အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၃ ရက်။
"ကျွန်မလက်ထဲမှာ ဘာမှမကျန်တော့ဘူး" - အကျပ်အတည်းရဲ့ မမျှတတဲ့ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးနေရတဲ့ မြန်မာအမျိုးသမီးများ
UNDP နှင့် UN Women တို့၏ သုတေသနအသစ်အရ မြန်မာ့အကျပ်အတည်း စီးပွားရေးကြောင့် ဝင်ငွေဆုံးရှုံးမှုမှသည် အခကြေးငွေမရသော ပြုစုစောင့်ရှောက်မှု ကဏ္ဍတွင် မမျှမတဝေပုံကျ တာဝန်ယူနေရမှုအထိ အမျိုးသမီးများအပေါ် ကျရောက်နေသည့် ဝန်ထုပ်ဝန်ပိုးများကို ဖော်ပြနေသည်။"နေ့တိုင်း မနက်နိုးရင် မျက်နှာသစ်၊ ဘုရားရှိခိုးပြီး ဆိုင်ဖွင့်ပါတယ်" ဟု ကယားပြည်နယ်ရှိ အသက် ၈၆ နှစ်အရွယ် အဘွားဖြစ်သူနှင့်အတူ နေထိုင်သည့် အသက်၃၃ နှစ်အရွယ် အသေးစားလုပ်ငန်းရှင် မသင်းသင်းမာက ပြောသည်။သူမ၏တစ်နေ့တာတွင် အခကြေးငွေရသည့် အလုပ်နှင့် အခကြေးငွေမရသည့် အလုပ်များ ထပ်တူကျနေသည် - အဘွားကို ပြုစုရခြင်း၊ တူ၊ တူမများကို စာပြရခြင်း၊ စာရင်းဇယား ကူညီပေးရခြင်း၊ ညစာချက်ရခြင်း စသည်တို့ဖြစ်သည်။ ရက်တော်တော်များများတွင် သူမသည် ဝင်ငွေသို့မဟုတ် ပြုစုစောင့်ရှောက်မှု နှစ်ခုထဲမှ တစ်ခုကို စွန့်လွှတ်ရလေ့ရှိသည် - အဘွားကို တစ်နေရာရာသို့ ခေါ်သွားရန် ဆိုင်ပိတ်ရခြင်း သို့မဟုတ် ဝင်ငွေပိုကောင်းသော်လည်း အချိန်မပြောင်းသာသော အလုပ်များကို ငြင်းပယ်ရခြင်းမျိုး ဖြစ်သည်။ "ကျွန်မကို အလုပ်ခေါ်တဲ့သူတွေ ရှိပါတယ်၊ ဒါပေမဲ့ အဘွားကို ထားခဲ့ပြီး မသွားနိုင်လို့ မသွားဖြစ်ဘူး" ဟု သူမကဆိုသည်။ဤသို့ရွေးချယ်စွန့်လွှတ်ရမှုများသည် ၂၀၂၁ ခုနှစ်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားနေဆဲ ပဋိပက္ခများ၊ စီးပွားရေး ကျဆင်းမှုများနှင့် မလုံခြုံမှုများကြားတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပေါ်နေသည့် ပုံစံများကို ထင်ဟပ်နေသည်။ လူပေါင်း ၅,၄၀၀ ကျော်ကို စစ်တမ်းကောက်ယူထားသည့် UNDP နှင့် UN Women တို့၏ "မမျှတသော ဝန်ထုပ်ဝန်ပိုးများ- မြန်မာ့အကျပ်အတည်း စီးပွားရေးအတွင်းရှိ အမျိုးသမီးများ" (Uneven Burdens: Women in Myanmar’s Crisis Economy) ဟူသော အစီရင်ခံစာသစ်အရ အမျိုးသမီး ၄၂ ရာခိုင်နှုန်းသည် ကိုယ်ပိုင်ဝင်ငွေ လုံးဝမရှိကြဘဲ၊ ယင်းမှာ အမျိုးသားများထက် နှစ်ဆနီးပါး မြင့်မားနေသည်။ လုပ်ငန်းခွင်ပြင်ပရှိ အမျိုးသမီး ၁၀ဦးတွင် ရှစ်ဦးနီးပါးက ပြုစုစောင့်ရှောက်ရေး တာဝန်များကို အဓိကအကြောင်းရင်းအဖြစ် တင်ပြကြပြီး၊ အမျိုးသမီးများသည် အခကြေးငွေမရသော ပြုစုစောင့်ရှောက်မှုနှင့် အိမ်မှုကိစ္စများအတွက် အမျိုးသားများထက် နေ့စဉ် အချိန်နှစ်ဆပိုမို သုံးစွဲနေရသည်။ ဤမမျှတမှုသည် အလုပ်အကိုင်ရှိသော အမျိုးသမီးများတွင်ပင် လျော့နည်းမသွားပေ။ပဋိပက္ခကြောင့် ကျား၊ မ ကွာဟချက် ပိုမိုနက်ရှိုင်းလာခြင်းသုတေသနအရ ပဋိပက္ခပြင်းထန်သော ဒေသများတွင် အမျိုးသားများ၏ အလုပ်အကိုင်ရရှိမှု ၈၂ ရာခိုင်နှုန်းရှိသော်လည်း အမျိုးသမီးများမှာမူ ၆၂ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရသည်။ ကယားပြည်နယ်သည် တစ်နိုင်ငံလုံးတွင် ကျား၊ မအလုပ်အကိုင် ကွာဟချက် အကြီးမားဆုံးဖြစ်ပြီး ထိုနေရာရှိ အမျိုးသမီး ၁၂ ရာခိုင်နှုန်းသာ လုံလောက်စွာ စားသောက်ရသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမျိုးသမီး ထက်ဝက်ကျော်သည် စားနပ်ရိက္ခာ မလုံလောက်မှု အတိုင်းအတာတစ်ခုအထိ ကြုံတွေ့နေရသည်။ဤဖိအားများသည် နေရပ်စွန့်ခွာ ထွက်ပြေးရမှုများကြောင့် ပိုမိုဆိုးရွားလာပြီး မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၃.၇ သန်းရှိသည့်အနက် ထက်ဝက်ကျော်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ဖြစ်ကြသည်။ မသင်းသင်းမာနှင့် သူမ၏အဘွားသည် အိမ်မှ သုံးကြိမ်တိုင်တိုင် ထွက်ပြေးခဲ့ရသည်။ "ထွက်ပြေးရတိုင်း ရှိစုမဲ့စုလေးတွေကို ရောင်းပြီး ထွက်လာခဲ့ရတယ်" ဟု သူမက ဆိုသည်။ "ကျွန်မလက်ထဲမှာ ဘာမှမကျန်တော့ဘူး။ မလုံခြုံသလို ခံစားရပြီး ညဘက်လည်း အိပ်မပျော်ခဲ့ဘူး။" ပံ့ပိုးကူညီမှုများက ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်သည့်အရာများUN Women နှင့် UNDP တို့သည် တစ်နိုင်ငံလုံးရှိ အမျိုးသမီးများနှင့် ၎င်းတို့၏ လူမှုအသိုက်အဝန်းများကို အရင်းအမြစ်များ၊ ကျွမ်းကျင်မှုများ၊ ဘဏ္ဍာရေး၊ ဈေးကွက်များနှင့် ဆုံးဖြတ်ချက်ချနိုင်ခွင့် အခွင့်အလမ်းများ တိုးမြှင့်ပေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ပြန်လည်တည်ဆောက်ရန်နှင့် ကြံ့ကြံ့ခံနိုင်ရည်ရှိမှုကို အားကောင်းစေရန် ပံ့ပိုးပေးလျက်ရှိသည်။UN Women ထံမှ စီးပွားရေးစီမံခန့်ခွဲမှုသင်တန်းနှင့် မတည်ရန်ပုံငွေဖြင့် မသင်းသင်းမာသည် သူမ၏ ကိုယ်ပိုင်ဆိုင်ကို ဖွင့်လှစ်ခဲ့သည်။ သူမသည်မိမိလူမှုအသိုက်အဝန်း၏ လိုအပ်ချက်များကို လေ့လာပြီး ထိုအချက်အပေါ် မူတည်၍ ကုန်ပစ္စည်းများ စုဆောင်းခဲ့ရာ ယနေ့တွင် ပုံမှန်ဝင်ငွေ ရရှိနေပြီဖြစ်ပြီး ချေးငှားခြင်းထက် ကြိုတင်စီမံကိန်းချနိုင်လာသည်။ "ကျွန်မ အဘွားအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို ဝယ်ပေးနိုင်ပြီ။ စိတ်ထဲမှာလည်း အများကြီး ပိုပြီးအေးချမ်းသွားတယ်" ဟု သူမကဆိုသည်။မသင်းသင်းမာ နေထိုင်ရာ အရပ်မှ မြောက်ဘက် ကီလိုမီတာ ငါးရာအကွာ ကချင်ပြည်နယ်၊ ငါးအူးကျေးရွာတွင် UNDP သည် ရွာရှိ အထိခိုက်လွယ်ဆုံး အမျိုးသမီး ၂၈ ဦးအား ကိုယ်ထူကိုယ်ထ အစုအဖွဲ့တစ်ခု ဖွဲ့စည်းနိုင်ရန် ပံ့ပိုးပေးခဲ့ပြီး၊ တစ်ဦးလျှင် မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၂၀၀ စီ ထောက်ပံ့ပေးကာ ၎င်းကို မည်သို့သုံးစွဲမည်ကို အတူတကွ လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ပေးခဲ့သည်။ အဖွဲ့သုံးဖွဲ့က ဝက်မွေးမြူရေးနှင့် နဂါးမောက်သီး စိုက်ပျိုးရေးတွင် ရင်းနှီးမြှုပ်နှံခဲ့ကြပြီး စတုတ္ထအဖွဲ့ကမူ မှိုစိုက်ပျိုးရေးလုပ်ငန်းကို တည်ထောင်ခဲ့သည်။ ကချင်ပြည်နယ်၏ သတ္တုတွင်းလုပ်ကွက်များတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် အိမ်ထောင်စုအများစု မှီခိုနေရသော အလုပ်အကိုင်များ ပြတ်တောက်သွားချိန်တွင် အမျိုးသမီးများ၏ လုပ်ငန်းများသည် ၎င်းတို့၏ မိသားစုများအတွက် ဘဏ္ဍာရေး အသက်သွေးကြော ဖြစ်လာခဲ့သည်။နောက်ပိုင်းတွင် လမ်းပိတ်ဆို့မှုများကြောင့် မန္တလေးမှ မှိုမျိုးအိတ်များ ပေးပို့မှုကို အနှောင့်အယှက်ဖြစ်စေသောအခါ အမျိုးသမီးများသည် အုပ်စုတစ်စု၏ လုပ်ငန်းကို ပျက်စီးမခံခဲ့ကြပေ။ ၎င်းတို့သည် အတူတကွလက်တွဲကာ မှိုမျိုးအိတ်များကို ဒေသတွင်း၌ပင် ထုတ်လုပ်နိုင်ရန် သင်တန်းများ စီစဉ်ခဲ့ပြီး ပြင်ပမှ တင်သွင်းရမှုအပေါ် မှီခိုနေရခြင်းကို ဖယ်ရှားနိုင်ခဲ့သည်။ ယင်းနောက်တွင် လုပ်ငန်း တိုးချဲ့လာပြီး ကချင်ပြည်နယ်တစ်ဝန်းရှိ နေရပ်စွန့်ခွာရသော မိသားစုများအတွက် UNDP ၏ အရေးပေါ် ရိက္ခာအကူအညီ ပက်ကေ့ဂျ်များအတွက် မှိုမျိုးအိတ်များကို ဖြန့်ဖြူးပေးနိုင်ခဲ့သည်။ ဤဖြစ်ရပ်သည် အစီရင်ခံစာ၏ ကိန်းဂဏန်းများတွင် မဖော်ပြနိုင်သော အချက်တစ်ချက်ကို သက်သေပြခဲ့သည် - ယင်းမှာ အမျိုးသမီးများသည် စုပေါင်းဦးဆောင်ခြင်း၊ အချင်းချင်း ရင်းနှီးမြှုပ်နှံခြင်းနှင့် အကျပ်အတည်းများကြားတွင် လက်တွေ့ကျသော ဖြေရှင်းနည်းများကို ရှာဖွေခြင်းတို့ ဖြစ်သည်။"အရင်က ကျွန်မ အရမ်းစကားနည်းပြီး စကားပြောဖို့ ဒါမှမဟုတ် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေချဖို့ တွန့်ဆုတ်နေခဲ့တာ" ဟု ဝက်မွေးမြူရေးမှရရှိသော ဝင်ငွေဖြင့် ရွာ၏ ပထမဆုံး ခေါက်ဆွဲဆိုင်ကို ဖွင့်လှစ်ခဲ့သည့် အသက်၂၅ နှစ်အရွယ် ဒေါ်ခေါင်နော်က ပြောသည်။ "ဒီပရောဂျက်ကနေတစ်ဆင့် ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်းကို မြှင့်တင်နိုင်ခဲ့ရုံတင်မကဘဲ ခေါင်းဆောင်မှု အရည်အချင်းနဲ့ ယုံကြည်မှုကိုလည်း ရရှိခဲ့ပါတယ်။" ကွာဟချက်ကို လျှော့ချခြင်းအစီရင်ခံစာအရ မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ စီးပွားရေးကဏ္ဍသည် ကျယ်ပြန့်လာသော်လည်း ၎င်းတို့၏ ဝင်ငွေ၊ပိုင်ဆိုင်မှုနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်း အခွင့်အလမ်းများမှာ ကျဉ်းမြောင်းလာနေကြောင်း တွေ့ရှိရသည်။ UNDP၊ UN Women နှင့် ၎င်းတို့၏ ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများသည် အမျိုးသမီးများ၏ ကျွမ်းကျင်မှုနှင့် ပံ့ပိုးမှုများကို ရေရှည်တည်တံ့သော ဝင်ငွေအဖြစ် ပြောင်းလဲနိုင်ရန် ကူညီပေးနေသော်လည်း၊ ကမ္ဘာပေါ်တွင် ရန်ပုံငွေ အနည်းဆုံးရရှိသော အကျပ်အတည်းများထဲမှ တစ်ခုဖြစ်သည့် ဤအခြေအနေတွင် ပိုမိုကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေပါသည်။ ကွာဟချက်ကို လျှော့ချရန်အတွက် အမျိုးသမီးများ တစ်ဦးတည်း ထမ်းပိုးထားရသည့် အခကြေးငွေမရသော ဝန်ထုပ်ဝန်ပိုးကို သက်သာစေမည့် ပြုစုစောင့်ရှောက်ရေး ဝန်ဆောင်မှုများ၊ မြေယာ၊ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အခွင့်အရေးများကို အာမခံချက်ပေးခြင်း၊ ပဋိပက္ခဒဏ် အပြင်းထန်ဆုံး ခံရသော နေရာများသို့ ရောက်ရှိနိုင်မည့် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်များ လိုအပ်ပါသည်။"သူမတစ်ယောက်တည်း မခံစားသင့်ပါဘူး" ဟု မိမိကဲ့သို့ အခြေအနေမျိုး ကြုံတွေ့နေရသည့် အခြားအမျိုးသမီးများကို ရည်ညွှန်း၍ မသင်းသင်းမာက ပြောသည်။ "သူမ လက်မလျှော့သင့်ပါဘူး။ အဲဒါဖြစ်နိုင်တယ်ဆိုတာကို ကျွန်မ ပြောပြချင်ပါတယ်။" အစီရင်ခံစာ အပြည့်အစုံကို ဖတ်ရှုရန် - Uneven Burdens: Women in Myanmar’s Crisis Economy *ဤဇာတ်ကြောင်းကို UNDP Myanmar website ၌ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် မူရင်းထုတ်ဝေထားပါသည်။