မြန်မာ- ဆိုင်ကလုန်း မိုခါ_အခြေအနေတင်ပြချက်အစီရင်ခံစာ အမှတ်စဉ် (၁)_၂၀၂၃ ခုနှစ်၊ မေလ (၂၅) ရက် မွန်းလွဲ ၂ နာရီအထိ အခြေအနေ
မိုခါဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ OCHA အဖွဲ့က ထုတ်ဝေခဲ့သည့် နေ့စဉ်အရေးပေါ်သတင်းအချက်အလက်များ (Flash Updates) ကို ပိုမိုပြည့်စုံသော ဤအစီရင်ခံစာဖြင့် အစားထိုး ထုတ်ပြန်သွားမည်ဖြစ်သည်။ ဤအခြေအနေတင်ပြချက်အစီရင်ခံစာ (Sit Rep) ကို မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်နေသော အစုအဖွဲ့ (၇) ခုနှင့် ယင်းတို့၏ လုပ်ငန်းအဖွဲ့ခွဲများနှင့် ပူးပေါင်း၍ OCHA အဖွဲ့က ထုတ်ဝေပါသည်။ ဤအစီရင်ခံစာပါ လူသားချင်း စာနာမှု လုပ်ငန်းအပိုင်းသည် မြေပြင်တွင် ဆောင်ရွက်နေသော လူသားချင်းစာနာမှုတုံ့ပြန်ရေးလုပ်ငန်းအားလုံးကို ထင်ဟပ်ဖော်ပြထားခြင်းမရှိဘဲ၊ မိတ်ဖက်အဖွဲ့များက မိမိတို့ဆန္ဒအလျောက် အစီရင်ခံထားသည့်လုပ်ငန်းများသာဖြစ်ကြောင်း ဖော်ပြလိုပါသည်။ ဤ Sit Rep အစီရင်ခံစာကို ၂၀၂၃ ခုနှစ်၊ မေလ (၃၀)ရက်နေ့ သို့မဟုတ် ယင်းနေ့ပတ်ဝန်းကျင်တွင် နောက်တစ်ကြိမ် ထုတ်ပြန်ပါမည်။
အဓိကအချက်အလက်များ
- မုတ်သုံရာသီ ဝင်ရောက်လာသည်နှင့်အမျှ၊ လူသားချင်းစာနာမှုအသိုင်းအဝိုင်းသည် မေလ ၁၄ ရက်နေ့က မြန်မာနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အပြင်းထန်ဆုံး ထိခိုက်ခဲ့ရသည့်ဒေသများတွင် ခိုလှုံစရာ၊ ရေ၊ သန့်ရှင်းရေးနှင့် စားနပ်ရိက္ခာ အရေးပေါ်အကူအညီများ ပေးအပ်နိုင်ရန်အတွက် အချိန်နှင့်တပြေးညီ ဆောင်ရွက်နေရပါသည်။
- အကူအညီပေးရေးအဖွဲ့အစည်းများသည် မိမိတို့လက်ဝယ်ရှိ ကယ်ဆယ်ရေးပစ္စည်းများဖြင့် ခွင့်ပြုချက်ရရှိသည့် နေရာများတွင် အကူအညီများကို ထောက်ပံ့ပေးနေသော်လည်း၊ ရပ်ရွာအသိုင်းအဝိုင်းအားလုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် အကူအညီများ ကျယ်ပြန့်စွာ ပေးအပ်နိုင်ရေးအတွက် ပစ္စည်းထောက်ပံ့မှုများ၊ ဝင်ရောက်ကူညီခွင့်များနှင့် ထပ်တိုးရန်ပုံငွေများကို အလျင်အမြန် လိုအပ်နေဆဲဖြစ်သည်။
- နေပြည်တော်တွင် ဆွေးနွေးမှုများအပေါ် အခြေခံ၍ ပြည်ပနှင့် နိုင်ငံတွင်းမှ ကယ်ဆယ်ရေးပစ္စည်းများအား သယ်ယူပို့ဆောင်ရေး အစီအစဉ်များအပါအဝင်၊ နှစ်ပတ်ကြာ ဖြန့်ဖြူးရေးအစီအစဉ်အသေးစိတ်ကို အတည်ပြုချက်ရရှိရန် တင်ပြထားပြီးဖြစ်သည်။
- မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုအသိုင်းအဝိုင်းသည် မိုခါမုန်တိုင်းကြောင့် ထိခိုက်ခံရသည့် လူဦးရေ ၁.၆ သန်းအား အကူအညီပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၃၃၃ သန်း လိုအပ်သည့် အရေးပေါ်ရန်ပုံငွေအဆိုပြုလွှာ (Flash Appeal) ကို ထုတ်ပြန်ခဲ့သည်။ ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ဒေသများအနက် အဆိုးရွားဆုံးထိခိုက်ခံစားရသည့်ဒေသများရှိ ထိခိုက်လွယ်ပြည်သူများကို ကူညီပေးနိုင်ရေးအတွက် ရန်ပုံငွေများ အမြန်ဆုံးရရှိရန် အရေးကြီးပါသည်။
- ဝင်ရောက်နိုင်သည့် နေရာများတွင် ခိုလှုံရာနေရာနှင့် အခြားကယ်ဆယ်ရေးပစ္စည်းများကို ဖြန့်ဖြူးပေးနေပြီး၊ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်ရှိ မြို့နယ် (၈) မြို့နယ်မှ အိမ်ထောင်စု ၇၇၀၀ သို့ ဖြန့်ဝေထားပြီးဖြစ်သည်။ အနောက်မြောက်ပိုင်းတွင် နေအိမ်များ ပြန်လည်ပြင်ဆင်ရန်အတွက် ငွေကြေးအကူအညီများကိုလည်း ဖြန့်ဖြူးပေးထားပြီးဖြစ်သည်။
- သောက်ရေနှင့် ကျန်းမာရေးသုံးပစ္စည်းများ ဖြန့်ဝေရေးကိုလည်း ဆက်လက်ဆောင်ရွက်နေသည်။ လွန်ခဲ့သောရက်များအတွင်းက ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်ခံကျေးရွာများနှင့် နေရပ်စွန့်ခွာတိမ်းရှောင်စခန်းများ၊ ခိုလှုံရာနေရာများတွင် သောက်ရေလီတာ ၃၀၀၀၀ ကျော် ကို ဖြန့်ဝေပေးခဲ့ပြီး၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးမှ မြို့နယ် ၆ မြို့နယ်ရှိ ဘေးဒဏ်ခံအိမ်ထောင်စု ၄၅၀၀ သို့လည်း ကျန်းမာရေး သုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။ ရေကြောင့်ဖြစ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (AWD) ဖြစ်ပွားမှုတိုးလာကြောင်းကို မှတ်တမ်းတင်ထားခဲ့သည်။
- ထိခိုက်လွယ်ပြည်သူများအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးရန် လတ်တလောအကူအညီများကို ချက်ချင်း လိုအပ်နေပါသည်။ မုန်တိုင်းဝင်ရောက်ချိန်မှ ယခုအချိန်အထိ၊ ရခိုင်ပြည်နယ်တဝှမ်းလုံးရှိ အသိုင်းအဝိုင်းအားလုံးမှ အနည်းဆုံး လူဦးရေ ၁၀၇၀၀၀ ဦးထံသို့ WFP မှ ထောက်ပံ့သည့် စားနပ်ရိက္ခာအကူအညီများ ဖြန့်ကြက်ရောက်ရှိပြီးဖြစ်သည်။ မုန်တိုင်းဝင်ရောက်ချိန်မှစ၍ ရခိုင်ပြည်နယ်တွင် စားနပ်ရိက္ခာ အခက်အခဲရှိနေသော ပြည်သူများသို့ ဆန်နှင့် အခြားစားသောက်ကုန်ပစ္စည်း စုစုပေါင်း တန် ၂၀၀၀ ကျော်နှင့် စွမ်းအားမြှင့် ဘီစကွတ် ၁၁၁ တန် တို့ကို ဖြန့်ဝေပေးခဲ့ပြီးဖြစ်သည်။
- အနောက်မြောက်ပိုင်းတွင်လည်း ဖြန့်ဝေမှုများကို ပြုလုပ်နေဆဲဖြစ်သည်။ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းတို့သည်လည်း ဆိုးရွားစွာ ထိခိုက်ခံ ခဲ့ရပြီး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် အရေးကြီးသည့် ပိုင်ဆိုင်မှုများစွာ ဆုံးရှုံးခဲ့ရကာ၊ စားနပ်ရိက္ခာဖူလုံရေးအတွက် ရေရှည်ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနေပါသည်။
- ကျန်းမာရေးဝန်ဆောင်မှုများကို ထောက်ပံ့ပေးနေသော်လည်း၊ အခြေခံအဆောက်အဦပျက်စီးမှုများကြောင့် အခက်အခဲများ ကြုံတွေ့ နေရသည်။ များစွာသော မြိုနယ်အဆင့် ဆေးရုံအဆောက်အဦများ၊ IDP စခန်းရှိ ဆေးပေးခန်းများနှင့် ကျေးလက်ကျန်းမာရေးဌာနများ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။ ဖြစ်နိုင်သည့် နေရာများတွင် ရွေ့လျားဆေးခန်းများကို လည်ပတ်၍ ဝန်ဆောင်မှုပေးနေသည်။
- မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ၊ နိုင်ငံသားဆိုင်ရာ စာရွက်စာတမ်းများ၊ စိတ်ကျန်းမာရေး၊ လူနေထူထပ်ကြပ်တည်းခြင်းနှင့် ကလေးငယ်များနှင့် အုပ်ထိန်းသူများ ကွဲကွာနေခြင်း စသည်တို့သည် သိသာထင်ရှားသော ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ပြဿနာများ ဖြစ်ကြသည်။ မိတ်ဖက်အဖွဲ့များသည် မိုင်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး သတင်းစကားများ ဖြန့်ဝေပေးခြင်း၊ မိသားစုပြန်လည်ပေါင်းစည်းနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ ကလေးသူငယ်အကျိုးပြု နေရာများ တည်ထောင်ပေးခြင်း၊ အသိနိုးကြားစေရေးသတင်းစကားများထောက်ပံ့ပေးခြင်၊ စိတ္တလူမှုပိုင်းဆိုင်ရာ အထောက်အပံ့များ ပေးခြင်းတို့ကို ဖြစ်နိုင်သမျှ ဆောင်ရွက်ပေးနေသည်။ ဤကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပြဿနာများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာပျော်ရွှင်ရေးဆိုင်ရာ စိုးရိမ်မှုများကို ဖြေရှင်းပေးရန်အတွက် ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေပါသည်။
အခြေအနေသုံးသပ်ချက်
အလွန့်အလွန်အင်အားပြင်းထန်သော မိုခါမုန်တိုင်းသည် မေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ကုန်းတွင်းသို့ ဝင်ရောက်ခဲ့ရာ၊ ကမ်းရိုးတန်းသို့ ချဉ်းကပ်လာသည့်အချိန်တွင် လေတိုက်နှုန်း တစ်နာရီလျှင် ၂၅၀ ကီလိုမီတာအထိ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၏ သမိုင်းတွင် အင်အားအပြင်းဆုံးမုန်တိုင်းတစ်လုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ မိုခါမုန်တိုင်းသည် ကမ်းရိုးတန်းဒေသများကို အကြီးအကျယ်ပျက်စီးစေခဲ့ပြီး၊ ယခင်ကပင်ထိခိုက်လွယ်ပြီးဖြစ်သည့် ပြည်သူသိန်းပေါင်းများစွာကို မုတ်သုန်ရာသီမဝင်ရောက်မီ နှစ်ပတ်သာ လိုတော့သည့်အချိန်တွင် ခိုလှုံစရာ မရှိသည့် အခြေအနေသို့ ရောက်စေခဲ့သည်။ ဤမုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ ဆက်လက်ဝင်ရောက်လာသည်နှင့်အမျှ ချင်း၊ စစ်ကိုင်း၊ မကွေးနှင့် ကချင်ဒေသတို့တွင် လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်ခြင်း၊ ရေကြီးရေလျှံခြင်းတို့ကို ဖြစ်ပေါ်စေခဲ့ကာ၊ ကြီးမားသော ပျက်စီးမှုများကို ယူဆောင်လာခဲ့သည်။
လူဦးရေ ၇.၉ သန်းခန့်သည် တစ်နာရီလျှင် ၉၀ ကီလိုမီတာနှုန်းထက်ကျော်သော လေပြင်းများဒဏ်ကို ခံခဲ့ရပြီး၊ ယင်းတို့အနက် ၃.၄ သန်းခန့်မှာ တစ်နာရီလျှင် ၁၂၀ ကီလိုမီတာနှုန်းထက်ကျော်သော ဖျက်အားပြင်းလေများနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခင်ကပင် ထိခိုက်လွယ်ကြသူများ၏ နေအိမ်များ၏ ခိုင်မာမှုသည် မုန်တိုင်းကြောင့် ထိခိုက်မှုနှင့် လိုအပ်ချက်များကို ဆုံးဖြတ်ပေးသည့် အဓိကအချက်တစ်ခု ဖြစ်လာပါသည်။ ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့နှင့် မုန်တိုင်းကြောင့် အထိခိုက်ဆုံးဖြစ်သည့် ရသေ့တောင်မြို့တို့တွင် မည်သည့်အိမ်မှ အပျက်အစီး မလွတ်ခဲ့ပါ။ IDP စခန်းများနှင့် ခိုလှုံရာနေရာများရှိ နေအိမ်များအနက် ၈၅% ခန့်သည် လုံးဝပျက်စီးခဲ့သည်ဟု ယူဆရပါသည်။ အပြင်းထန်ဆုံး ထိခိုက်ခံရသူများအနက် များစွာတို့သည် ယခုအခါတွင် ယာယီခိုလှုံရာနေရာများ၊ ဘုန်းတော်ကြီးကျောင်းများ သို့မဟုတ် လဟာပြင်များ၌ပင် နေထိုင်နေကြရသည်။ မုန်တိုင်းဝင်ရောက်သည့် အချိန်မှစ၍ ဘေးဒဏ်ခံရသည့် ဇုန်တစ်ခုလုံးတွင် ကြီးမားသော အပျက်အစီးများကို ရှင်းလင်းရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေဆဲဖြစ်ပြီး၊ အထူးသဖြင့် ပြည်နယ်မြို့တော်ြဖစ်သည့် စစ်တွေမြို့တွင် ဒေသအာဏာပိုင်များက ဖုန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ဆောင်မှုများကို တဖြည်းဖြည်းချင်း ပြန်လည်ချိတ်ဆက်နိုင်ရန် ဆောင်ရွက်နေသည်။ စာသင်ကျောင်းများ သည်လည်း ဆိုးရွားစွာ ထိခိုက်ခဲ့ပြီး၊ ဇွန်လတွင် စတင်မည့် စာသင်နှစ်အတွက် သင်ကြားရေးအဆောက်အဦများရရှိနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။ ကျန်းမာရေးဌာနများလည်း ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ပါသည်။
အနောက်မြောက်ပိုင်းတွင် ချင်း၊ စစ်ကိုင်းနှင့် မကွေးတို့ရှိ မြိုနယ် ၂၀ မြို့နယ်မှ ကျေးရွာနှင့် ရပ်ကွက်ပေါင်း ၁၅၀ ခန့်တွင် ပြင်းထန်သော ရေကြီး ရေလျှံမှုများခံစားခဲ့ရပြီး၊ လူဦးရေ ၁၂၀၀၀၀ ခန့်အပေါ် သက်ရောက်ခဲ့သည်။ အခြေခံအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့်အပြင်၊ တိရစ္ဆာန်များ၊ သီးနှံများနှင့် ပုဂ္ဂလိကပိုင်ဆိုင်မှုများလည်း ရေနှင့်မျောပါသွားခဲ့သည်။ ရပ်ရွာပိုင်သင်ကြားရေးအဆောက်အဦ ၃၀၀၀ ကျော်တို့သည် အမိုးများ လန်၍ နံရံများ ပြိုကျကာ၊ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝပျက်စီးခဲ့ရသည်။
မိုခါမုန်တိုင်းသည် ဘေးဒဏ်သင့်ဒေသများနှင့် ရပ်ရွာများအားလုံးတို့ရှိ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းတို့အပေါ်တွင်လည်း ကြီးမားစွာ သက်ရောက်ခဲ့ပြီး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် အရေးကြီးသော ပိုင်ဆိုင်မှုများကို များစွာ ဆုံးရှုံးစေခဲ့သည်။ ထို့အပြင်၊ နှစ်ပေါင်း များစွာ ကြာမြင့် နေသည့် ပဋိပက္ခများ၊ နေရပ်စွန့်ခွာရမှုများ၊ နိုင်ငံမဲ့အခြေအနေများ၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စီးပွားရေး မတည်ငြိမ်မှုများကြောင့် ယခင်ကပင် ရှိနှင့်ပြီးဖြစ်သည့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကိုလည်း ပိုဆိုးစေခဲ့သည်။ မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းတွင် ဈေးများကို ပြန်လည်ဖွင့်လှစ်လာသော်လည်း၊ အခြေခံ အိမ်ဆောက်ပစ္စည်းများနှင့် အစားအစာဈေးနှုန်းများမှာ အလွန်မြင့်တက်နေပြီး၊ ယခင်ကပင် ဆင်းရဲနွမ်းပါးနေသည့် ပြည်သူများကို ပိုမိုဝန်ပိစေသည်။ ဒေသခံပြည်သူများသည် အပျက်အစီးများကို ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီး၊ ဖုန်းဆက်သွယ်ရေးလိုင်းများသည်လည်း တဖြည်းဖြည်းချင်း တည်ငြိမ်လာနေသည်။
သွားလာခွင့်ဆိုင်ရာ ပြဿနာများ၊ ဆက်လက်ဖြစ်ပွားနေဆဲ ပဋိပက္ခများနှင့် ဆက်သွယ်ရေးအခက်အခဲများရှိနေသော်လည်း၊ ဝင်ရောက်ကူညီခွင့် ရှိထားသည့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များသည် အကူအညီလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်နေပြီး၊ ရခိုင်၊ ချင်း၊ မကွေးနှင့် စစ်ကိုင်းတို့တွင်လည်းကောင်း၊ ကချင်ပြည်နယ်တွင်လည်းကောင်း ဘေးဒဏ်ခံပြည်သူများသို့ အရေးကြီးသော အသက်ကယ်ဆယ်ရေး အကူအညီများကို ထောက်ပံ့ပေးနေပါသည်။