အထွေထွေအတွင်းရေးမှူးချုပ်၏ ကမ္ဘာ့ ဒုက္ခသည်များနေ့အတွက် သတင်းစကား
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအဖြစ် ဆယ်စုနှစ်နဲ့ချီ တာဝန်ထမ်းဆောင်ခဲ့စဉ် အတွင်း အလွှာစုံက ဒုက္ခသည်တွေရဲ့ လောကဓံကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်စွမ်းနဲ့ ဖေးမကူညီမှုတွေကို ကိုယ်တွေ့ကြုံခဲ့ရပါတယ်။
အခက်အခဲတွေကို ရင်ဆိုင်ရပေမယ့်လည်း သူတို့ရဲ့ ဇွဲလုံလတွေက နေ့စဉ်နေ့တိုင်း ကျွန်တော့်ကို ခွန်အားဖြစ်စေပါတယ်။
ဒုက္ခသည်တွေဟာ လူသားတွေရဲ့ အကောင်းဆုံး စိတ်ဓာတ်ကို ရည်ညွှန်းဖော်ပြနေပါတယ်။
သူတို့တွေဟာ ညီညီညွတ်ညွတ်နဲ့ ပံ့ပိုးတဲ့ အကူအညီတွေ လိုအပ်နေသူတွေ ဖြစ်သလို ရသင့်ရထိုက်သူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် နယ်စပ်မျဥ်းတွေကို ပိတ်ထားတာနဲ့ သူတို့တွေကို ပြန်လည်ပို့ဆောင်တာတွေ မလုပ်သင့်ပါဘူး။
ကမ္ဘာ့ဒုက္ခသည်များနေ့ ကျင်းပချိန်မှာ ထိတ်လန့်တုန်လှုပ်ဖွယ် အချက်အလက်တခုနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရပါတယ်။
ပဋိပက္ခ၊ နှိပ်စက်ညှဥ်းပန်းမှု၊ ဆာလောင်မွတ်သိပ်မှုနဲ့ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် နိုင်ငံစုံက လူပေါင်း သန်း ၁ဝဝ ကျော်ဟာ သူတို့ရဲ့ နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။
ဒါတွေဟာ စာရွက်ပေါ်မှာပဲ ရှိနေတဲ့ ကိန်းဂဏန်းတွေ မဟုတ်ပါဘူး။
အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ အမျိုးသား တဦးချင်းစီအလိုက် ခက်ခဲကြမ်းတမ်းတဲ့ လမ်းခရီးကို လျှောက်လှမ်းနေကြသလို မကြာခဏဆိုသလို အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်မှု၊ ခွဲခြားဆက်ဆံမှုတွေနဲ့ နှိပ်စက်ညှဥ်းပန်းမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
ဒီကနေ့ဟာ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့၊ အကာအကွယ်ပေးဖို့နဲ့ ထောက်ပံ့ကူညီမှု လမ်းကြောင်းတွေ ပိုဖွင့်တာဟာ ကျွန်တော်တို့ရဲ့ တာဝန် ဖြစ်တယ်ဆိုတာကို ထပ်လောင်းသတိပေးလိုက်တာလည်း ဖြစ်ပါတယ်။
အဲဒီထဲမှာ ဒုက္ခသည်တွေ ပြန်လည်အခြေချ နေထိုင်ဖို့၊ သူတို့ရဲ့ ဘဝတွေကို ဂုဏ်သိက္ခာရှိရှိ ပြန်လည်တည်ဆောက်နိုင်အောင် ကူညီဖို့ ဖြေရှင်းနည်းတွေ ပါဝင်ပါတယ်။
ဒုက္ခသည်များဆိုင်ရာ ကမ္ဘာတဝန်း လုပ်ငန်းစဉ်မှာ (Global Compact for Refugees) တောင်းဆိုထားသလို အရည်အသွေး ပြည့်မှီတဲ့ ပညာရေး၊ ကောင်းမွန်တဲ့ အလုပ်အကိုင်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အိမ်ယာနဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးတွေ လက်လှမ်းမှီအောင် တိုးမြှင့်ဆောင်ရွက်ပေးဖို့ ဒုက္ခသည်တွေကို လက်ခံထားတဲ့ နိုင်ငံတွေအတွက် နိုင်ငံတကာ အထောက်အပံ့တွေ ပိုမို လိုအပ်ပါတယ်။
နောက်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ နိုင်ငံရေးအခြေအနေ ပိုမို တည်ငြိမ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဒုက္ခသည်တွေဟာ သူတို့နေအိမ်တွေကို ဘေးအန္တရာယ်ကင်းကင်း ပြန်နိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဒုက္ခသည်များနေ့အတွက် ကုလသမဂ္ဂရဲ့ ဒီနှစ် ဆောင်ပုဒ်ကတော့ “အိမ်အဝေးက မျှော်လင့်ချက်” ဖြစ်ပါတယ်။
ဒုက္ခသည်တွေရဲ့ နှလုံးသားထဲမှာ ကိန်းအောင်းနေတဲ့ မျှော်လင့်ချက်ကို အကောင်အထည်ဖော်ပေးဖို့ ကမ္ဘာကြီးကို တောင်းဆိုပါတယ်။
သူတို့လျှောက်လှမ်းရတဲ့ ခြေတစ်လှမ်းတိုင်းမှာ လိုအပ်တဲ့ အခွင့်အလမ်းတွေနဲ့ သူတို့ရဲ့ သတ္တိတွေကို ထပ်တူကြအောင် အတူ ဖန်တီးပေးကြရအောင်ပါ။