မြို့ပြ ဒေသက အဆင်းရဲဆုံး ပြည်သူတွေ စားနပ်ရိကာ မလုံလောက်မှု မြင့်တက်မှုဒဏ်ကို ဘယ်လိုရင်ဆိုင်ဖြေရှင်းနေရလဲ
ကိုမင်းနှင့်မမိုးတို့၏ဇာတ်လမ်းကဲ့သို့သောလူမှုဘ၀အခြေအနေများကိုကြားသိရခြင်းသည်စားနပ်ရိက္ခာအထောက်အပံ့များကိုဆက်လက်ပေးအပ်သွားရန်WFP၏ကတိကဝတ်ကိုပိုမိုခိုင်မာစေပါသည်
ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် (WFP) သည် စားနပ်ရိက္ခာအထောက်အပံ့မစ်ရှင်တစ်ခုအနေဖြင့် ရန်ကုန်မြို့အစွန်အဖျားရှိ ဆင်းရဲနွမ်းပါးသော ရပ်ကွက်တစ်ခုကို မကြာသေးမီကသွားရောက်ခဲ့စဥ်တွင် လူငယ်မိသားစုတစ်စုနှင့် တွေ့ဆုံခဲ့ရသည်။ ကိုမင်းနှင့် မမိုးတို့တွင် ကလေးငယ်နှစ်ယောက်ရှိပြီး၊ အိမ်နီးချင်းမိသားစုများကဲ့သို့ပင် ဖေဖေါ်ဝါရီလကတည်းက ဝမ်းရေးအတွက် ကြိုးစားရုန်းကန်နေရသည်။ WFP အနေဖြင့် ၎င်းတို့မိသားစု၏ နေ့စဉ်ဘ၀နေထိုင်လှုပ်ရှားမှုများအကြောင်း တစေ့တစောင်းမြင်တွေ့ခွင့်ရရှိခဲ့သလို၊ WFP ၏ အထောက်အပံ့ဖြင့် တစ်မိသားစုလုံးအတွက် လုံလောက်သောစားနပ်ရိက္ခာ ရရှိခဲ့သည်ကြောင့် ၀မ်းနည်းခြင်းနှင့်ပျော်ရွှင်ခြင်း ဖြစ်စေခဲ့ရကြောင်း သိရှိခွင့်ရရှိခဲ့ပါသည်။
နိုင်ငံတစ်ဝန်းလုံး၌ ဖြစ်ပွားနေသောကိစ္စများစွာထဲမှ ကိုမင်းနှင့်မမိုးတို့၏ ဇာတ်လမ်းသည် ဥပမာတစ်ခုသဖွယ်ဖြစ်ပါသည်။ ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများနှင့် မြို့ပြဒေသများရှိ ထိခိုက်ခံရသောလူထုအတွက် စားနပ်ရိက္ခာအထောက်အပံ့များကို ဆက်လက်တိုးမြှင့်ပေးအပ်သွားရမည်ဖြစ်ပါသည်။
ရန်ကုန်မြို့အစွန်အဖျား ဆင်းရဲနွမ်းပါးသောရပ်ကွက်တစ်ခုရှိ မိသားစုအိမ်မှ မမိုး အပြင်ထွက်သွားလာခြင်းမရှိသည်မှာ လအတန်ကြာခဲ့ပြီဖြစ်သည်။ ခင်ပွန်းဖြစ်သူ ကိုမင်းသည် ပန်းရံအလုပ်သမားတစ်ယောက်ဖြစ်ပြီး၊ ယခုအခါ ကြုံရာကျပန်း အလုပ်များစွာကို လုပ်ကိုင်ရင်း ဝင်ငွေရှာဖွေနေရသည်။ ယနေ့တွင်လည်း မမိုးတစ်ယောက် ထုံးစံအတိုင်း သား၊ သမီးတို့နှင့်အတူ အိမ်တွင်ရှိနေသည်။ ကိုမင်းသည် မိသားစုဝမ်းရေးအတွက် အပြင်ထွက်သွားသော်လည်း ငွေအနည်းငယ်မျှသာရှိသော ၎င်းတို့ မိသားစုအဖို့ စျေးသို့သွားနိုင်ဦးမည် မဟုတ်ပေ။
ကိုမင်းတစ်ယောက် အနီးအနားရှိရွှံ့ဖုံးနေသောမြေကွက်လပ်တစ်ခုတွင် ကန်စွန်းရွက် လက်တစ်ဆုပ်စာဆွတ်ခူးပြီး အိမ်အပြန်လမ်းတွင် ရပ်ကွက်ထဲရှိ စျေးဆိုင်မှ မိသားစုလေးယောက်စားလောက်ရုံ ကြက်ဥလေးလုံးနှင့် ဆီအနည်းငယ် ၀င်ဝယ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး အဆင်းရဲဆုံးသောသူများအနေဖြင့် အခြေခံအစားအစာများကိုပင် ဝယ်ယူရန်လက်လှမ်းမမီတော့ပေ။ ဇန်နဝါရီလနှင့်ယှဥ်လျှင် စားဆီဈေး ၆၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ဆန်စျေး ၁၆ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သည်။ ယေဘူယျအားဖြင့် အခြေခံစားသောက်ကုန်များ၏ ကုန်ကျစရိတ်စျေးနှုန်းသည် ဇန်နဝါရီလနှင့်နှိုင်းယှဥ်လျှင် ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ကိုမင်းအိမ်ပြန်ရောက်သောအခါ မမိုးက နေ့လယ်စာအတွက်စတင် ပြင်ဆင်တော့သည်။ သူမသည် ကြက်ဥမွှေကြော်လုပ်ရန်အတွက် ကြက်ဥများကိုဖောက်လိုက်ပြီး လှီးထားသော ကြက်သွန်နီများဖြင့် ရောကြော် သည်။
ထို့နောက် လွန်ခဲ့သောရက်အနည်းငယ်က WFP ထံမှ ရရှိထားသော ဆန်ဖြင့် ထမင်းချက်ကာ ကန်စွန်းရွက်ရေနွေးဖျော၊ ငါးပိရည်တို့ဖြင့် နေ့လည်စာပြင်ဆင်သည်။
“ကျွန်မတို့မိဘတွေက မစားဘဲ နေလို့ရတယ် ကလေးတွေက နေမှ မနေတာ။ အဲ့လိုပဲ လိုက်ရှာပြီးတော့ ကျွေးရတာပဲ။” ဟု မမိုးကပြောသည်။
ကိုမင်းနှင့် မမိုးတို့ကဲ့သို့ပင် အခြားသောမိဘများသည် ၎င်းတို့၏ ကလေးများအား ထမင်းဟင်းဝဝလင်လင်ကျွေးမွေးနိုင်ရေးအတွက် အစားလျှော့စားရခြင်း၊ နေ့စာညစာပေါင်းစားရခြင်းတို့ကို ပြုလုပ်နေကြရသည်။ ထို့အတူ ဝမ်းရေးကိစ္စအတွက်ပင် ငွေချေးခြင်း၊ စုဆောင်းထားသည်များကို ထုတ်သုံးရခြင်း၊ ပိုင်ဆိုင်မှုများအား ရောင်းချရခြင်းတို့ကို လုပ်ဆောင်နေကြရသည်။
“ဒီနားက ပတ်ဝန်းကျင်တော်တော်များများကတော့ အဆင်မပြေဘူး။ ရုန်းကန် နေကြရတာပဲ။” ဟု မမိုးကဆိုသည်။ “အဲ့လိုမျိုး မရှိတဲ့အချိန်ကြရင်တော့ မျှတစားရတာပဲ ထမင်းတစ်ပန်းကန်ရရ။ အဲ့လိုမျိုး။”
အဆိုပါစိန်ခေါ်မှုများကို ကူညီဖြေရှင်းပေးရန်အတွက် WFP သည် အဓိကအားဖြင့် မြို့ပြလူဦးရေ (၂) သန်းအတွက် အထောက်အပံ့များကို တိုးမြှင့်ပေးအပ်သွားနိုင်ရေး ကြိုးပမ်းလျက်ရှိပါသည်။ WFP အနေဖြင့် ယခုအချိန် ထိ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒလမြို့နယ် နှင့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်နှင့် အောင်မြေသာဇံမြို့နယ် တို့တွင်နေထိုင်ကြသော လူဦးရေပေါင်း (၁) သန်း ခန့်အတွက် စားနပ်ရိက္ခာများ ပေးအပ်ထောက်ပံ့နိုင်ခဲ့ပြီဖြစ်ပါသည်။
“ဒီလိုလာပြီးတော့ လှူပေးတဲ့အတွက်လည်း အဲ့နေ့တုန်းကဆို သမီး မျက်ရည်တောင်ကျတယ် ။ လာမေးပြီး နေ့ခင်းကျ လိုက်စဉ်းစားပြီးတော့ စိတ်ထဲမကောင်းဘူး ၊ ဝမ်းလည်းဝမ်းသာပြီးတော့ သမီး မျက်ရည်တောင်ကျတယ် အဲ့နေ့တုန်းက” ဟု မမိုးက ပြောသည်။
ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ အထိခိုက်လွယ်ဆုံးသော နွမ်းပါးသူ မြို့နေလူဦးရေ ၁၅၀,၀၀၀ အတွက် ကယ်ဆယ်ရေး စားနပ်ရိက္ခာအထောက်အပံ့များကို ပြီးခဲ့သည့်စက်တင်ဘာလမှ စတင်၍ ဖြန့်ဝေပေးအပ်လျက်ရှိပါသည်။ မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့ရှိ ဆင်းရဲနွမ်းပါးသောမြို့နေမိသားစုများအတွက် ဒုတိယအကြိမ်မြောက်အဖြစ် စားနပ်ရိက္ခာအထောက်အပံ့များကို ဖြန့်ဝေပေးအပ်လျက်လည်းရှိပါသည်။ တစ်ချိန်တည်းမှာပင် WFP သည် ရွှေပြည်သာမြို့နယ် နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မကြာမီ ကူညီထောက်ပံ့ပေးနိုင်ရန် စီစဉ်လျက်ရှိပါသည်။
တစ်ချိန်တည်းမှာပင် WFP သည် ကချင်၊ ချင်း၊ ရခိုင် နှင့် ရှမ်းပြည်နယ်တို့ရှိ ပဋိပက္ခဒဏ်ခံရသူ လူဦးရေပေါင်း ၃၆၀,၀၀၀ တို့အား လစဥ် စားနပ်ရိက္ခာအထောက်အပံ့များကို ဆက်လက်ပေးအပ်လျက်ရှိပြီး၊ ချင်း၊ ကယား/ရှမ်းပြည်နယ်တောင်ပိုင်း နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် စားဝတ်နေရေးထိခိုက်ခဲ့ရပြီး နေရပ်စွန့်ခွာခဲ့ရသူထောင်ပေါင်းများစွာကိုလည်း ကူညီထောက်ပံ့ရန် အရေးပေါ်ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
WFP ၏အဓိကစိန်ခေါ်မှုများတွင် အကူအညီလိုအပ်နေသူများထံ အချိန်မီသွားရောက်ကူညီထောက်ပံ့ခွင့်ရရှိရေးနှင့် ပေးအပ်နေသောအထောက်အပံ့များ ရပ်တန့်မသွားရအောင် လုံလောက်သည့်အရင်းအမြစ်များ ရရှိရေးတို့ပါဝင်သည်။
ဂျပန်၊ တောင်ကိုရီးယားသမ္မတနိုင်ငံနှင့် အခြားသောအလှုရှင်များ၏ ရက်ရက်ရောရောပံ့ပိုးမှုဖြင့် WFP သည် ရန်ကုန်နှင့် မန္တလေးရှိ အဆင်းရဲဆုံးဒေသများမှ ထိခိုက်လွယ်သော လူဦးရေ (၁)သန်းခန့်ဆီသို့ အရေးပေါ်စားနပ်ရိက္ခာအထောက်အပံ့များကို လက်ဝယ်အရောက် တိုက်ရိုက်ပေးအပ်နိုင်ခဲ့ပြီဖြစ်ပါသည်။
အလုပ်လက်မဲ့ဖြစ်မှုများ တိုးပွားလာပြီး၊ စားနပ်ရိက္ခာကုန်စျေးနှုန်းများ၊ COVID-19 ၏ သက်ရောက်မှုနှင့် အကြမ်းဖက်မှုများ မြင့်တက်နေချိန်တွင် မြန်မာနိုင်ငံ၏ အထိခိုက်အလွယ်ဆုံးသောလူမှုအသိုင်းအဝိုင်းများသည် အဆိုပါရိုက်နှက်ချက်များကို အခံရဆုံးဖြစ်သည်။ WFP ၏ စားနပ်ရိက္ခာ အထောက်အပံ့ကိုရရှိကြသူအများစုမှာ မိခင်များ၊ ကလေးငယ်များ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများဖြစ်ကြပါသည်။