မြန်မာနိုင်ငံတွင် တိုက်ပွဲများ အရှိန်မြင့်လာခြင်း အရေးပေါ်သတင်းအချက်အလက် အမှတ်စဉ် (၆)
အဓိကအချက်အလက်များ
- မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (PDFs) အပါအဝင် လက်နက်ကိုင်အဖွဲ့များ နှင့် မြန်မာ့တပ်မတော် (MAF) တို့အကြားတွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။
- ယခုတိုက်ပွဲများသည် ၂၀၂၁ ခုနှစ်အစောပိုင်းတွင် တပ်မတော်က အာဏာသိမ်းပြီးချိန်မှစ၍ အတိုင်းအတာ အားဖြင့် လည်းကောင်း၊ နယ်မြေဒေသအားဖြင့် လည်းကောင်း အကြီးမားဆုံးနှင့် အကျယ်ပြန့်ဆုံးဖြစ်ပြီး၊ အထူးသဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့ အပါအဝင် ဒေသအများအပြားကို ထိခိုက်နေပါသည်။
- နိုဝင်ဘာလ ၂၁ ရက်နေ့အထိ အခြေအနေအရ၊ အောက်တိုဘာလ ၂၆ ရက်နေ့မှစ၍ အရှိန်မြင့်တက် လာသည့် တိုက်ပွဲများကြောင့် လူဦးရေ ၂၈၆၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
- ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ လုံခြုံရေး အခြေအနေမှာ ဆက်လက် စိုးရိမ်နေရဆဲဖြစ်ပြီး၊ နိုဝင်ဘာလလယ်ခန့်မှစ၍ လူဦးရေ ၂၀၀၀၀ ကျော်သည် ပိုမိုဘေးကင်းရာနေရာများသို့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ရာနှင့်ချီသောသော ပြည်သူများမှာ တိုက်ပွဲအတွင်း ပိတ်မိနေပြီး၊ ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနိုင်ခြင်း မရှိသေးပါ။
- တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်များတွင် အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို MAF နှင့် EAOs နှစ်ဖက်လုံးက ပိတ်ဆို့ ထားသည့်အတွက် ပြည်သူများက ဘေးလွတ်ရာနေရာများသို့ ရွေ့လျားသွားလာရေးကို အကန့်အသတ်ဖြစ်စေပြီး၊ လူသားချင်း စာနာမှုအကူအညီ ဝင်ရောက်ပေးအပ်ရေးကို နှောင့်နှေးစေပါသည်။
- ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဘေးကင်းလုံခြုံမှုမရှိခြင်းနှင့် သွားလာရေး၊ ဆက်သွယ်ရေးအခက်အခဲများ ရှိနေသည့်ကြားမှပင်၊ ဘေးဒဏ်သင့်ပြည်သူများသို့ မရှိမဖြစ်လိုအပ်သော လူသားချင်းစာနာမှုအကူအညီများကို နည်းလမ်းအမျိုးမျိုးပြောင်းလဲအသုံးပြု၍ ဆက်လက်ပေးအပ်နေပါသည်။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့ရှိ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များသည် တည်ငြိမ်မှုမရှိသည့် အခြေအနေအောက်တွင် တုံ့ပြန်ကူညီပေးရမည့် လိုအပ်ချက်အသစ်များကို လေ့လာဆန်းစစ်နေကြပြီး၊ ကယ်ဆယ်ရေးပစ္စည်းများကို ကြိုတင်စုစည်းနေရာချထားခြင်းအပါအဝင် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း အမျိုးမျိုးတို့ကို ဆောင်ရွက်နေကြသည်။
- ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပေါ်ထွက်လာနေသော လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်နေသူများအား ကူညီပေးရန်အတွက် ဒေသတွင်းရှိ ပါဝင်ဆောင်ရွက်သူများအား မြန်မာနိုင်ငံ လူသားချင်းစာနာမှုရန်ပုံငွေမှ အမေရိကန်ဒေါ်လာ တစ်သန်းကို ထုတ်ပေး လျက်ရှိသည့်တိုင်၊ ယခုအခါ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် လိုအပ်ချက်များ မြင့်တက်လာပြီး၊ ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရန် လိုအပ်နေသည်။ ၂၀၂၃ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ် အတွက်ပင် ရန်ပုံငွေလိုအပ်ချက်၏ ၂၈ ရာခိုင်နှုန်း ကိုသာရရှိထားပြီး၊ ရန်ပုံငွေထောက်ပံ့မှု အလွန်နည်းပါးသည့် ဤအခြေအနေတွင် အလှူရှင်များထံမှ ထပ်တိုးကူညီမှုများကို အဆောတလျင်လိုအပ်လျက်ရှိပါသည်။
အခြေအနေသုံးသပ်ချက်
ပြည်နယ်နှင့် တိုင်းဒေသကြီးအများအပြားတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) အပါအဝင် လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော် (MAF) တို့အကြား ပြင်းထန်သောတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ ယခုအရှိန်မြင့်လာသော တိုက်ပွဲများသည် ၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာသိမ်းပြီးချိန်မှစ၍ အကြီးမားဆုံးနှင့် နယ်မြေအကျယ်ပြန့်ဆုံး အနေအထားတွင် ရှိနေပါသည်။ လက်နက်ကိုင်တိုက်ပွဲများသည် လူနေထူထပ်သော မြို့ပြနေရာများအပါအဝင် နေရာဒေသများစွာသို့ ကျယ်ပြန့်လာခဲ့ပြီး၊ တစ်နိုင်ငံလုံးရှိ အရပ်သားပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို ပိုမိုခြိမ်းခြောက်လာနေပါသည်။
လက်ရှိတိုက်ပွဲများ အရှိန်မြင့်တက်လာခြင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် လူဦးရေ ၂၈၆၀၀၀ ကျော်သည် လတ်တလောနေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။ ယင်းသို့ နေရပ်စွန့်ခွာရမှုများသည် လူသားချင်း စာနာမှုဆိုင်ရာ ကြီးမားသော စိုးရိမ်မှုများကို ဖြစ်ပေါ်စေပြီး၊ လတ်တလောနေရပ်စွန့်ခွာရသူများနှင့် ကာလရှည်ကြာကပင် နေရပ်စွန့်ခွာခဲ့ရသည့် IDPs များသည်လည်းကောင်း၊ အိမ်ရှင်ရပ်ရွာလူထုများသည်လည်းကောင်း လတ်တလောနှင့်စဉ်ဆက်မပြတ်အကူအညီများကို အဆောတလျင် လိုအပ်နေပါသည်။ ထို့အပြင်၊ အမျိုးသားများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များအပါအဝင် အရပ်သား ၁၈၇ ဦးသေဆုံးခဲ့ပြီး၊ ၂၄၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းကိုလည်း အစီရင်ခံထားပါသည်။