မြန်မာနိုင်ငံတွင် တိုက်ပွဲများ အရှိန်မြင့်လာခြင်း - အရေးပေါ်သတင်းအချက်အလက် အမှတ်စဉ် (၉)
အဓိကအချက်အလက်များ
- မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၂၆ ရက်နေ့မှစ၍ တိုက်ပွဲများ အရှိန်မြင့်လာခြင်းကြောင့် ပြည်သူ ငါးသိန်းကျော်တို့ လတ်တလော နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ခန့်မှန်းထားပြီး၊ နေရပ်ပြန်သွားသူများနှင့် အကြိမ်ကြိမ်နေရပ်စွန့်ခွာရမှုများ ရှိနေသည့်အတွက် ယင်းကိန်းဂဏန်းမှာ တည်ငြိမ်မှုမရှိသေးဘဲ၊ ဆက်သွယ်ရေးအခက်အခဲများလည်း ရှိနေခြင်းကြောင့် ယင်းကိန်းဂဏန်းများကို အတည်ပြုရန် မလွယ်ကူပါ။ ဤအရေအတွက်မှာ လက်ရှိတိုက်ပွဲများ အရှိန်မမြင့်မီကပင် နေရပ်စွန့်ခွာနေကြရသည့် ပြည်သူ နှစ်သန်းရှိထားပြီးသည့်အခြေအနေတွင် နေရပ်စွန့်ခွာရသူ အသစ်များ ထပ်တိုးလာခြင်းဖြစ်သည်။
- မြန်မာနိုင်ငံ၏ သုံးပုံနှစ်ပုံခန့်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အမျိုးမျိုးနှင့် မြန်မာ့တပ်မတော် (MAF) တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
- ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး အရှေ့ပိုင်း၊ ကရင်ပြည်နယ်တို့တွင် ဒီဇင်ဘာလအစောပိုင်းက ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး၊ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် အခက်အခဲများ ထပ်မံပေါ်ပေါက်လာကြောင်း အစီရင်ခံထားသည်။
- လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်သူများနှင့် မိတ်ဖက်အဖွဲ့များသည် လုံခြုံရေးစိတ်မချရခြင်းနှင့် သွားလာရေး၊ ဆက်သွယ်ရေး အခက်အခဲများ ရှိနေသည့်ကြားမှပင် အခြေအနေပေးသည့်နေရာများတွင် ဘေးဒဏ်သင့် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော လူသားချင်းစာနာမှုအကူအညီများကို နည်းလမ်းအမျိုးမျိုး ပြောင်းလဲအသုံးပြု၍ ဆက်လက်ပေးအပ်နေပါသည်။
- ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လတ်တလောနေရပ်စွန့်ခွာရသူများအနက် ၈၅ ရာခိုင်နှုန်းခန့်သည် လူသားချင်းစာနာမှုဆိုင်ရာ အခြေခံ အကူအညီ ပုံစံအမျိုးမျိုးတို့ကို အနည်းဆုံးတစ်ကြိမ် လက်ခံရရှိခဲ့ကြသော်လည်း၊ ယင်းအကူအညီများသည် နေရပ်စွန့်ခွာရသူများ၏ လိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ရန် လုံလောက်ခြင်းမရှိသေးပါ။
- ပုံမှန်အားဖြင့် လူသားချင်းစာနာမှုအကူအညီများကိုသာ အလွန်အမင်းမှီခို၍ ရှင်သန်နေကြရသည့် ဒေသအချို့ရှိ နေရပ်စွန့်ခွာရသူများအပါအဝင် လိုအပ်ချက်များရှိနေသည့် ပြည်သူအားလုံးသို့ ပုံမှန်အကူအညီများထောက်ပံ့ပေးနိုင်ရေးအတွက် ကြီးမားသော လိုအပ်ချက်များနှင့် အကူအညီပေးရန် လစ်ဟာမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။
- ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် အထူးသဖြင့် တရုတ်-မြန်မာနယ်စပ်ဒေသအပါအဝင် ဘေးဒဏ်သင့်ပြည်သူများကို ပိုမိုကူညီပေးနိုင်ရေးအတွက် ဝင်ရောက်ကူညီခွင့်ရရှိနိုင်မည့် လမ်းကြောင်းများကို ရှာဖွေကြံဆနေကြသည်။
- အဓိကအခက်အခဲများတွင် လမ်းများ ပိတ်ထားခြင်း၊ သွားလာမှုကန့်သတ်ချက်များရှိခြင်းနှင့်အတူ အကူအညီလုပ်သားများ၏ ဘေးကင်း လုံခြုံရေးကိစ္စရပ်များလည်း ပါဝင်ကြသည်။ လောင်စာဆီအကျပ်အတည်း၊ ဆိုးရွားသော ဘဏ်လုပ်ငန်းပြဿနာများ၊ မြင့်တက်လာသော ကုန်ဈေးနှုန်းများကြောင့်လည်း တုံ့ပြန်ရေးလုပ်ငန်းများကို ပိုမိုရှုပ်ထွေးလာစေသည်။
- ရခိုင်ပြည်နယ်တွင် ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း၊ စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများ ရှားပါးလာခြင်းကြောင့် မိုခါမုန်တိုင်းနှင့် နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သည့် ပဋိပက္ခများ၏ အကျိုးဆက်များကို ခံစားနေကြရသည့် နိုင်ငံတွင်းနေရပ်စွန့်ခွာရသူများ (IDPs) အပါအဝင် ထိခိုက်လွယ်သော ရပ်ရွာအသိုက်အဝန်းများနှင့် ပြည်သူတစ်ရပ်လုံးအတွက် ခက်ခဲကျပ်တည်းမှုများကို ထပ်မံဖြစ်ပေါ်လာစေသည်။
- မြန်မာနိုင်ငံ၏ ၂၀၂၃ ခုနှစ်လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ် (HRP) အတွက် အလှူရှင်များထံမှ ရန်ပုံငွေလိုအပ်ချက်၏ ၂၉ ရာခိုင်နှုန်းကိုသာ လက်ခံရရှိထားပြီး၊ ရန်ပုံငွေရရှိမှု အလွန်နည်းပါးနေပါသည်။ လူသားချင်းစာနာမှုဆိုင်ရာ တုံပြန်ဆောင်ရွက်နေသူများက မြန်မာနိုင်ငံတွင် မြင့်တက်လာနေသော လိုအပ်ချက်များကို ထိရောက်စွာဖြင့် အရှိန်မြှင့်တင်ကူညီပေးနိုင်ရေးအတွက် ရန်ပုံငွေများကို အဆောတလျင်ထောက်ပံ့ပေးရန် အရေးတကြီးလိုအပ်နေပါသည်။
အခြေအနေသုံးသပ်ချက်
တိုက်ပွဲများ တကျော့ပြန်ဖြစ်လာပြီး ရက်သတ္တ (၆) ပတ် ကြာမြင့်လာပြီဖြစ်သည့်အချိန်တွင် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး အများအပြား၌ EAOs နှင့် PDFs များအပါအဝင် လက်နက်ကိုင်အဖွဲ့ အမျိုးမျိုးနှင့် MAF တို့အကြား ပြင်းထန်သော တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါသည်။ အဆက်မပြတ်ဖြစ်ပွားနေသော တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ မြေမြှုပ်မိုင်းများ၊ ဥပဒေမဲ့ ဖမ်းဆီးမှုများ၊ လမ်းပိတ်ဆို့ထားမှုများကြောင့် အရပ်သားပြည်သူများအတွက် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ခြေများ လျင်မြန်စွာ တိုးလာပြီး၊ မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများအား သယ်ယူပို့ဆောင်ရေးသည်လည်းကောင်း၊ ဘေးလွတ်ရာရှာဖွေနေကြသည့် ပြည်သူများ၏ ရွေ့လျားသွားလာရေးသည်လည်းကောင်း ဆိုးရွားစွာ ကန့်သတ်ခံနေရပါသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ နှောင်းပိုင်းမှစ၍ အရှိန်မြင့်လာသည့် တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ပြည်သူ ၅၇၈၀၀၀ ကျော်သည် လတ်တလောနေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ခန့်မှန်းထားသည်။ သို့သော် လက်ရှိအခြေအနေတွင် ပြည်သူများသည် နေရပ်စွန့်ခွာခိုလှုံရာနေရာများနှင့် မူရင်းဒေသများအကြားတွင် အပြန်အလှန် သွားလာရွေ့လျားနေကြသည့်အတွက် ဤကိန်းဂဏန်းများကို အတည်ပြုရန် အလွန်ခက်ခဲနေပါသည်။ ပဋိပက္ခဒဏ်သင့်ဒေသ အများအပြားတွင် ဆက်သွယ်ရေးပြတ်တောက်မှုများရှိနေခြင်းကြောင့် ကိန်းဂဏန်းအတည်ပြုရေးလုပ်ငန်းများကို အခက်အခဲပိုဖြစ်စေသည်။ ဒေသအများအပြားတွင် ကိန်းဂဏန်းများကို တိုက်ဆိုင်စိစစ်ရန် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်သည်။ နေရာအနှံ့အပြားတွင် နေရပ်စွန့်ခွာရမှုများကြောင့် လတ်တလောနေရပ်စွန့်ခွာရသူများနှင့် ကာလရှည်ကြာကပင် နေရပ်စွန့်ခွာခဲ့ရသူများအတွက်လည်းကောင်း၊ အိမ်ရှင်ရပ်ရွာလူထုအတွက်လည်းကောင်း အရေးကြီးသော လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ဖြစ်ပေါ်နေသည်။ ရက်သတ္တ (၆) ပတ် ကာလအတွင်းတွင် တိုက်ပွဲများနှင့် ဆက်စပ်ဖြစ်ရပ်များကြောင့် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် အရပ်သား ၃၆၃ ဦးသေဆုံးခဲ့ရပြီး၊ ၄၆၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းများက ဖော်ပြခဲ့သည်။
ပဋိပက္ခဒဏ်သင့်ဒေသများတွင် အရေးအကြီးဆုံးသော လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များမှာ စားနပ်ရိက္ခာ၊ ဘေးကင်းသော ခိုလှုံရာနေရာများ၊ အသုံးအဆောင်ပစ္စည်းများ၊ တကိုယ်ရေကျန်းမာရေးသုံးပစ္စည်းများ၊ အခြေခံကျန်းမာရေးဝန်ဆောင်မှုများနှင့် ကာကွယ်စောင့်ရှောက်ရေး အကူအညီများဖြစ်ကြောင်း လူသားချင်းစာနာမှုမိတ်ဖက်အဖွဲ့များက သတ်မှတ်ဖော်ထုတ်ထားသည်။ ဘာသာရေးအဖွဲ့အစည်းများနှင့် ဒေသခံတုံ့ပြန်ဆောင်ရွက်သူများသည် လူသားချင်းစာနာမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားလာဝင်ရောက်နိုင်သည့် နေရာတိုင်းတွင် နေရပ်စွန့်ခွာရသူများနှင့် ဘေးဒဏ်သင့်ပြည်သူများသို့ အရေးကြီးသော အသက်ကယ်ဆယ်ရေးအကူအညီများကို ဆက်လက် ထောက်ပံ့ပေးနေသည်။ ရန်ပုံငွေရရှိမှုနည်းပါးခြင်းနှင့် မမျှော်မှန်းနိုင်သော လိုအပ်ချက်များ လျင်မြန်စွာ မြင့်တက်လာခြင်းတို့ကြောင့် ထောက်ပံ့ရေးပစ္စည်းများ မြန်ဆန်စွာ ကုန်ဆုံးလာခြင်းအပါအဝင် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ အလွန်အမင်း ခက်ခဲနေသည့်ကြားမှပင် လူသားချင်းစာနာမှုမိတ်ဖက်အဖွဲ့များသည် တိုက်ပွဲများဖြစ်ပွားနေပြီး လူသားချင်းစာနာမှုလိုအပ်ချက်များ မြင့်မားနေသည့် ပြည်နယ်/တိုင်းဒေသကြီးများစွာတို့တွင် ပေါ်ထွက်လာနေသည့် လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်ရေးအတွက် အလျင်အမြန် ဖြန့်ဝေပေးရမည့် အသက်ကယ်ဆယ်ရေးပစ္စည်းများကို သယ်ယူပို့ဆောင်ရန် စီစဉ်နေကြသည်။ တိုက်ပွဲများအရှိန်မြင့်လာခြင်းနှင့် နေရပ်စွန့်ခွာရမှု များပြားလာခြင်းတို့ကြောင့် အထိခိုက်ခံရဆုံးပြည်သူများသို့ အသက်ရှင်သန်ရေးအကူအညီများ ထောက်ပံ့ပေးနိုင်ရန်အတွက် ကုလသမဂ္ဂအရေးပေါ် ကယ်ဆယ်ရေး ဗဟိုရန်ပုံငွေ (CERF) မှ အရေးပေါ်ခွဲဝေချထားငွေ အမေရိကန်ဒေါ်လာ ၇ သန်းကို ယခုအပတ်အတွင်း ခွင့်ပြုပေးခဲ့သည်။