မြန်မာနိုင်ငံတွင် တိုက်ပွဲများ အရှိန်မြင့်လာခြင်း-အရေးပေါ်သတင်းအချက်အလက် အမှတ်စဉ် (၁၀)
အဓိကအချက်အလက်များ
- မြန်မာနိုင်ငံ၏ ဒေသအများအပြားတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ပါဝင်သည့် လက်နက်ကိုင်တပ်ဖွဲ့အမျိုးမျိုးနှင့် မြန်မာ့တပ်မတော် (MAF) တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
- အောက်တိုဘာလ ၂၆ ရက်နေ့တွင် တိုက်ပွဲများ အရှိန်မြင့်လာချိန်မှစ၍ လူဦးရေ ၆၆၀၀၀၀ ကျော်တို့ လတ်တလောနေရပ်စွန့်ခွာနေကြရကြောင်း ခန့်မှန်းထားပြီး၊ ပြည်သူအချို့မှာ အကြိမ်ကြိမ်နေရပ်စွန့်ခွာ ထွက်ပြေးနေရကာ၊ နေရပ်သို့ စတင်ပြန်လာနေသူများလည်း ရှိနေသည်။ မြန်မာတစ်နိုင်ငံလုံးတွင် လက်ရှိ နေရပ်စွန့်ခွာရသူအရေအတွက် ၂ ဒသမ ၆ သန်း ရှိလာပြီ ဖြစ်သည်။
- တည်ငြိမ်မှုမရှိသော အခြေအနေများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ၊ ဥပဒေမဲ့ဖမ်းဆီးမှုများ၊ ခေါင်းပုံဖြတ် မှုများ၊ အတင်းအကျပ်တပ်သား စုဆောင်းမှုများ၊ အဓမ္မခိုင်းစေမှုများတိုးလာခြင်း အပါအဝင် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ သိသာထင်ရှားသော အန္တရာယ်များကို ဖြစ်ပေါ်စေပါသည်။
- စားနပ်ရိက္ခာ၊ ဘေးကင်းသည့် အမိုးအကာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ အခြေခံကျန်းမာရေး ဝန်ဆောင်မှုများနှင့် ကာကွယ်စောင့်ရှောက်ရေးအကူအညီများကို ဦးစားပေးလိုအပ်ချက်များအဖြစ် ဆက်လက် သတ်မှတ်ထားဆဲဖြစ်ပြီး၊ ကူးသန်းရောင်းဝယ်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပို့ဆောင်ရေးလမ်းကြောင်းများကို ပိတ်ဆို့ခံထားရခြင်းကြောင့် ဒေသအများအပြားတွင် မရှိမဖြစ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများ မလောက်မငဖြစ်နေကြောင်း အစီရင်ခံမှုများ ရှိနေသည်။
- လုံခြုံရေးစိတ်မချရခြင်းနှင့် သွားလာရေး၊ ဆက်သွယ်ရေးအခက်အခဲများ ရှိနေသည့်ကြားမှပင်၊ အခြေအနေပေးသည့် နေရာများတွင် ဘေးဒဏ်သင့်ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော လူသားချင်းစာနာမှုအကူအညီများကို နည်းလမ်းအမျိုးမျိုးပြောင်းလဲအသုံးပြု၍ ဆက်လက်ပေးအပ်နေပါသည်။ ယခုအခါတွင် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေရပ်စွန့်ခွာရသူများအနက် ၈၀ ရာခိုင်နှုန်း ကျော်သို့ အကူအညီများ ဖြန့်ကျက်ပေးအပ်နိုင်ပြီဖြစ်သည်။
- ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ဘေးဒဏ်သင့်ပြည်သူများကို ပိုမိုကူညီပေးနိုင်ရေးအတွက် ဝင်ရောက်ကူညီခွင့်ရရှိနိုင်မည့် လမ်းကြောင်းများကို ဆက်လက် ရှာဖွေကြံဆနေကြသည်။ အဖွဲ့အစည်းများစွာပါဝင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ဒီဇင်ဘာလ အစောပိုင်းက ဝဒေသသို့ သွားရောက်ခဲ့ပြီး၊ အခြားအဖွဲ့တစ်ဖွဲ့မှာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ IDPs များထံသို့ အကူအညီများ ပေးပို့နိုင်ရေးအတွက် ခွင့်ပြုချက်ရရှိခဲ့သည်။
- လိုအပ်ချက်များ မြင့်တက်လာနေသော်လည်း၊၂၀၂၃ ခုနှစ်မကုန်မီ ရက်အနည်းငယ်သာ ကျန်တော့သည့် အချိန်တွင် မြန်မာနိုင်ငံ၏ ၂၀၂၃ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးအစီအစဉ် (HRP) အတွက် ရန်ပုံငွေလိုအပ်ချက်၏ ၂၉ ရာခိုင်နှုန်းကိုသာ လက်ခံရရှိထားသေးသည်။ နောင်လာမည့်နှစ်သစ်တွင် တုံ့ပြန်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေများကို အဆောတလျင် ထောက်ပံ့ပေးရန် အရေးတကြီးလိုအပ်နေပါသည်။
အခြေအနေသုံးသပ်ချက်
မြန်မာနိုင်ငံ၏ ဒေသအများအပြား၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့အမျိုးမျိုးနှင့် မြန်မာ့တပ်မတော် (MAF) တို့အကြားတွင် ထိတွေ့တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများ ပါဝင်သည့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ မြို့နယ်များစွာတို့တွင် အရပ်သားထိခိုက်သေဆုံးမှုများ၊ နေရပ်စွန့်ခွာရမှုများ၊ အရပ်သားများ၏ ပစ္စည်းဥစ္စာထိခိုက်ပျက်စီးမှုများကို တိုးမြင့်လျက်ရှိသည်။ အတည်မပြုရသေးသော မြေပြင်သတင်းများအရ အောက်တိုဘာလ နှောင်းပိုင်းတွင် တိုက်ပွဲများ အရှိန်မြင့်လာချိန်မှစ၍ အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် အရပ်သား ၃၇၈ ဦးထက် မနည်း သေဆုံးခဲ့ပြီး၊ ၅၀၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲများ ပြင်းထန်ချိန်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် လူဦးရေ ၆၆၀၀၀၀ ကျော် လတ်တလောနေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ခန့်မှန်းထားသည်။ နေရပ်စွန့်ခွာရသူအနည်းငယ်သည် မူရင်းဒေသများသို့ ပြန်လာနေကြသော်လည်း၊ အခြားသူများမှာ ဘေးလွတ်ရာသို့ အကြိမ်ကြိမ်နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရှိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်သားသစ်အဖြစ် အတင်းအကျပ်စုဆောင်းခံရနိုင်သည့် အန္တရာယ် ရှိနေခြင်းကြောင့် အချို့သော IDPs များသည် လက်ရှိ ခိုလှုံရာစခန်းများမှ ထွက်ခွာရန် စိတ်မပါကြကြောင်း အစီရင်ခံထားသည်။ မြန်မာတစ်နိုင်ငံလုံးတွင် လက်ရှိ နေရပ်စွန့်ခွာရသူ အရေအတွက်သည် ၂ ဒသမ ၆ သန်းအထိ စံချိန်တင်ရောက်ရှိလာပြီဖြစ်သည်။
ပြည်သူများ၏ ရွေ့လျားသွားလာရေးနှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးတို့သည် အကြီးအကျယ် ကန့်သတ်ခံနေရပြီး၊ ဖုန်းနှင့် အင်တာနက် ဝန်ဆောင်မှုပြတ်တောက်မှုများကြောင့် အရပ်သားပြည်သူများအချင်းချင်း ဘေးကင်းလုံခြုံရေးအချက်အလက်များ မျှဝေရေးနှင့် လူသားချင်း စာနာမှုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို ထိခိုက်စေပါသည်။ လူသားချင်းစာနာမှုနှင့် ကူသန်းရောင်းဝယ်ရေးလုပ်ငန်းများအတွက် ပို့ဆောင်ရေးလမ်းကြောင်းများကို အသုံးပြုခွင့် မရရှိခြင်းကြောင့် ဘေးဒဏ်သင့်ဒေသများတွင် စားနပ်ရိက္ခာနှင့် မရှိမဖြစ်သော အိမ်သုံးပစ္စည်းများ ရှားပါးလာပြီး၊ လူသုံးကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာကာ၊ လောင်စာဆီအကျပ်အတည်း ဖြစ်ပေါ်စေသည်။ ပဋိပက္ခဒဏ်သင့်ဒေသ အားလုံးတွင် အရေးအကြီးဆုံးသော လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များမှာ စားနပ်ရိက္ခာ၊ ဘေးကင်းသော ခိုလှုံရာများ၊ အသုံးအဆောင်ပစ္စည်းများ၊ တကိုယ်ရေကျန်းမာရေးသုံးပစ္စည်းများ၊ အခြေခံကျန်းမာရေးဝန်ဆောင်မှုများနှင့် ကာကွယ်စောင့်ရှောက်ရေး အကူအညီများဖြစ်ကြောင်း မိတ်ဖက်အဖွဲ့များက သတ်မှတ်ဖော်ထုတ်ထားကြသည်။ ဘာသာရေးအဖွဲ့အစည်းများနှင့် ဒေသခံ တုံ့ပြန်ဆောင်ရွက်သူများသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားလာဝင်ရောက်နိုင်သည့် နေရာတိုင်းတွင် နေရပ်စွန့်ခွာရသူများနှင့် ဘေးဒဏ်သင့်ပြည်သူများသို့ အသက်ကယ်ဆယ်ရေးအကူအညီများကို ဆက်လက် ထောက်ပံ့ပေးနေသည်။ ရန်ပုံငွေရရှိမှု နည်းပါးခြင်း၊ သွားလာရေးအခက်အခဲများရှိခြင်းနှင့် မမျှော်မှန်းနိုင်သော လိုအပ်ချက်များ လျင်မြန်စွာမြင့်တက်လာခြင်းတို့ကြောင့် ထောက်ပံ့ရေးပစ္စည်းများ မြန်ဆန်စွာ ကုန်ဆုံးလာခြင်းအပါအဝင် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ အလွန်အမင်း ခက်ခဲနေသည့်ကြားမှပင်၊ လူသားချင်းစာနာမှု မိတ်ဖက်အဖွဲ့များသည် အရေအတွက်ပိုမိုများပြားသော ဘေးဒဏ်သင့်ပြည်သူများကို ဖြန့်ကြက်ကူညီပေးနေကြသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နေရပ်စွန့်ခွာရသူအများစု (၈၂၀၀၀ ခန့်) သည် အကူအညီများကို လက်ခံရရှိခဲ့ပြီး၊ လူဦးရေ ၅၀၀၀၀ သို့ အကူအညီများ ဖြန့်ကြက် ပေးအပ်ထားပြီးဖြစ်သည့် အနောက်မြောက်ပိုင်းဒေသအပါအဝင် အခြားသော ဘေးဒဏ်သင့်ဒေသများတွင်လည်း တုံ့ပြန်ရေးလုပ်ငန်းများကို ဆက်လက်တိုးချဲ့ဆောင်ရွက်နေသည်။ အထိခိုက်ခံရဆုံးပြည်သူများသို့ အသက်ရှင်သန်ရေးအကူအညီများ ထောက်ပံ့ပေးနိုင်ရေးအတွက် ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေး ဗဟိုရန်ပုံငွေ (CERF) ထံမှ လျင်မြန်စွာတုံ့ပြန်ရေးလုပ်ငန်းအတွက် ခွဲဝေချထားငွေ အမေရိကန်ဒေါ်လာ ၇ သန်းကို လာမည့် ရက်သတ္တပတ်များအတွင်း ထောက်ပံ့ပေးပါမည်။