မြန်မာ-ဆိုင်ကလုန်း မိုခါ_အခြေအနေတင်ပြချက်အစီရင်ခံစာ အမှတ်စဉ် (၅)_၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၅) ရက် မွန်းလွဲ ၄ နာရီအထိ အခြေအနေ
မိုခါမုန်တိုင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ OCHA အဖွဲ့က ထုတ်ဝေခဲ့သည့် နေ့စဉ်အရေးပေါ်သတင်းအချက်အလက်များ (Flash Updates) ကို ပိုမိုပြည့်စုံသော ဤအစီရင်ခံစာဖြင့် အစားထိုးထုတ်ပြန်လျက်ရှိပါသည်။ ဤ Sit Rep အစီရင်ခံစာကို မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု လုပ်ငန်းဆောင်ရွက်နေသော အစုအဖွဲ့ (၇) ခုနှင့် ယင်းတို့၏ လုပ်ငန်းအဖွဲ့ခွဲများနှင့် ပူးပေါင်း၍ OCHA အဖွဲ့က ထုတ်ပြန်ပါသည်။ ဤအစီရင်ခံစာပါ လူသားချင်းစာနာမှုလုပ်ငန်းအပိုင်းသည် မြေပြင်တွင် ဆောင်ရွက်နေသော လူသားချင်းစာနာမှုတုံ့ပြန်ရေးလုပ်ငန်းအားလုံးကို ထင်ဟပ်ဖော်ပြ နိုင်ခြင်း မရှိဘဲ၊ မိတ်ဖက်အဖွဲ့များက မိမိတို့ဆန္ဒအလျောက် အစီရင်ခံထားသည့်လုပ်ငန်းများသာဖြစ်ကြောင်း ဖော်ပြလိုပါသည်။
အဓိကအချက်အလက်များ
- ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုခါမုန်တိုင်းတုံ့ပြန်လုပ်ငန်းများအတွက် သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဝေရေးစီမံချက်များကို ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။ ထောက်ပံ့ရေးပစ္စည်းများအား ပြန်လည်ဖြည့်တင်းပေးနိုင်ရေးအတွက် ပစ္စည်း တင်သွင်းခွင့်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စည်းကမ်းချက်များ ချမှတ်ထားပြီး၊ အချို့တောင်းခံချက်များကို ဆိုင်းငံ့ထားဆဲဖြစ်သည်။
- မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်များကို ဇွန်လ ၈ ရက်နေ့မှစတင်၍ ယာယီ ရပ်ဆိုင်းလိုက်ပြီးနောက်၊ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) က ယခင်ပေးအပ်ထားပြီးဖြစ်သည့် ခွင့်ပြုချက်များကို အလျင်အမြန်ပြန်လည်ခွင့်ပြုပေးရန်နှင့် အသက်ကယ်ဆယ်ရေးအကူအညီများကို ပြန်လည်ဆောင်ရွက်ခွင့်ပြုရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား တိုက်တွန်းသည့် ကြေညာချက်တစ်စောင်ကို ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
- တစ်ချိန်တည်းတွင်၊ အကူအညီလိုအပ်နေသူများထံသို့ ဝင်ရောက်ကူညီခွင့်များ ထပ်မံရရှိနိုင်ရေး ကြိုးစားရန်အတွက် နေပြည်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့်တို့ရှိ လက်ရှိအာဏာပိုင်များနှင့် ချိတ်ဆက်ဆွေးနွေးနေဆဲဖြစ်ပါသည်။ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) နှင့် ကုလသမဂ္ဂ အဖွဲ့အစည်း များသည် စစ်တွေမြို့တွင် ပြည်ထောင်စုဝန်ကြီးများနှင့် ထိပ်သီးအဆင့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့သည်။
- လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့် ကန့်သတ်မှုများ ရှိနေလျက်ပင်၊ အကူအညီပေးရေးအဖွဲ့အစည်းများသည် ခွင့်ပြုမိန့်နှင့် ထောက်ပံ့ရေးပစ္စည်းများ လက်ဝယ်ရှိထားသည့်နေရာများတွင် မုန်တိုင်းဒဏ်သင့်ရပ်ရွာပြည်သူများသို့ မရှိမဖြစ်လိုအပ်သော အကူအညီများကို ပေးအပ်နေဆဲဖြစ်သည်။ မုန်တိုင်းတိုက်ခတ်ပြီးချိန်မှစ၍ ရခိုင်ပြည်နယ်နှင့် အခြားဒေသများမှ ဘေးဒဏ်သင့်ပြည်သူ ၁၄၄၀၀၀ ကျော်သည် ခိုလှုံရာနေရာများနှင့် အခြားမရှိမဖြစ်လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများကို လက်ခံရရှိခဲ့ကြသည်။ သို့ရာတွင် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ခိုလှုံရာနေအိမ်များအနက် အနည်းငယ်ကိုသာ ပြန်လည်ပြင်ဆင်ပြီးသေးကြောင်း အစီရင်ခံချက်များ ရရှိထားသဖြင့်၊ ထောင်ပေါင်းများစွာသော ပြည်သူများသည် မုတ်သုံရာသီချိန်တွင် အိမ်ခေါင်မိုးမရှိသည့် အခြေအနေသို့ ရောက်နေပြီး၊ မိုးလေလုံခြုံသည့် ခိုလှုံရာနေရာအနည်းငယ်၌သာ လူနေထူထပ်ကြပ်တည်းစွာဖြင့် ပုဂ္ဂိုလ်ရေး လွတ်လပ်မှုကင်းမဲ့စွာ နေထိုင်ကြရမည့် အခြေအနေကို ရင်ဆိုင်နေကြရသည်။
- ရခိုင်ပြည်နယ်တစ်ခုတည်းတွင်ပင် ဘေးဒဏ်သင့်ပြည်သူ ၃၈၀၀၀၀ နီးပါးသို့ စားနပ်ရိက္ခာအကူအညီများ ဖြန့်ကြက်ရောက်ရှိခဲ့သည်။
- ရခိုင်ပြည်နယ်၊ အနောက်မြောက်ပိုင်းဒေသနှင့် ကချင်ပြည်နယ်တို့မှ လူဦးရေ ၁၂၅၀၀ နီးပါးသည် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများကို လက်ခံရရှိခဲ့ကြသည်။ ရခိုင်ပြည်နယ်ရှိ ဦးစားပေးမြို့နယ် ၈ ခုမှ အသက် ၅ နှစ်အောက် ကလေးသူငယ် ၇၀၀၀ ကျော်နှင့် ပြုစုစောင့်ရှောက်သူ ၁၅၀၀ ကျော်သို့ အာဟာရဆိုင်ရာအကူအညီများကို ဖြန့်ဝေပေးအပ်နိုင်ခဲ့သည်။
- ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် စစ်တွေမြို့နယ်များတွင် ညစ်ညမ်းနေသော ရေကန် ၇၀ ခန့်မှ ရေများကို အောင်မြင်စွာ စုပ်ထုတ်ပေးနိုင်ခဲ့သည်။
- ရခိုင်ပြည်နယ်နှင့် အနောက်မြောက်ပိုင်းဒေသတို့တွင် ကလေးပျော်နေရာ (CFS) ၃၀၀ ကျော်ကို ပြန်လည် တည်ဆောက်ပေးခဲ့ပြီး၊ ကလေးသူငယ်နှင့် ပြုစုစောင့်ရှောက်သူ ၃၄၀၀၀ ကျော်တို့သည် စိတ်လူမှုဆိုင်ရာအထောက်အပံ့များနှင့် စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း ဝန်ဆောင်မှုများကို လက်ခံရရှိခဲ့ကြသည်။
- ဘေးဒဏ်သင့်ပြည်သူများ၏ လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို အချိန်နှင့်တပြေးညီ ဝယ်ယူနိုင်ရန် တောင်းခံထားသည့် အမေရိကန်ဒေါ်လာ ၃၃၃ သန်း အရေးပေါ်ရန်ပုံငွေအဆိုပြုလွှာအတွက် ရန်ပုံငွေကို ဆက်လက်၍ ထောက်ပံ့ပေးရန် လိုအပ်ပါသည်။ ဘဏ္ဍာငွေရရှိမှုအခြေအနေစုစည်းတင်ပြသည့်စနစ် (FTS) ၏ အချက်အလက်များအရ ဇွန်လ ၁၆ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၂၁.၇ သန်းကို ထပ်တိုးရန်ပုံငွေအဖြစ် လက်ခံရရှိပြီးဖြစ်ပါသည်။
အခြေအနေသုံးသပ်ချက်
မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် တစ်လကြာမြင့်ခဲ့သည့်အချိန်တွင် လက်ရှိအာဏာပိုင်များက ထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဝေရေးစီမံချက်များအတွက် ကနဦးခွင့်ပြုချက်များအား မမျှော်လင့်ဘဲ ပြန်လည်ရုပ်သိမ်းခဲ့ခြင်းနှင့် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှုအဖွဲ့အစည်းများ၏ လက်ရှိခရီးသွားခွင့်ပြုမိန့်များကို ယာယီရပ်ဆိုင်းခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်တစ်ခုလုံးရှိ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးလုပ်ငန်းများကို ထိခိုက်စေခဲ့သည်။ မုန်တိုင်းဒဏ်ကို ဆိုးရွားစွာ ခံခဲ့ကြရပြီးဖြစ်သည့် ဒေသများတွင် မုတ်သုံရာသီအရှိန်ဖြင့် မိုးသည်းထန်မှုများနှင့် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေသည်နှင့်အမျှ၊ ရုတ်တရက် ချမှတ်လိုက်သော ဤဆုံးဖြတ်ချက်များကြောင့် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများ၏ စိတ်မချမ်းမြေ့ဖွယ် နေထိုင်မှုအခြေအနေများကို ပိုဆိုးစေခဲ့ပါသည်။
မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်များကို ဇွန်လ ၈ ရက်နေ့မှစတင်၍ ယာယီ ရပ်ဆိုင်းလိုက်ပြီးနောက်၊ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) က ယခင်ပေးအပ်ထားပြီး ဖြစ်သည့် ခွင့်ပြုချက်များကို အလျင်အမြန်ပြန်လည်ခွင့်ပြုပေးရန်နှင့် အသက်ကယ်ဆယ်ရေးအကူအညီများကို ပြန်လည်ဆောင်ရွက်ခွင့်ပြုရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား တိုက်တွန်းသည့် ကြေညာချက်တစ်စောင်ကို ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ဇွန်လ ၁၅ ရက်နေ့က ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူး (ယာယီ) နှင့် ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုဝန်ကြီးများနှင့် စစ်တွေမြို့၌ တွေ့ဆုံခဲ့ပြီး၊ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လူသားချင်းစာနာမှုဆိုင်ရာ စည်းမျဉ်းများနှင့်အညီ အကူအညီပေးနိုင်ရန် ဖြစ်နိုင်ခြေရှိသော နည်းလမ်းများနှင့် မြန်မာနိုင်ငံသို့ ထောက်ပံ့ရေးပစ္စည်း တင်သွင်းရေး ကိစ္စရပ်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။ စစ်တွေမြို့ရှိ ကုလသမဂ္ဂအဖွဲ့အစည်းများသည် လက်ရှိအာဏာပိုင်များ၏ တောင်းဆိုမှုအရ ဇွန်လ ၁၃ ရက်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်အရာရှိများနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်သွားရန် မျှော်မှန်းထားပါသည်။
ဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်များနှင့် ပုံမှန်လုပ်ငန်းများအား ယာယီရပ်ဆိုင်းခဲ့ခြင်းမှာ ဇွန်လ ၈ ရက်နေ့မှစတင်၍ တစ်ပတ်ကြာခဲ့ပြီ ဖြစ်သော်လည်း၊ လူသားချင်းစာနာမှုအဖွဲ့အစည်းများသည် ခွင့်ပြုမိန့်များနှင့် ထောက်ပံ့ရေးပစ္စည်းများ လက်ဝယ်ရှိထားသည့်နေရာများတွင် မုန်တိုင်းတိုက်ခတ်ပြီးချိန်မှစ၍ အကူအညီလိုအပ်နေသည့် ပြည်သူများစွာထံသို့ ဖြန့်ဝေရောက်ရှိခဲ့ပြီးဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် အခြားဒေသများမှ လူဦးရေ ၁၄၄၀၀၀ ကျော်သို့ ခိုလှုံရာအတွက် ပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးခဲ့ပြီး၊ တစ်ချိန်တည်းတွင် စားနပ်ရိက္ခာအကူအညီများသည်လည်း ရခိုင်ပြည်နယ်တစ်ခုတည်းတွင်ပင် လူဦးရေ ၃၈၀၀၀၀ နီးပါးထံသို့ ဖြန့်ဝေနိုင်ခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများကို ရခိုင်ပြည်နယ်၊ အနောက်မြောက်ပိုင်းဒေသနှင့် ကချင်ပြည်နယ်တို့မှ လူဦးရေ ၁၂၅၀၀ နီးပါးထံသို့ ထောက်ပံ့ပေးခဲ့ပြီး၊ အာဟာရဆိုင်ရာအကူအညီများကို ရခိုင်ပြည်နယ်ရှိ ဦးစားပေးမြို့နယ် ၈ ခုမှ အသက် ၅ နှစ်အောက် ကလေးသူငယ် ၇၀၀၀ ကျော်နှင့် ပြုစုစောင့်ရှောက်သူ ၁၅၀၀ ကျော်ထံသို့ ပေးအပ်နိုင်ခဲ့သည်။ ထို့အပြင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် စစ်တွေမြို့နယ်များတွင် ညစ်ညမ်းနေသော ရေကန် ၇၀ မှ ရေများကို အောင်မြင်စွာ စုပ်ထုတ်ပေးနိုင်ခဲ့ပြီး၊ ရခိုင်ပြည်နယ်နှင့် အနောက်မြောက်ပိုင်းဒေသတို့တွင် ကလေးပျော်နေရာ (CFSs) ၃၀၀ ကျော်ကို ပြန်လည်တည်ဆောက်ပေးခဲ့သည်။ ကလေးသူငယ်နှင့် ပြုစုစောင့်ရှောက်သူ ၃၄၀၀၀ ကျော်သို့ စိတ်လူမှုဆိုင်ရာအထောက်အပံ့များ (PSS) နှင့် စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း (PFA) ဝန်ဆောင်မှုများကို ထောက်ပံ့ပေးခဲ့သည်။
လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေသူများသည် လက်ရှိဆောင်ရွက်နေသည့် ပုံမှန်လုပ်ငန်းများထက် ကျော်လွန်၍ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းအမျိုးမျိုးကို ဆက်လက်ရှာဖွေနိုင်ရန် မျှော်လင့်နေကြသည်။ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရပ်ရွာပြည်သူများကလည်း ဒေသအာဏာပိုင်များ၊ ပုဂ္ဂလိကကဏ္ဍမှ အလှူရှင်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ လက်ရှိကြိုးပမ်းဆောင်ရွက်မှုများကို အားဖြည့်ပေးမည့် ထိုသို့သော ထပ်တိုးအကူအညီများကို တောင်းဆိုနေကြသည်။ သို့ရာတွင် ခရီးသွားခွင့်ပြုမိန့်များအားကန့်သတ်ရန် ဗဟိုအဆင့်မှ ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းကြောင့် တိုးမြှင့်ပေးအပ်မည့် အကူအညီများကို ရပ်တန့်သွားစေသည်။ ဘေးဒဏ်သင့်ပြည်သူများ၏ လတ်တလော လိုအပ်ချက်များနှင့် ရေရှည်လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်ရေးအတွက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ မုန်တိုင်းဒဏ်သင့်ဒေသများသို့ ကြိုတင်သိရှိနိုင်ပြီး အချိန်နှင့်တပြေးညီဝင်ရောက်ကူညီနိုင်မည့်နည်းလမ်းများကို ဖော်ထုတ်ရန် ရည်ရွယ်လျက် နေပြည်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့်တို့တွင် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားပါမည်။
မရှိမဖြစ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို အချိန်နှင့်တပြေးညီဝယ်ယူနိုင်ရေးအတွက် ရန်ပုံငွေတိုးမြှင့်ထောက်ပံ့မှုများကိုလည်း အရေးတကြီး လိုအပ်နေပါသည်။ ဘဏ္ဍာငွေရရှိမှုအခြေအနေစုစည်းတင်ပြသည့်စနစ် (FTS) ၏ အချက်အလက်များအရ မိုခါမုန်တိုင်းအတွက် အကူအညီပေးရန် တောင်းခံထားသော အရေးပေါ် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်းအနက် ဇွန်လ ၁၆ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၂၁.၇ သန်းကို ထပ်တိုးရန်ပုံငွေအဖြစ် လက်ခံရရှိပြီးဖြစ်ပါသည်။