၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ၌ နေရပ်စွန့်ခွာတိမ်းရှောင်မှုများ မြင့်တက်လာနိုင်ပြီး လက်မခံနိုင်လောက်အောင် ဆိုးရွားသည့် ဝမ်းရေးဒုက္ခအခြေအနေများနှင့် ရင်ဆိုင်ရနိုင်ကြောင်း WFP သတိပေး
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်။
ရန်ကုန်၊ မြန်မာ - ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူဦးရေ ၁၂ သန်းကျော်သည် လတ်တလော ဆာလောင်မွတ်သိပ်မှုကို ကြုံတွေ့ခံစားရနိုင်ပြီး၊ လူဦးရေ ၁ သန်းခန့်မှာ အသက်ကယ်ဆယ်ရေးအကူအညီများလိုအပ်မည့် ဆာလောင်မွတ်သိပ်မှုအရေးပေါ်အဆင့်သို့ ရောက်ရှိသွားနိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယနေ့ သတိပေးလိုက်သည်။ ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းနှင့် နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်းတို့က လက်ရှိ ရန်ပုံငွေမလုံလောက်မှု ကြုံတွေ့နေရသည့် မြန်မာ့ဝမ်းရေးဒုက္ခအကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေနိုင်သည့် အခြေအနေတွင် ရှိနေသည်။
မြန်မာပြည်သူပြည်သားများသည် လက်ရှိအချိန်၌ပင် ဆိုးရွားလှသည့် ဝမ်းရေးဒုက္ခကို ရင်ဆိုင်နေကြရပြီး မိခင်များမှာ ကျန်းမာရေးအတွက် လုံလောက်သည့် အစားအစာများကို ဝယ်ယူစားသုံးနိုင်ခြင်း မရှိကြသကဲ့သို့ ကလေးငယ် ထောင်ပေါင်းများစွာသည်လည်း အာဟာရချို့တဲ့မှုကို ခံစားနေရသည်။ ကလေးငယ်များနှင့် မိခင် ၄ သိန်းကျော်သည် လတ်တလောအာဟာရချို့တဲ့မှုကို ခံစားနေကြရပြီး၊ အာဟာရတန်ဖိုး နည်းပါးလှသည့် ထမင်းဖြူသက်သက် သို့မဟုတ် ဆန်ပြုတ်ကျဲကျဲကိုသာ အားပြုမှီဝဲနေကြရသည်။
"ပဋိပက္ခတွေနဲ့ ဆင်းရဲမွဲတေမှုဒဏ်တွေ ပေါင်းစုံပြီး ပြည်သူလူထုရဲ့ အခြေခံအသက်ရှင်ရပ်တည်နိုင်စွမ်းကို တိုက်စား ဖျက်ဆီးနေတဲ့အခြေအနေပါ။ ဒါပေမယ့် နိုင်ငံတကာကတော့ ဒီအပေါ်မှာ အာရုံစိုက်မှု နည်းပါးနေပါတယ်" ဟု WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောကြားသည်။ "ဒါဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ဆာလောင်မွတ်သိပ်မှု အကျပ်အတည်းတွေထဲက တစ်ခုဖြစ်ပြီး၊ ရန်ပုံငွေရရှိမှု အနည်းပါးဆုံး အကျပ်အတည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလောက်ဆိုးရွားတဲ့ ဒုက္ခဆင်းရဲကြုံတွေ့နေရတာတွေဟာ ကမ္ဘာ့အလယ်မှာ လူမသိသူမသိ မဖြစ်သင့်ပါဘူး။ လိုအပ်ချက်ပမာဏက ကျွန်တော်တို့ ဖြည့်ဆည်းပေးနိုင်စွမ်းထက် အများကြီး ပိုများနေပါတယ်" ဟု ၎င်းက ဆိုသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ နောက်ဆုံးထုတ်ပြန်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှု လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဥ်အရ ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေသည် လက်ရှိ ၃ ဒဿမ ၆ သန်းမှသည် လာမည့်နှစ်တွင် ၄ သန်းအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ ဤသို့ တိုးမြင့်လာမှုကြောင့် လက်ရှိတွင် အနိုင်နိုင် ရုန်းကန်နေရသည့် သန်းနှင့်ချီသော အိမ်ထောင်စုများကို ဆိုးရွားသော ဒုက္ခဆင်းရဲသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်စေနိုင်သည်။
"ကျွန်တော်တို့အနေနဲ့ မြေပြင်ကွင်းဆင်းဆောင်ရွက်နေပါတယ်။ တကယ့်ကိုခက်ခဲလှတဲ့ အခြေအနေတွေကြားကပဲ စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့တွေကို နေ့စဉ် ဖြန့်ဝေပေးနေပါတယ်။ ဒါပေမဲ့ ရန်ပုံငွေလိုအပ်ချက်က အကြီးအကျယ် ရှိနေပါတယ်" ဟု Mr. Dunford က ဆက်လက်ပြောကြားသည်။ "နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အရေးယူဆောင်ရွက်ဖို့ လိုပါတယ်။ လာမယ့်နှစ်မှာ ဒီအကျပ်အတည်း ပိုမိုဆိုးရွားမလာအောင် တားဆီးဖို့အတွက် စဉ်ဆက်မပြတ် ရန်ပုံငွေထောက်ပံ့မှုတွေနဲ့ သံတမန်ရေးရာ ပံ့ပိုးကူညီမှုတွေ လိုအပ်နေပါတယ်"
WFP အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း အကူအညီလိုအပ်နေသူ ၁၂ သန်းကျော်အနက် ၁ ဒသမ ၃ သန်းကို လူသားချင်းစာနာမှု အကူအညီများ ပေးအပ်သွားရန် ရည်မှန်းထားပြီး ယင်းအတွက် အမေရိကန်ဒေါ်လာ ၁၂၅ သန်း လိုအပ်မည်ဖြစ်ပါသည်။
သတင်းဓါတ်ပုံများကို ဤနေရာ တွင် ရယူနိုင်ပါသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြောင်း
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။
WFP ကို Facebook တွင် @WFPinMyanmar မှလည်းကောင်း၊ X (ယခင်က တွစ်တာ) တွင် @wfp_media @WFPAsiaPacific တို့မှလည်းကောင်း ချိတ်ဆက်နိုင်ပါသည်။