မြန်မာနိုင်ငံတွင် တိုက်ပွဲများ အရှိန်မြင့်လာခြင်း-အရေးပေါ်သတင်းအချက်အလက် အမှတ်စဉ် (၇)
အဓိကအချက်အလက်များ
- မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) အပါအဝင် လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော် (MAF) တို့အကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။
- အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။
- ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် တိုက်ပွဲများ တကျော့ပြန် အရှိန်မြင့်တက်လာပြီး၊ နိုဝင်ဘာလလယ်ခန့်မှစ၍ လူဦးရေ ၂၀၀၀၀ ကျော်သည် ပိုမို ဘေးကင်းသောနေရာများသို့ နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။ ထိုဒေသသို့ ဝင်ရောက်သွားလာရေးကိုလည်း တင်းကျပ်စွာ ကန့်သတ်ထားသည်။
- နိုဝင်ဘာလ ၂၂ ရက်နေ့အထိ အခြေအနေအရ၊ အောက်တိုဘာလ ၂၆ ရက်နေ့မှစ၍ အရှိန်မြင့်တက်လာသည့် တိုက်ပွဲများကြောင့် ပြည်နယ်/တိုင်းဒေသကြီး များစွာတို့မှ ပြည်သူ ၃၃၅၀၀၀ နီးပါးသည် လတ်တလော နေရပ်စွန့်ခွာခဲ့ကြရသဖြင့်၊ ယခုအခါ မြန်မာတစ်နိုင်ငံလုံးတွင် နေရပ်စွန့်ခွာရသူစုစုပေါင်း ၂ သန်းကျော် ရှိလာပြီဖြစ်သည်။
- တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်များတွင် အဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို MAF နှင့် EAOs နှစ်ဖက်လုံးက ပိတ်ဆို့ထားသည့်အတွက် ပြည်သူများက ဘေးလွတ်ရာနေရာများသို့ ရွေ့လျားသွားလာရေးကို အကန့်အသတ် ဖြစ်စေပြီး၊ လူသားချင်းစာနာမှုအကူအညီ ဝင်ရောက်ပေးအပ်ရေးကို နှောင့်နှေးစေပါသည်။ လားရှိုးနှင့် လွိုင်ကော်လေဆိပ်များကို ပိတ်ထားပြီးနောက်၊ ယခုအခါ ကလေးမြို့လေဆိပ်ကိုလည်း ပိတ်ထားရသည်။
- လုံခြုံရေးစိတ်မချရခြင်းနှင့် သွားလာရေး၊ ဆက်သွယ်ရေးအခက်အခဲများ ရှိနေသည့်ကြားမှပင်၊ အခြေအနေပေးသည့်နေရာများတွင် ဘေးဒဏ်သင့်ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော လူသားချင်းစာနာမှုအကူအညီများကို နည်းလမ်းအမျိုးမျိုးပြောင်းလဲအသုံးပြု၍ တပိုင်တနိုင် ဆက်လက်ပေးအပ်နေပါသည်။
- ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပေါ်ထွက်လာနေသော လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်နေသူများအား ကူညီပေးရန်အတွက် ဒေသတွင်းရှိ ပါဝင်ဆောင်ရွက်သူများသို့ မြန်မာနိုင်ငံ လူသားချင်းစာနာမှုရန်ပုံငွေမှ အမေရိကန်ဒေါ်လာ တစ်သန်းကို ထုတ်ပေးနေသည့်တိုင်၊ ယခုအခါ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် လိုအပ်ချက်များ နေ့စဉ် မြင့်တက်လာနေပြီး၊ ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရန် လိုအပ်နေသည်။ ၂၀၂၃ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်အတွက်ပင် ရန်ပုံငွေလိုအပ်ချက်၏ ၂၈ ရာခိုင်နှုန်းကိုသာ ရရှိထားပြီး၊ ရန်ပုံငွေထောက်ပံ့မှု အလွန်နည်းပါးသည့် ဤအခြေအနေတွင် အလှူရှင်များထံမှ ထပ်တိုးကူညီမှုများကို အဆောတလျင်လိုအပ်လျက်ရှိပါသည်။
အခြေအနေသုံးသပ်ချက်
မြန်မာနိုင်ငံရှိ ပြည်နယ်/တိုင်းဒေသကြီးအများအပြားတို့တွင် EAOs နှင့် PDFs များအပါအဝင် လက်နက်ကိုင်အဖွဲ့များစွာနှင့် မြန်မာ့တပ်မတော်တို့အကြား ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အောက်တိုဘာလနှောင်းပိုင်းမှစ၍ တိုက်ပွဲများ အရှိန်မြင့်လာခြင်းကြောင့် ပြည်သူ ၃၃၅၀၀၀ နီးပါးတို့သည် လတ်တလောနေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။ ယင်းသို့ နေရပ်စွန့်ခွာရမှုများသည် လတ်တလောနေရပ်စွန့်ခွာရသူများနှင့် ကာလရှည်ကြာကပင် နေရပ်စွန့်ခွာခဲ့ရသည့် IDPs များကိုလည်းကောင်း၊ အိမ်ရှင်ရပ်ရွာလူထုများကိုလည်းကောင်း လတ်တလောနှင့် စဉ်ဆက်မပြတ် ထောက်ပံ့ကူညီပေးရာတွင် အရေးတကြီးဖြည့်ဆည်းပေးရမည့် လိုအပ်ချက်များကိုဖြစ်ပေါ်စေပါသည်။ ထို့အပြင် ယင်းတိုက်ပွဲများနှင့် ဆက်စပ်ဖြစ်ရပ်များကြောင့် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူ ၂၀၀ နီးပါး သေဆုံးခဲ့ပြီး၊ ၂၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစီရင်ခံထားပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း
- ရှမ်းပြည်နယ်မြောက်ပိုင်းတွင်၊ မြို့နယ်အချို့၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ အရပ်သားများစွာ သေဆုံးခဲ့သည် (အရပ်သား ၄၈ ဦး သေဆုံးပြီး ၁၃၆ ဦး ဒဏ်ရာရရှိထားကြောင်း အစီရင်ခံထားသည်)။ မြို့နယ် ၆ မြို့နယ်တွင် လူနေအိမ် ၃၂၀ ကျော်နှင့် ပိုင်ဆိုင်မှုပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ အခြေအနေအရ၊ လက်ရှိတိုက်ပွဲများကြောင့် လတ်တလော နေရပ်စွန့်ခွာရသူအရေအတွက်သည် ၈၂၀၀၀ နီးပါးအထိမြင့်တက်လာပြီး၊ ၎င်းတို့သည် မြို့နယ် ၁၅ မြို့နယ်ရှိ နေရာ ၁၄၁ နေရာတွင် ခိုလှုံနေကြရသည်။ နေရပ်စွန့်ခွာရသူအများစုတို့သည် ဘုန်းကြီးကျောင်းများ၊ ဘုရားရှိခိုးကျောင်းများအပါအဝင် ဘာသာရေးနေရာများတွင် ယာယီနေထိုင်နေကြပြီး၊ ကျန်သူများမှာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်-မြန်မာနယ်စပ်တစ်လျှောက်ရှိ အိမ်ရှင်ရပ်ရွာများ၊ တောတောင်များနှင့် လယ်ကွင်းများ၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်နှင့် ကချင်ပြည်နယ် မန်စီမြို့နယ်တို့တွင် လည်းကောင်း ခိုလှုံနေကြသည်။
- မိတ်ဖက်အဖွဲ့များသည် ဝင်ရောက်သွားလာနိုင်သည့်နေရာများတွင် အကူအညီလိုအပ်နေသူများအတွက် ငွေကြေး၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် မရှိမဖြစ်လိုအပ်သော အကူအညီများကို တက်ကြွစွာဖြင့် ထောက်ပံ့ပေးအပ်နေကြသည်။ နေရပ်စွန့်ခွာရသူများအနက် ထက်ဝက်ခန့်ကို လူသားချင်းစာနာမှုအကူအညီများ ဖြန့်ကြက်ပေးအပ်နိုင်ခဲ့သော်လည်း၊ နမ့်ခမ်း၊ နောင်ချို၊ မန်စီနှင့် ပြင်ဦးလွင်မြို့နယ်တို့တွင်မူ လုံခြုံရေးအခြေအနေနှင့် သွားလာရေးကန့်သတ်ချက်များကြောင့် အချို့နေရာများတွင် လူသားချင်းစာနာမှုအကူအညီပေးရန် လစ်ဟာမှုများ ရှိနေဆဲဖြစ်သည်။ လောက်ကိုင်မြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနယ်စပ်သို့ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃၀၀၀၀ ခန့် ရှိနေပြီဖြစ်ပြီး၊ အကူအညီများကို မဆိုစလောက်သာ ရရှိကြပါသည်။ မိတ်ဖက်အဖွဲ့များအနေဖြင့် ထောက်ပံ့ရေးပစ္စည်းအချို့ကို လားရှိုးမြို့သို့ သယ်ယူပို့ဆောင်ရန်စီစဉ်နေကြသော်လည်း၊ လတ်တလောနေရပ်စွန့်ခွာခဲ့ရသည့် IDPs များ အတွက် ငွေကြေး၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်း၊ အမိုးအကာ၊ အသုံးအဆောင်ပစ္စည်း၊ တကိုယ်ရေကျန်းမာရေးသုံးပစ္စည်း စသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် များစွာလိုအပ်နေပါသေးသည်။
ရခိုင်ပြည်နယ်
- ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ ပေါက်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ချိန်မှစ၍ မြန်မာ့တပ်မတော် (MAF) နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြားတွင် ပြင်းထန်သော တိုက်ပွဲများ အရှိန်မြင့်တက်လာခဲ့သည်။ မြေပြင်နှင့် ရေတပ်မှ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းမှတိုက်ခိုက်မှုများပါဝင်သည့် တိုက်ပွဲကြီးများဖြစ်ပွားနေခြင်းကြောင့် မည်သူက နယ်မြေထိန်းချုပ်ထားသည်ကို မသိနိုင်သေးပါ။ ပေါက်တောမြို့နယ်ရှိ ရိုဟင်ဂျာ IDP စခန်းတစ်ခုအနီးတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူသေဆုံးမှုမရှိခဲ့ပါ။ ပေါက်တောမြို့ပေါ်နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ပြည်သူ ၂၀၀၀၀ နီးပါးသည် ပေါက်တောမြို့မြောက်ပိုင်းသို့လည်းကောင်း၊ မြို့တောင်ဖက် ကျွန်းပေါ်သို့လည်းကောင်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ မြို့တောင်ဖက်ရှိ ကျွန်းပေါ်တွင် ၂၀၁၂ ခုနှစ် အကြမ်းဖက်အရေးအခင်းဖြစ်ပြီးချိန်မှစ၍ နေရာချထားသည့် ရိုဟင်ဂျာ IDPs ၂၆၀၀၀ ရှိနေပြီး၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ ၎င်းတို့အတွက် အကူအညီများ ပေးပို့နိုင်ခြင်း မရှိခဲ့ပါ။ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ပေါက်တောမြို့ပေါ်မှ အရပ်သား ၁၀၀ ခန့်ကို AA က ကယ်ဆယ်နိုင်ခဲ့ကြောင်း အစီရင်ခံထားပြီး၊ မြို့လယ်ရှိ လူဦးရေ ၅၀၀ ခန့်မှာမူ ဆက်လက်ပိတ်မိနေဆဲဖြစ်သည်။ လက်ရှိအချိန်တွင် ပေါက်တောမြို့သို့ ဝင်ပေါက်လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားပြီး၊ သွားလာ၍ မရသေးပါ။ စားနပ်ရိက္ခာ၊ ငွေကြေး၊ ရေသန့်ဆေးပြား၊ လောင်စာဆီ၊ အရေးပေါ်ဆေးကုသမှုနှင့် ဆေးဝါးပစ္စည်းများအပါအဝင် လူသားချင်းစာနာမှုနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အကူအညီများကို အရေးတကြီးလိုအပ်နေပါသည်။ ပေါက်တောမြို့အပါအဝင် လတ်တလောနေရပ်စွန့်ခွာရသူများရှိနေသည့် နေရာများသို့ လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်ရရှိရေးအတွက်လည်းကောင်း၊ ရိုဟင်ဂျာ IDPs စခန်းများသို့ အကူအညီဝန်ဆောင်မှုများ ပြန်လည်ပေးအပ်နိုင်ရေးအတွက်လည်းကောင်း၊ တိုက်တွန်းပြောကြားမှုများ စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါသည်။
အနောက်မြောက်ပိုင်းဒေသ
- အနောက်မြောက်ပိုင်းဒေသတွင်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၂၅ မြို့နယ်၌ အောက်တိုဘာလ နှောင်းပိုင်းမှစ၍ MAF နှင့် EAOs/PDFs များအကြား လက်နက်ကိုင်တိုက်ပွဲများ အရှိန်မြင့်တက်လာပြီး၊ နေရပ် စွန့်ခွာရမှုများနှင့် အရပ်သားသေဆုံးမှုများ ထပ်မံဖြစ်ပေါ်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီးရှိ မတ္တရာမြို့နယ်၊ ချင်းပြည်နယ်ရှိ မတူပီမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးနှင့် တန့်ဆည်မြို့နယ်များမှ လူဦးရေ ၃၃၀၀၀ နီးပါးတို့ လတ်တလော နေရပ်စွန့်ခွာထွက်ပြေးနေရသဖြင့် နိုဝင်ဘာလအစောပိုင်းမှစ၍ နေရပ်စွန့်ခွာရသူ စုစုပေါင်း ၁၅၀၀၀၀ နီးပါးရှိလာပြီဖြစ်သည်။ လက်ရှိတိုက်ပွဲများကြောင့် ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ကလေးသူငယ်များအပါအဝင် အရပ်သား ၆၀ ဦးသေဆုံး၍ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ၊ လူနေအိမ် ၇၄ လုံး ပျက်စီးခဲ့ရသည်။ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တို့တွင် ဥပဒေမဲ့ဖမ်းဆီးခံရမှုများရှိခဲ့ပြီး၊ ယင်းဖမ်းဆီးခံရသူများအား စစ်ဆင်ရေးများအတွင်း ပစ္စည်းထမ်းသူများအဖြစ် ခိုင်းစေခံရမည်ကို စိုးရိမ်ကြောက်လန့်နေကြကြောင်း အစီရင်ခံထားသည်။ မြို့နယ်အများအပြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း၊ လမ်းများ ပိတ်ဆို့ထားခြင်းနှင့် ရွေ့လျားသွားလာမှု ကန့်သတ်ထားခြင်းတို့ကြောင့် လူသားချင်းစာနာမှု အကူအညီများ ဝင်ရောက်ပေးအပ်ရေးကို နှောင့်နှေးစေပါသည်။ စစ်ကိုင်းဒေသကြီးရှိ ကလေးမြို့လေဆိပ်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ရက်အကြာ နိုဝင်ဘာလ ၂၁ ရက်နေ့မှစ၍ လေဆိပ်ကို ပိတ်ထားခဲ့ပြီး၊ ပြန်ဖွင့်မည့်ရက်ကို မကြေညာသေးပါ။ အနောက်မြောက်ပိုင်းဒေသရှိ အထူးသဖြင့် ကလေးမြို့နယ်နှင့် တမူးမြို့နယ်များတွင် လောင်စာဆီအကျပ်အတည်းရင်ဆိုင်နေရပြီး၊ ဘဏ်လုပ်ငန်းပြဿနာများကလည်း လူသားချင်းစာနာမှုအကူအညီ လုပ်ငန်းများအတွက် ထပ်တိုးစိန်ခေါ်မှုများ ဖြစ်နေပါသည်။