ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲများ အရှိန်မြင့်လာခြင်း-အရေးပေါ်သတင်းအချက်အလက် အမှတ်စဉ်(၅)
အဓိကအချက်အလက်များ
- လွန်ခဲ့သော နှစ်ရက်အတွင်း၊ အထူးသဖြင့် ပေါက်တောနှင့်မောင်တောမြို့နယ်များအပါအဝင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့တွင် လက်နက်ကိုင်တိုက်ပွဲများ အရှိန်မြင့်တက်လာသည်။
- နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က ပေါက်တောမြို့ကို ယာယီသိမ်းပိုက်ထားပြီးနောက်၊ မြန်မာ့တပ်မတော် (MAF) သည် ယင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လေတပ်နှင့် ရေတပ်အကူအညီဖြင့် စစ်ဆင်ရေးလုပ်ဆောင်ခဲ့သည်။
- ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်များရှိ AA ထိန်းချုပ်နယ်မြေများတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း၊ MAF က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိနေကြောင်း အစီရင်ခံချက်များရှိပါသည်။
- နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ လူ ၁၁ ဦးသေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရထားကြောင်း အစီရင်ခံထားပါသည်။ ထို့အပြင် မြန်မာ့တပ်မတော်/ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ (MAF/SAC) က လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရှိရသည်။
- နိုဝင်ဘာလ ၁၆ ရက်နေ့အခြေအနေအရ၊ ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် AA နှင့် MAF တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နိုင်ငံတွင်းနေရပ်စွန့်ခွာရသူ (IDPs) စုစုပေါင်းသည် ၉၀၀၀၀ ခန့်အထိ မြင့်တက်လာပြီး၊ ၎င်းတို့အနက် ၂၆၀၀၀ ကျော်မှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပျက်သွားချိန်မှစ၍ လတ်တလော နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြသည်။ ဤ IDPs များအပြင် ရပ်ရွာအသိုက်အဝန်းများအကြား ကာလရှည်ကြာ တင်းမာမှုများကြောင့် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာခဲ့ရသည့် ရိုဟင်ဂျာ ဦးရေ ၁၅၀၀၀၀ နီးပါးလည်း ရှိနေပါသေးသည်။
- စစ်တွေ-ရန်ကုန်နှင့် အခြားမြို့နယ်များအတွင်း သွားရောက်နိုင်သည့် အဓိကသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများနှင့် ရေလမ်းများကို ကန့်သတ်ထားသည့်အတွက် အရပ်သားများ၏ ရွေ့လျားသွားလာရေးနှင့် လူသားချင်းစာနာမှုအကူအညီပေးအပ်ရေးတို့ကို ထိခိုက်စေပါသည်။ လူသားချင်းစာနာမှုအကူအညီများကို အကန့်အသတ်များကြားမှ သွားရောက်ခွင့်ရရှိထားသည့် ဒေသများသို့ပင် တိုက်ပွဲများပြင်းထန်နေသဖြင့် ရက်အတန်ကြာရပ်ဆိုင်းထားရပါသည်။
အခြေအနေသုံးသပ်ချက်
နိုဝင်ဘာလ ၁၃ ရက်နေ့၌ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသဖြင့်၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းတွင် ထားရှိခဲ့ကြသည့် အလွတ်သဘောအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုနောက်ပိုင်း အတန်အသင့်ကြေအေးခဲ့သည့်အခြေအနေမှာ ပျက်ပြားသွားခဲ့ပါသည်။ တကျော့ပြန်လာသည့် ပဋိပက္ခသည် ရသေ့တောင်မြို့နယ်တွင် အစပြုခဲ့ကာ၊ AA က မောင်တောမြို့နယ်အစပ်ရှိ နယ်ခြားစောင့်ရဲစခန်း (BGP) နှစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ပလက်ဝမြို့နယ်များတွင် တိုက်ပွဲများ ပြန့်နှံ့ဖြစ်ပွားခဲ့သည်။ သတင်းပေးပို့ချက်များအရ မြို့နယ်အများအပြားတွင် ညအချိန်၌ MAF အခြေစိုက်စခန်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိကြောင်း ဖော်ပြနေပါသည်။ MAF သည် AA ထိန်းချုပ်နယ်မြေများကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် ရေတပ်သင်္ဘောများကိုလည်း ရွှေ့ပြောင်းနေရာချထားသည်။ မောင်တော၊ မြောက်ဦး၊ ကျောက်တော်နှင့် အမ်းမြို့နယ်များတွင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အနည်းဆုံး လူ ၁၁ ဦးသေဆုံးပြီး၊ ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက အတည်ပြုထားပါသည်။
မြန်မာ့တပ်မတော်/ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ (MAF/SAC) သည် စစ်ဆေးရေးဂိတ်များနှင့် လမ်းအတားအဆီးများကို ထပ်တိုးခြင်း၊ AA ထောက်ခံသည်ဟု သံသယရှိသူများကို ဖော်ထုတ်ရန် အိမ်အတွင်းဝင်ရောက်ရှာဖွေခြင်းတို့ကို ပြုလုပ်နေပြီး ပြည်နယ်တစ်ခုလုံးတွင် လုံခြုံရေး တိုးမြှင့်ထားသည်။ MAF/SAC သည် ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ လူ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားသည်။ တစ်ချိန်တည်းတွင် AA ကလည်း ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်တွေမြို့သို့ စက်လှေဖြင့် သွားနေသည်ဟု သံသယရှိသည့် ရဲယူနီဖောင်းဝတ် လူနှစ်ဦး အပါအဝင် လူ ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားသည်။ ထို့အပြင် စစ်တွေမြို့တွင် ည ၉ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်တို့တွင် လူဦးရေ ၂၆၁၇၅ ဦး (အိမ်ထောင်စု ၄၇၆၅ စု) နေရပ်စွန့်ခွာခဲ့ရရာ၊ ပေါက်တောမြို့နယ်တွင် လူဦးရေ ၁၉၀၀၀ ခန့်ဖြင့် အများဆုံးဖြစ်သည်။ AA နှင့် MAF တို့အကြား ယခင်ကဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထိခိုက်ခံခဲ့ရသည့် IDPs ၆၃၉၉၄ ဦးနှင့် ယခင်က ရပ်ရွာအသိုက်အဝန်းများအကြား တင်းမာမှုများကြောင့် စစ်တွေနှင့် ပေါက်တောမြို့နယ်များတွင် နေရပ်စွန့်ခွာခဲ့ရသည့် ရိုဟင်ဂျာအများစုပါဝင်သော IDPs ၁၅၀၀၀၀ ခန့်ရှိနေသည့် လက်ရှိအခြေအနေတွင် ဤ IDPs များ ထပ်တိုးလာခြင်းဖြစ်သည်။ အထူးသဖြင့် ကျေးလက်နေရပ်ရွာလူထုသည် အကြမ်းဖက်မှုများ မြင့်တက်လာမည်ကို စိုးရိမ်ကြောက်လန့်စွာ ရှင်သန်နေထိုင်နေရပြီး၊ အခြေအနေများပိုဆိုးလာပါက လတ်တလောနေရပ် စွန့်ခွာထွက်ပြေးလာရသူများကလည်း မြို့ပေါ်ရှိ နေရပ်စွန့်ခွာခိုလှုံရာနေရာ/စခန်းများတွင် လာရောက်ခိုလှုံနိုင်ခြေ မြင့်မားပါသည်။ ယခင်ကပင် ရွေ့လျားသွားလာမှုကို ကန့်သတ်ခံထားရသည့် ဒေသခံရိုဟင်ဂျာများသည်လည်း မိမိတို့၏ ကျေးရွာများတွင်ပင် ပိတ်မိနေမည့် အန္တရာယ်ရှိနေပါသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်ရှိ မြို့နယ်များသို့ ဆက်သွယ်ထားသည့် ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့ထားခြင်းကြောင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးတို့အပါအဝင် ရွေ့လျားသွားလာမှုများကို ဆိုးရွားစွာ အကန့်အသတ်ဖြစ်စေသည်။ ပဋိပက္ခဒဏ်သင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များနှင့် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများ ပြန်ဖြစ်လာခြင်း၊ လုံခြုံရေးစစ်ဆေးမှုများ တိုးလာခြင်း၊ ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားခြင်း၊ မြို့ပေါ်နှင့်ကျေးလက်ဒေသများအကြား သွားလာမှုများကို ကန့်သတ်ထားခြင်းတို့ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအများစုတို့ကို ရပ်ဆိုင်းထားရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများတွင် IDP စခန်းအခြေစိုက် ဝန်ထမ်းများ၊ ရပ်ရွာအခြေပြု ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ဝန်ဆောင်မှုများကို ဆက်လက်ပေးနေပါသည်။ သို့ရာတွင် သွားလာရေးအတွက် တင်းကျပ်သော ကန့်သတ်ချက်များရှိနေခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်လွှဲပြောင်းပေးရေး ဝန်ဆောင်မှုများအပါအဝင် ထောက်ပံ့ရေးပစ္စည်းများ၊ ဝန်ထမ်းများ သို့မဟုတ် လူနာများအား သယ်ယူပို့ဆောင်ပေးရန်လိုအပ်သည့် လုပ်ငန်းများကိုမူ ရပ်ဆိုင်းထားရပါသည်။