သတင်းထုတ်ပြန်ချက်

ပဋိပက္ခကြောင့် မြန်မာနိုင်ငံတွင် ဆင်းရဲဒုက္ခများတိုးလာချိန်၌ ၂၀၂၆ ခုနှစ်အတွက် အရေးပေါ်လိုအပ်ချက်များခန့်မှန်းထားသည့် လူသားချင်းစာနာမှုဆိုင်ရာ အစီရင်ခံစာကို ကုလသမဂ္ဂထုတ်ပြန်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်။

Myanmar HNRP 2026
ခေါင်းစဉ်-A teacher stands amid the ruins of his former classroom destroyed by the earthquake in Mandalay Region
ဓာတ်ပုံ - © UNICEF/Minzayar Oo/2025

(ရန်ကုန်မြို့ - ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်) မြန်မာ့လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း သည် ၂၀၂၆ ခုနှစ်၌ ဆက်လက်ဆိုးရွားနေဦးမည်ဟူသည့် လေးနက်သည့်သတိပေးချက်ကို ကုလသမဂ္ဂအဖွဲ့အစည်းနှင့် မိတ်ဖက်အဖွဲ့အစည်းများက ယနေ့ထုတ်ပြန်ခဲ့သည်။ 

လာမည့်နှစ်၌ မြန်မာနိုင်ငံရှိ (ကလေးသူငယ် ၅ သန်းအပါအဝင်) လူဦးရေ ၁၆ သန်းကျော်သည် လူမှုဘဝကယ်ဆယ်ရေး လူသားချင်းစာနာမှုဆိုင်ရာအကူအညီနှင့် ကာကွယ်စောင့်ရှောက်မှုလိုအပ် ကြမည်ဟု ယနေ့ထုတ်ပြန်သည့် ၂၀၂၆ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး အစီအစဉ် (HNRP) က လေးနက်ဆင်ခြင်စွာဆန်းစစ်လေ့လာ၍ ခန့်မှန်းထားသည်။ 

၂၀၂၁ စစ်အာဏာသိမ်းယူခဲ့ချိန်မှစ၍ ပြင်းထန်လျက်ရှိသည့်ပဋိပက္ခ၊ ကြိမ်ဖန်များစွာကျရောက်သည့် ဘေးအန္တရာယ်များနှင့် ဦးစိုက်နေသည့်စီးပွားရေးအခြေအနေများကြောင့် လူသားချင်းစာနာမှု ဆိုင်ရာအခြေအနေသည် တစ်နှစ်ထက်တစ်နှစ် ဆက်လက်ဆိုးရွားလျက်ရှိသည်။ ပဋိပက္ခနှင့် ဘေးအန္တရာယ်များကြောင့် ခန့်မှန်းလူဦးရေ ၃ ဒသမ ၆ သန်းခန့် အိုးအိမ်စွန့်ခွာနေကြရလျက်ရှိပါသည်။

လာမည့်နှစ်တွင် လူသားချင်းစာနာသည့် အဖွဲ့အစည်းများသည် အထိခိုက်အလွယ်ဆုံးလူဦးရေ ၄ ဒသမ ၉ သန်းထံ အကူအညီရောက်ရှိစေရန် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်။ ဤအရေအတွက်မှာ ၂၀၂၅ ခုနှစ်က ဦးတည်ခဲ့သည့်လူဦးရေ ၆ ဒသမ ၇ သန်းအောက် များစွာလျော့နည်းပါသည်။ 

“ကိန်းဂဏန်းတိုင်းရဲ့နောက်ကွယ်မှာ သူတို့မရွေးချယ်ရပါဘဲနဲ့ကြုံလာရတဲ့ ဘေးဒုက္ခတွေကနေ လွတ်မြောက်ဖို့ ရုန်းကန်နေတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရှိပါတယ်။” ဟု မြန်မာနိုင်ငံ ဌာနေနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး မစ္စဂွင်းလူးဝစ်က ပြောပါသည်။  “ကမ္ဘာအနှံ့ အကျပ်အတည်းတွေ များပြားလွန်းတာကြောင့် ကမ္ဘာရဲ့ အာရုံစိုက်မှုကို ရဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက လိုအပ်ချက်တွေက ဆက်လက်မြင့်တက်နေတာ ကြောင့် လိုအပ်နေသူတွေဟာ ကြားသိမြင်တွေ့ခံထိုက်ပါတယ်။”
 

HNRP ၌ ချမှတ်ထားသော ဦးစားပေးမြင့်မားသည့်တုံ့ပြန်မှုအစီအစဉ်အတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၈၉၀ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး၊ ၂၀၂၅ ခုနှစ်က တောင်းခံခဲ့သည့် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအောက် လျော့နည်းပါသည်။ ဤသို့လျှော့ချလိုက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ အကျပ်အတည်း၏ လက်တွေ့အခြေအနေကို ထင်ဟပ်ပြသနေပြီး၊ ယင်းအကျပ်အတည်းကြောင့် အဆိုးရွားဆုံးအခက်အခဲများနှင့် အသက်အန္တရာယ်ရှိသောအခြေအနေများကို ရင်ဆိုင်နေရသူများအပေါ် တွင် အာရုံစိုက်မှု ပိုမို လျော့နည်းစေရန် တွန်းအားပေးလျက်ရှိသည်။

ကမ္ဘာ့သတင်းခေါင်းကြီးများမှ မကြာခဏချန်လှပ်ခြင်းခံရသည့် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး အကျပ်အတည်းများဖြစ်ရာ နိုင်ငံများအနက်တစ်နိုင်ငံဖြစ်သလို လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေရရှိမှု အနည်းဆုံးနိုင်ငံလည်း ဖြစ်နေဆဲဖြစ်ပါသည်။ အရေးပေါ်ရန်ပုံငွေမရရှိပါက လူသန်းပေါင်းများစွာကို အကူအညီမပေးနိုင်ဘဲချန်လှပ်ထားရဖွယ်ရှိသည်ဟု လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများက သတိပေးပါသည်။ 
 

“၂၀၂၅ ခုနှစ်အတွင်း ရန်ပုံငွေလိုအပ်ချက်တွေကြောင့် လူသန်းပေါင်းများစွာဟာ အကူအညီတွေမရခဲ့တဲ့ အပြင် ဘေးကင်းလုံခြုံစွာနေထိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ ကာကွယ်စောင့်ရှောက်မှုရရှိရေး စတဲ့လိုအပ်ချက်တွေကိုလည်း မရရှိခဲ့ကြပါဘူး။ မိသားစုတွေဟာ ခက်ခဲတဲ့ရွေးချယ်မှုတွေကို မရှောင်လွှဲနိုင်ဘဲ လုပ်ကြရတဲ့အခါ  လူတွေကထမင်းနပ်ရေလျှော့စား၊ အန္တရာယ်များတဲ့ခရီးတွေကို သွားလာကြပြီး၊ ရှင်သန်နေထိုင်ရရုံလေးအတွက် ကြီးလေးတဲ့အန္တရာယ်တွေကို ရင်ဆိုင်နေကြရပါတယ်။” ဟု မစ္စလူးဝစ်က ပြောသည်။  “ဒီလိုမျိုးအခြေအနေတွေကို နောက်တစ်နှစ်ဆက်ဖြစ်ဖို့ ကျွန်မတို့ ခွင့်မပြုနိုင်ပါဘူး။” 

အယ်ဒီတာများအတွက် မှတ်ချက်
၂၀၂၆ ခုနှစ်အတွက် HNRP သည် ၂၀၂၅ ခုနှစ်၌အသုံးပြုခဲ့သော တစ်နိုင်ငံလုံးအတိုင်းအတာအစား မြန်မာနိုင်ငံရှိမြို့နယ်များအားလုံး၏ သုံးပုံနှစ်ပုံကိုသာလွှမ်းခြုံသည့် အဓိကသက်ရောက်မှုကြီးနှစ်ခု (လက်နက်ကိုင်ပဋိပက္ခနှင့် ငလျင်) ကြောင့် ထိခိုက်ခဲ့သည့်ဒေသများအပေါ်တွင်သာ သီးသန့်ဦးစားပေး စီစဉ်ထားသည်။ အလွန်အမင်းလိုအပ်နေသူ စုစုပေါင်းလူဦးရေ ၂ ဒသမ ၆ သန်းကို အမေရိကန်ဒေါ်လာ ၂၅၁ သန်းကုန်ကျစရိတ်ဖြင့် ၂၀၂၆ ခုနှစ်၌ အကူအညီပေးရန် ဦးစားပေးထားသည်။

မြန်မာနိုင်ငံ၏ HNRP သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ ခြုံငုံသုံးသပ်ချက်တွင်လည်း ပါဝင်ပြီး၊ ယင်းသည် နိုင်ငံပေါင်း ၂၃ နိုင်ငံ၏ လူသားချင်းစာနာမှုလုပ်ငန်းများနှင့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် အစီအစဉ် ၆ ခုတို့မှတစ်ဆင့် လူဦးရေ ၁၃၅ သန်းကို အကူအညီပေး ရန် ဒေါ်လာ ၃၃ ဘီလီယံတောင်းခံထားသည်။

ရန်ပုံငွေ ဆိုးရွားစွာ မလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ သွားလာခွင့်ကန့်သတ်ချက်များနှင့် ဝန်ဆောင်မှုပြတ်တောက်မှုများကြောင့် မရှိမဖြစ်လိုအပ်ချက်များစွာတို့ကို ဖြည်းဆည်းပေးနိုင်ခြင်း မရှိခဲ့ပေ။ ၂၀၂၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လိုအပ်နေသူဦးရေကျဆင်းသွားခြင်း (၂၀၂၅ ခုနှစ်တွင် ၆ ဒသမ ၇ သန်းရှိရာမှ ၂၇ ရာခိုင်နှုန်းကျဆင်းသွားခြင်း) သည် မြေပြင်အခြေအနေတိုးတက်ကောင်းမွန်လာခြင်း မဟုတ်ဘဲ ခက်ခဲသည့်ဆုံးဖြတ်ချက်များနှင့် ပြန်လည်ပြင်ဆင်ထားသည့် ဆန်းစစ်လေ့လာမှုနည်းလမ်း များကြောင့်သာဖြစ်သည်။

၂၀၂၅ ခုနှစ်၌ ရန်ပုံငွေရရှိမှုအလွန်အမင်းနည်းပါးခြင်း (HNRP လိုအပ်ချက်များ၏ ၂၆ ရာခိုင်နှုန်းသာ ရရှိခဲ့ခြင်း) သည် မိတ်ဖက်အဖွဲ့အစည်းများ၏ လူမှုဘဝကယ်ဆယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အကူအညီများပေးနိုင်စွမ်းအတွက် အဓိက ကန့်သတ်ချက်ဖြစ်ခဲ့ပြီး လူသန်းပေါင်းများစွာကို အကူအညီမဲ့ဖြစ်စေခဲ့ သည်။ ငလျင်တုံ့ပြန်ရေးအတွက် နောက်ဆက်တွဲအရေးပေါ်အဆိုပြုလွှာ ရန်ပုံငွေ လိုအပ်ချက် ဒေါ်လာ ၂၇၅ သန်း အနက် ယနေ့အထိ ၆၆ ရာခိုင်နှုန်း ရရှိထားပါသည်။  

သွားလာကူညီရေးဆိုင်ရာ အခက်အခဲများ၊ ရန်ပုံငွေလျော့နည်းလာမှုနှင့် ဘေးကင်းလုံခြုံမှုနည်းပါးလာ ခြင်းများရှိသည့်တိုင် မိတ်ဖက်အဖွဲ့အစည်းများသည် ၂၀၂၅ ခုနှစ်၏ ပထမကိုးလအတွင်း လူဦးရေ ၅ သန်းအား အကူအညီပေးနိုင်ခဲ့ပြီး၊ ယခုနှစ်ကုန်၌ အနည်းဆုံး လူဦရေ ၅ ဒသမ ၇ သန်းကို တစ်ကြိမ်ဖြစ်စေ အနည်းဆုံးအကူအညီပေးရန် မျှော်လင့်ထားပါသည်။ သို့ရာတွင် ပံ့ပိုးပေးသည့် အကူအညီ၏ အတိုင်းအဆနှင့်အကြိမ်ရေသည် ဖြစ်စဉ်များစွာတို့၌ လုံလောက်မှုမရှိသည်ကို သတိပြုရပါမည်။ 
 

 

Links:

The 2026 Myanmar HNRP: https://humanitarianaction.info/plan/1505/document/myanmar-humanitarian-needs-and-response-plan-2026

Hand out photos for media: https://we.tl/t-mIMGqp3ezv

The 2026 Global Humanitarian Overview: https://humanitarianaction.info/document/global-humanitarian-overview-2026

Lesly Lotha

လက်စ်လီ လိုသာ

RCO
မဟာဗျူဟာဆိုင်ရာ ဆက်ဆံရေးအရာရှိ

Pierre Peron

OCHA
Regional Public Information Officer

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ