ကုလသမဂ္ဂကို ကမ္ဘာကြီးအတွက် ကမ္ဘာကြီးက ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။
ကမ္ဘာ့တစ်ဝန်းက ပြဿနာတွေအတွက် ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းနည်းတွေကို စုပေါင်းရှာဖွေဖို့ ကုလသမဂ္ဂဟာ ၁၉၄၅ ခုနှစ်ကတည်းက နိုင်ငံတွေ ပေါင်းစည်းရာနေရာ ဖြစ်လာခဲ့ပါတယ်။
တင်းမာမှုတွေကို လျှော့ချနိုင်တဲ့၊ ငြိမ်းချမ်းရေး ဖော်ဆောင်ပြီး ပေါင်းကူးတံတားတွေ တည်ဆောက်တဲ့ ဖြေရှင်းနည်းတွေ၊
ဆင်းရဲမွဲတေမှု ပပျောက်စေဖို့၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဖို့နဲ့ အကာကွယ်မဲ့ဆုံးသူတွေအတွက် ရပ်တည်ပေးဖို့ ဖြေရှင်းနည်းတွေ၊
ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ စီးပွားရေးအခက်အခဲတွေနဲ့ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်တွေကို ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ လူတွေဆီကို အသက်ကယ် အထောက်အပံ့တွေ ပေးအပ်နိုင်တဲ့ ဖြေရှင်းနည်းတွေ၊
အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် တရားမျှတမှုနဲ့ သာတူညီမျှမှုတွေကို ဖော်ဆောင်ပေးနိုင်တဲ့ ဖြေရှင်းနည်းတွေ၊
ရာသီဥတုပြောင်းလဲမှု၊ ဒစ်ဂျစ်တယ်နည်းပညာ၊ အေအိုင် ဉာဏ်ရည်တုနဲ့ အာကာသ စတဲ့ ၁၉၄၅ ခုနှစ်တုန်းက မတွေးဆနိုင်ခဲ့တဲ့ ပြဿနာတွေကို ကိုင်တွယ်နိုင်တဲ့ ဖြေရှင်းနည်းတွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက အထွေထွေညီလာခံမှာ အနာဂတ်အတွက် သဘောတူညီချက် (Pact for the Future)၊ ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ် သဘောတူညီချက် (Global Digital Compact)နဲ့ အနာဂတ်မျိုးဆက်များဆိုင်ရာ ကြေညာချက် (Declaration on Future Generations)တွေကို အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။
ဒီလိုသမိုင်းမှတ်တိုင် စိုက်ထူနိုင်တဲ့ သဘောတူညီချက်တွေဟာ ကုလသမဂ္ဂစနစ်ကို လိုက်လျောညီထွေဖြစ်အောင်၊ ပြုပြင်ပြောင်းလဲနိုင်အောင်နဲ့ အားသစ်လောင်းနိုင်အောင် အတူတကွ ပံ့ပိုးပေးပါလိမ့်မယ်။ ဒါမှသာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ အပြောင်းအလဲတွေနဲ့ စိန်ခေါ်မှုတွေအတွက် အံဝင်ခွင်ကျဖြစ်ပြီး အားလုံးအတွက် ဖြေရှင်းနည်းတွေပေးနိုင်မှာဖြစ်ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်တွေက ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့ နိုင်ငံတကာ ဥပဒေတွေရဲ့ ကာလအကန့်အသတ်မဲ့ တန်ဖိုးတွေနဲ့ အခြေခံမူတွေအပြင် လူတိုင်းရဲ့ ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးတွေအပေါ်မှာ အမြဲ အခြေခံနေရမှာဖြစ်ပါတယ်။
အကျပ်အတည်းဆိုက်နေတဲ့ ဒီနေ့ကမ္ဘာကြီးမှာ မျှော်လင့်ချက်ထားနေရုံနဲ့ မလုံလောက်ပါဘူး။
မျှော်လင့်ချက်မှာ ငြိမ်းချမ်းရေး၊ အတူဝေမျှခံစားရမယ့် သာယာဝပြောမှုနဲ့ တိုးတက်အောင်မြင်နေတဲ့ ကမ္ဘာတစ်ခုအတွက် ပြတ်သားတဲ့ လုပ်ဆောင်မှုနဲ့ ဘက်စုံဖြေရှင်းနည်းတွေ လိုအပ်ပါတယ်။
မျှော်လင့်ချက်မှာ နိုင်ငံအားလုံး တစ်စုတစ်စည်းတည်း ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
မျှော်လင့်ချက်မှာ ကုလသမဂ္ဂ လိုအပ်ပါတယ်။
ဒါကြောင့် ဒီကနေ့ ကျရောက်တဲ့ ကုလသမဂ္ဂနေ့မှာ ကမ္ဘာကြီးအတွက် အဲဒီ မျှော်လင့်ချက်ရောင်ခြည်ကို ဆက်လက်ထိန်းသိမ်းထားဖို့နဲ့ သူ့ရဲ့စံနှုန်းတွေ ဆက်လက် တောက်ပနေဖို့အတွက် နိုင်ငံအားလုံးကို နှိုးဆော်လိုက်ပါတယ်။