန် ကြိုတင်ခွင့်ပြုချက် ရရှိထားပြီးဖြစ်သည်။
အခြေအနေသုံးသပ်ချက်
မြန်မာနိုင်ငံ၊ ပြည်နယ်/တိုင်းဒေသကြီးအများအပြားတွင် EAOs နှင့် PDFs များအပါအဝင် လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော် (MAF) တို့အကြားတွင် ပြင်းထန်သော တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ နှောင်းပိုင်းမှစ၍ တိုက်ပွဲများ အရှိန်မြင့်လာခြင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ပြည်သူ ၅၀၀၀၀၀ ကျော်တို့ လတ်တလောနေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ နေရာအနှံ့အပြားတွင် နေရပ်စွန့်ခွာရမှုများကြောင့် နေရပ်စွန့်ခွာရသူအသစ်များနှင့် ယခင်ရှိနှင့်ပြီးသည့် နေရပ်စွန့်ခွာရသူများအတွက်လည်းကောင်း၊ အိမ်ရှင်ရပ်ရွာထုအတွက်လည်းကောင်း၊ စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးအကူအညီများအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်လိုအပ်ချက်များ ပေါ်ပေါက်လာစေပါသည်။ ထို့အပြင် လွန်ခဲ့သော တစ်လအတွင်း တိုက်ပွဲများနှင့် ဆက်စပ်ဖြစ်ရပ်များကြောင့် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် အရပ်သား ၂၈၃ ဦး သေဆုံးခဲ့ရပြီး၊ ၃၃၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းများက ဖော်ပြခဲ့ပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း
- ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလနှောင်းပိုင်းမှစ၍ အဆက်မပြတ် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ မြင့်တက်လာခဲ့ရာ အရပ်သား ၉၅ ဦးသေဆုံးပြီး၊ ၁၅၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစီရင်ခံထားပါသည်။ တိုက်ပွဲများကြောင့် မြို့နယ် ၆ မြို့နယ်တွင် လူနေအိမ် ၃၂၀ ကျော်နှင့် ပိုင်ဆိုင်မှုပစ္စည်းများလည်း ထိခိုက်ပျက်စီးခဲ့ရသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဖြစ်ပွားသည့် တိုက်ပွဲကြီးများကြောင့် မူဆယ်မြို့နယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အတွင်းရှိ ကုန်တင်ကားကြီး ၁၅၀ ကျော်နှင့် အဆောက်အဦများ ပျက်စီးခဲ့ရကြောင်း သတင်းရရှိသည်။ ပြည်သူ ၈၄၀၀၀ ကျော်တို့သည် တိုက်ပွဲလွတ်ရာနေရာများတွင် ခိုလှုံရာ ရှာဖွေရန် နေရပ်စွန့်ခွာခဲ့ရရာ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့နယ် ၁၆ မြို့နယ်ရှိ နေရာ ၁၅၁ နေရာတွင် IDPs ၈၂၀၀၀ ဦးခန့်၊ ကချင်ပြည်နယ် မန်စီမြို့နယ်တွင် ၁၈၀၀ ဦးနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် ၅၀၀ ဦးခန့် ခိုလှုံနေကြရသည်။ ယင်း IDPs များသည် အများအားဖြင့် ဘာသာရေးနေရာများ၊ အိမ်ရှင်ရပ်ရွာများတွင် ခိုလှုံနေကြပြီး၊ အချို့မှာ တောတောင်များအတွင်းရှိ ယာယီနေရာများတွင်လည်းကောင်း၊ တရုတ်-မြန်မာနယ်စပ်အနီးရှိ လယ်ကွင်းများတွင်လည်းကောင်း နေထိုင်နေကြရသည်။
- လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များသည် အဆိုပါ ဘေးဒဏ်သင့်ပြည်သူများအား ငွေကြေး၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့အပါအဝင် အကူအညီများကို ပေးအပ်နေသည်။ IDPs များအနက် တဝက်ကျော် (၅၅ ရာခိုင်နှုန်း)သည် အကူအညီများ ရရှိခဲ့ကြောင်း ခန့်မှန်းထားသော်လည်း၊ နမ့်ခမ်း၊ နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်များတွင်မူ လုံခြုံရေးနှင့် သွားလာရေးပြဿနာများ ရှိခြင်းကြောင့် အကူအညီပေးရန် လစ်ဟာမှုများ ရှိနေဆဲဖြစ်သည်။ လောက်ကိုင်မြို့နယ်အတွင်းရှိ နယ်စပ်ဒေသများတွင် ခိုလှုံနေကြသည့် ပြည်သူ ၅၀၀၀၀ ခန့်မှာလည်း အကူအညီမဆိုစလောက်သာ ရရှိခဲ့ကြသည်။ IDPs အသစ်များအတွက် အဓိကလိုအပ်ချက်များတွင် ငွေကြေး၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများ၊ အမိုးအကာပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့် တကိုယ်ရေကျန်းမာရေးသုံးပစ္စည်းများ ပါဝင်ကြသည်။ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့များအနေဖြင့် နေရပ်စွန့်ခွာရသည့် ပြည်သူများထံသို့ သွားလာရေးနှင့် ဝင်ရောက် ကူညီနိုင်ရေးအတွက် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း
- ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားနှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝမြို့နယ်တို့တွင် မြန်မာ့တပ်မတော် (MAF) နှင့် ရက္ခိုင့် တပ်တော် (AA) တို့အကြား တိုက်ပွဲများ အရှိန်မြင့်တက်နေသည်။ လက်နက်ကြီးများနှင့် လေကြောင်းမှ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၂၀ ဦးထက်မနည်းသေဆုံးပြီး ၈၅ ဦး ဒဏ်ရာရရှိခဲ့သည်။ AA နှင့် MAF တို့အကြား တိုက်ပွဲများကြောင့် နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ ပေါက်တော၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှ အများစုပါဝင်သည့် ပြည်သူ ၆၉၀၀၀ ကျော်တို့ လတ်တလောနေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။ ယခင်ရှိနှင့်ပြီးသည့် IDPs ၂၀၅၀၀၀ ဦးနှင့် လတ်တလော နေရပ်စွန့်ခွာလာရသူများအတွက် လူသားချင်းစာနာမှု တုံ့ပြန်ရေး အကူအညီများပေးအပ်ရာတွင် ရေလမ်း၊ ကုန်းလမ်းများကို ပိတ်ထားခြင်းကြောင့် ကြီးမားသော အခက်အခဲများနှင့် ကြုံတွေ့နေရသည်။ လမ်းများကို ပိတ်ထားခြင်းကြောင့် ဈေးကွက်များအတွင်း မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ရှားပါးလာပြီး၊ ဈေးနှုန်းများ မြင့်တက်လာစေသည်။ အချို့သော ဒေသခံအဖွဲ့အစည်းများသည် အခက်အခဲများ ရှိနေသည့်ကြားမှပင် တတ်နိုင်သည့် အကူအညီများကို ပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြသည်။
အနောက်မြောက်ပိုင်းဒေသ
- အနောက်မြောက်ပိုင်းဒေသတွင်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၄၀ ခန့်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နိုဝင်ဘာလအစောပိုင်းမှစ၍ ပြည်သူ ၁၅၀၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရသည်။ မည်သူမည်ဝါမခွဲခြားဘဲ ပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများအပါအဝင် တိုက်ပွဲများကြောင့် အရပ်သား ၉၀ ဦးခန့် သေဆုံးခဲ့ပြီး၊ ၄၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင်၊ လူနေအိမ်နှင့် အများပြည်သူပိုင်အဆောက်အဦ ၁၀၀ ကျော်ခန့် ထိခိုက်ပျက်စီးခဲ့ရသည်။ ချင်းပြည်နယ်နှင့် စစ်ကိုင်းဒေသကြီးတို့ရှိ လုံခြုံရေးအခြေအနေတည်ငြိမ်လာသော ဒေသအနည်းငယ်တွင် IDPs အချို့က နေရပ်ကျေးရွာများသို့ ပြန်သွားခဲ့ကြသည်။ သို့ရာတွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်နေခြင်းနှင့် ရွေ့လျားသွားလာမှုကန့်သတ်ချက်များ ရှိနေပြီး၊ လောင်စာဆီအကျပ်အတည်းနှင့် ဘဏ်လုပ်ငန်းပြဿနာများ ရှုပ်ထွေးနေခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီရေးလုပ်ငန်းများ နှောင့်နှေးနေဆဲဖြစ်သည်။
အရှေ့တောင်ပိုင်းဒေသ
- အရှေ့တောင်ပိုင်းဒေသတွင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော် (MAF) တို့အကြား တိုက်ပွဲများ အရှိန်မြင့်လာခြင်းကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ မြို့နယ်အများအပြားမှ ပြည်သူ ၁၈၀၀၀၀ ခန့် နေရပ်စွန့်ခွာ နေကြရသည်။ တိုက်ပွဲများကြောင့် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့မှ အများစုပါဝင်သည့် အရပ်သား ၇၈ ဦးသေဆုံးခဲ့ပြီး၊ ၅၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လူသားချင်းစာနာမှုအဖွဲ့အစည်းများသည် ဘာသာရေးခေါင်းဆောင်များ၊ အခြားသော အကျိုးသက်ဆိုင်သူများ၏ ပံ့ပိုးမှုဖြင့် အကူအညီများကို ထောက်ပံ့ပေးနေပြီး၊ IDPs အချို့ကို ပိုမိုဘေးကင်းသော နေရာများသို့ ရွှေ့ပြောင်းပေးရန် သို့မဟုတ် ယာယီ အမိုးအကာများ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။ ကုလသမဂ္ဂအဖွဲအစည်းများနှင့် မိတ်ဖက်အဖွဲ့များသည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် ခိုလှုံနေကြသည့် ကယားပြည်နယ်မှ IDPs များထံသွားရောက်၍ လိုအပ်ချက်ဆန်းစစ်မှုများ ပြုလုပ်ရန်နှင့် အကူအညီများ ဖြန့်ဝေပေးရန်အတွက် ခွင့်ပြုချက်ရရှိအောင် ကြိုးစားနေကြသည်။