ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ ရိုဟင်ဂျာလူမျိုးများနှင့် အခြား လူမှုအသိုက်အဝန်းများ မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာရွှေ့ပြောင်းစေခဲ့သည့် ရှစ်နှစ်ပြည့် ထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၂ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
မြန်မာနိုင်ငံတွင်းနှင့် နိုင်ငံပြင်ပရှိ ရိုဟင်ဂျာလူမျိုးများသည် ရခိုင်ပြည်နယ်မှ အစုလိုက် အပြုံလိုက် အတင်းအဓမ္မ နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရပြီး ရှစ်နှစ် ကြာလာပြီဖြစ်သော်လည်း ၎င်းတို့ကြုံတွေ့နေရသည့် ဆိုးရွားသည့် အခြေအနေများသည် ပိုမို ဆိုးရွားလာနေခြင်းကို ဆက်လက် ရင်ဆိုင်နေရပါသည်။
ရခိုင်ပြည်နယ်အတွင်းတွင် ရိုဟင်ဂျာလူမျိုးများနှင့် အခြား အရပ်သားများမှာ မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော်တို့အကြား တိုက်ခိုက်မှုများအတွင်း ပိတ်မိနေပြီး အတင်းအဓမ္မ လူအင်အားစုဆောင်းမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အခြား အကြမ်းဖက်မှုမျိုးစုံကို ခံစားနေရပါသည်။ ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာလူမျိုးများ ထပ်မံ၍ အတင်းအဓမ္မ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထိုထဲတွင် မြန်မာနိုင်ငံမှ ဒုက္ခသည်ပေါင်း ၁.၁ သန်းကျော် ရောက်ရှိနေပြီးဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံလည်း အပါအဝင် ဖြစ်ပါသည်။ ဒေသတွင်းတွင် ပြန်လည်နှင်ထုတ်မှုများ၊ ဖယ်ရှားရှင်းလင်းမှုများနှင့် နေရပ်ပြန်ပို့မှုများ ဖြစ်ပွားနေကြောင်း သတင်းများသည် ပြန်လည်နှင်ထုတ်ခြင်းမပြုရေး မူဝါဒကို ချိုးဖောက်မှုများ ဖြစ်လာနိုင်ခြင်းနှင့် ခိုလှုံစရာ နေရာများ ကျဥ်းမြောင်းလာနေခြင်းတို့အပေါ် အလွန်အမင်း စိုးရိမ်မှုများ မြင့်တက်စေပါသည်။ ရန်ပုံငွေ ဖြတ်တောက်ခြင်းများကြောင့် ပညာရေး၊ စားနပ်ရိက္ခာအကူအညီ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများနှင့် အကာအကွယ်ပေးရေး ဝန်ဆောင်မှုများမှာ ဆိုးရွားစွာ လျော့နည်းလာနေပါသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ ဥပဒေတို့အပါအဝင် နိုင်ငံတကာဥပဒေအရ တာဝန်ရှိသည်နှင့်အညီ အရပ်သားပြည်သူများအားလုံးကို အကာအကွယ်ပေးရန် ထပ်မံတောင်းဆိုပါသည်။ ယခုနှစ် အစောပိုင်းက ကော့စ်ဘဇားမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဥ်တွင် ရိုဟင်ဂျာအသိုက်အဝန်း၏ ကြံ့ကြံ့ခံနိုင်စွမ်းကို မြင်တွေ့ခဲ့ရပြီး၊ နိုင်ငံတကာမှ ပိုမိုစည်းလုံးညီညွတ်ဖို့နှင့် ပံ့ပိုးကူညီမှုများ တိုးမြှင့်ဖို့ အရေးတကြီးလိုအပ်နေကြောင်းနှင့် ရိုဟင်ဂျာလူမျိုးများကို ထိရောက်စွာပါဝင်စေပြီး သူတို့၏ အတင်းအဓမ္မ နေရပ်စွန့်ခွာရွှေ့ပြောင်းနေရမှုနှင့် ကာလရှည်ကြာနေသည့် အကျပ်အတည်း၏ အခြေခံအကြောင်းအရင်းများကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် ကျယ်ပြန့်သော နိုင်ငံရေး ဖြေရှင်းနည်းတစ်ရပ်ပေါ်ထွက်လာရေးအတွက် ကြိုးပမ်းလုပ်ဆောင်ရန် အလေးပေးပြောကြားခဲ့ပါသည်။
နယူးယောက်မြို့၌ စက်တင်ဘာလ ၃၀ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရိုဟင်ဂျာလူမျိုးမျာနှင့် အခြား လူနည်းစုလူမျိုးစုများဆိုင်ရာ အဆင့်မြင့်ညီလာခံသည် ကုလသမဂ္ဂအထွေထွေညီလာခံမှ ပြဌာန်းထားသည့်အတိုင်း ရေရှည်ခံသည့် ဖြေရှင်းနည်းများ ရှာဖွေရန် အရေးကြီးကြောင်းကို နိုင်ငံတကာမှ ပြန်လည်အာရုံစိုက်လာစေနိုင်မည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ ယုံကြည်ပါသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် ရိုဟင်ဂျာလူမျိုးများ မြန်မာနိုင်ငံတွင်းသို့ သူတို့သဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ အမြဲတမ်း နေရပ်ပြန်လာနိုင်ရေးအတွက် အခြေအနေကောင်းများ ဖြစ်ပေါ်လာရေးတို့ကို ဦးတည်သည့် မြန်မာနိုင်ငံမှ ဦးဆောင်သော နိုင်ငံရေး ဖြေရှင်းနည်းတစ်ရပ်အတွက် သက်ဆိုင်သူအားလုံးနှင့် ဆက်လက်ထိတွေ့ဆောင်ရွက်နေပါသည်။