ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာ နေရာတိုင်းက လူငယ်တွေရဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ်၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ဦးဆောင်မှုတွေကို ဂုဏ်ပြုလိုပါတယ်။
“စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်တွေအတွက် သာမက ထို့ထက် ကျော်လွန် ပြည့်မီစေဖို့ ဒေသတွင်း လူငယ်ပါဝင်ဆောင်ရွက်မှု”ကို အလေးပေးထားတဲ့ ဒီနှစ်ဆောင်ပုဒ်က ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုဟာ လူမှုအသိုက်အဝန်းတွေက စတင်တယ်ဆိုတာကို သတိပေးနေပါတယ်။ ဒါ့ပြင် ကမ္ဘာအနှံ့မှာ လူငယ်တွေက ဦးဆောင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
သူတို့တွေဟာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ဆောင်ရွက်နေတာ၊ ပိုမိုပါဝင်မှုရှိတဲ့ လူမှုအသိုက်အဝန်းတွေ ဖော်ဆောင်နေတာ၊ ငြိမ်းချမ်းရေး တည်ဆောက်နေတာတွေအပြင် ပိုမို စိုပြည် သာယာပြီး ပိုမိုတရားမျှတတဲ့ အနာဂတ်ကိုလည်း တောင်းဆိုနေပါတယ်။
လူငယ်တွေဟာ ရဲရင့်တဲ့ ဆန်းသစ်တီထွင်သူတွေ၊ ကြံ့ခိုင်တဲ့ စည်းရုံးသူတွေဖြစ်တဲ့အပြင် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်တွေ ပြည့်မီဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်သူတွေလည်း ဖြစ်ပါတယ်။
လူငယ်တွေဦးဆောင်ဦးရွက်ပြုတဲ့အခါ လူ့အဖွဲ့အစည်းတွေ တိုးတက်လာတယ်ဆိုတာကို အသိအမှတ်ပြုမှုတစ်ခုဖြစ်တဲ့ “လူငယ်များအတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု အစီအစဥ်” ကို ဒီနှစ်မှာ ပြန်လည် ကတိကဝတ်ပြုတဲ့နှစ်လည်းဖြစ်ပါတယ်။
လူငယ်တွေရဲ့ အသံ၊ စိတ်ကူးစိတ်သန်းတွေနဲ့ ဦးဆောင်မှုက အရေးပါတယ်ဆိုတာ လူငယ်တိုင်းကို ပြောလိုပါတယ်။
လူငယ်တွေ ဦးဆောင်တဲ့ ဖြေရှင်းနည်းတွေကို ပံ့ပိုးကူညီဖို့နဲ့ အောက်ခြေကအစ ပိုမိုတရားမျှတ ငြိမ်းချမ်းကာ ရေရှည်တည်တံ့တဲ့ ကမ္ဘာကြီးကို တည်ဆောက်ဖို့အတွက် အတူလုပ်ဆောင်ကြရအောင်ပါ။