မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်း (ဒီဇင်ဘာ ၂၀၂၃)
မြန်မာနိုင်ငံသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ၊ တပ်မတော် အာဏာသိမ်းချိန်မှစ၍ မနားတမ်းမြင့်တက်လာခဲ့သည့် လူသားချင်းစာနာမှု အကျပ်အတည်းများ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ၂၀၂၄ခုနှစ်တွင် အန္တရာယ်ရှိသော အနေအထားတစ်ခု၌ ရပ်တည်နေပါသည်။ ယခုအခါတွင် အရပ်သားပြည်သူများသည် အသက်ဘေးကြောင့် ကြောက်ရွံ့စွာဖြင့် ရှင်သန်နေထိုင်ကြရပြီး၊ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းနိုင်သည့် စွမ်းရည်များလည်း အဆုံးစွန်အထိ ရောက်ရှိနေပြီ ဖြစ်သည်။ လက်ရှိအခြေအနေတွင် ပိုမိုများပြားလာသော နေရပ်စွန့်ခွာရမှုများ၊ ထိခိုက်လွယ်သော လုံခြုံရေး ပတ်ဝန်းကျင်၊ နက်ရှိုင်းသော ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ခြိမ်းခြောက်မှုများ ရှိနေပြီး ဖြည့်ဆည်းမပေးနိုင်သော လိုအပ်ချက်များလည်း မြင့်တက် လျက်ရှိနေသည်။ လူသားချင်းစာနာမှု အခြေအနေမှာ အလွန်ဆိုးရွားနေဆဲဖြစ်ပြီး၊ ကလေးသူငယ် ၆ သန်း အပါအဝင် လူဦးရေ ၁၈.၆ သန်းသည် လူသားချင်း စာနာမှု အကူအညီများကို လိုအပ်နေသည်။ ဤအရေအတွက်သည် ယခင်နှစ်ကထက် လူဦးရေ တစ်သန်း ပိုမိုတိုးမြင့်လာသည်။ ဤသို့သော စိုးရိမ်ဖွယ် တိုးမြင့်လာမှုအပြင် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ချေများနှင့် ပဋိပက္ခများက ပိုမိုဆိုးရွားစေပြီး၊ ၂၀၂၃ ခုနှစ် မေလအတွင်း တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းနောက်ပိုင်းတွင် ခံစားရသည့် အကျပ်အတည်းများနှင့်အတူ စားနပ်ရိက္ခာမဖူလုံခြင်း၊ ကျန်းမာရေး စနစ် အကျပ်အတည်းဖြစ်ခြင်း၊ ပညာရေးစနစ် ပြတ်တောက်ခြင်း၊ များစွာသော ပြည်သူများက ကြောက်လန့် မှုများ ကြားမှ ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရခြင်း စသည့် စိန်ခေါ်မှုများကလည်း အခြေအနေကို ပိုမိုဆိုးရွားစေပါသည်။ ၂၀၂၃ ခုနှစ်၏ စတုတ္ထသုံးလပတ်ကာလ အတွင်းတွင် သိသာစွာ အရှိန်မြင့်တက်လာသော တိုက်ပွဲများကြောင့် လိုအပ်ချက်များ ထပ်မံများပြားလာပြီး၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု များ၊ ခြိမ်းခြောက်ငွေညှစ်မှုများ၊ အတင်းအကျပ်စေခိုင်းမှုများ အပါအဝင် ကာကွယ်စောင့်ရှောက်ရေး အန္တရာယ် များ နှင့် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုများ မြင့်တက်လာသည်ကို တွေ့ရှိရသည်။