ယူနီဆက်က မင်းတပ်မြို့ရှိနေရပ်စွန့်ခွာသူများထံ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစပြီး ပထမဦးဆုံးအကြိမ် အရေးပေါ် လူသားချင်းစာနာထောက်ထားရေးအကူအညီများ ပေးပို့နိုင်ခဲ့ပါတယ်။
(လုံခြုံရေးအရ မိသားစု၏ အမည်များကို ပြောင်းလဲထားပါသည်)
ချင်းပြည်နယ်အနောက်ပိုင်းက တောင်ပေါ်မြို့ငယ်လေးတစ်မြို့ဖြစ်တဲ့ မင်းတပ်မြို့မှာ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား ပဋိပက္ခများ အရှိန်မြင့်လာချိန်မှာ ဟေမာနဲ့ သူ့မိသားစုဟာ မြို့ခံအများစုလိုပဲ အိမ်တွေကိုစွန့်ခွာထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ငါးနှစ်အရွယ် သူ့သားအငယ်ဆုံးလေး ထွန်းဟာ သေနတ်သံတွေနဲ့ ပေါက်ကွဲသံတွေ ပိုပြီးကျယ်လောင်လာချိန်မှာ အကြောက်လွန်ပြီး အငိုအရယ်မရှိ ကြက်သေသေသွားခဲ့ပါတယ်။ ဒါကြောင့် ဟေမာက သားလေးကို ကျောပိုးပြီး ကျန်တဲ့မိသားစုတွေနဲ့အတူ အိမ်အနီးက တောထဲကို တတ်နိုင်သမျှ အမြန်ဆုံး ပြေးခဲ့ရပါတယ်။
ကျန်နေခဲ့ကြတဲ့သူတွေကလဲ အားနည်းထိခိုက်လွယ်ဆုံးသူတွေဖြစ်ပြီး အများစုကတော့ သက်ကြီးရွယ်အိုတွေရယ်၊ ကိုယ်ဝန်အရင့်အမာနဲ့ အမျိုးသမီးတွေရယ်ပဲဖြစ်ပါတယ်။
“ကျွန်မယောက္ခမကြီးက ကျွန်မတို့နဲ့အတူ ပြေးလို့ရပေမဲ့ သူကမပြေးချင်ဘူး၊ သူ့အိမ်မှာပဲနေခဲ့ချင်တယ်လို့ပြောတယ်” လို့ ဟေမာက ပြောပြပါတယ်။"
အခြားထောင်ပေါင်းများစွာသောလူတွေလိုပဲ ဟေမာနဲ့ ခင်ပွန်းဖြစ်သူက တောထဲမှာ သူတို့ကလေးသုံးယောက်အတွက် ယာယီတဲလေးတစ်ခုဆောက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့သည့်အချိန်မှ စကာစ မုတ်သုန်မိုးအတွက်တော့ အကာအကွယ်က မလုံလောက်ပါဘူး။ ကံကောင်းတာက နှစ်ပတ် သုံးပတ်ကြာပြီးနောက်မှာ ဟေမာတို့မိသားစု အနီးအနားရွာတစ်ရွာက မိတ်ဆွေတစ်ဦးရဲ့အိမ်မှာ ခိုလှုံခွင့်ရခဲ့တာပဲဖြစ်ပါတယ်။
ပဋိပက္ခနဲ့ ကပ်ဘေးများကြားမှပင် လူသားချင်းစာနာထောက်ထားရေး အကူအညီများ ရောက်ရှိ
မင်းတပ်မြို့မှာ မာရှယ်လောအမိန့်ကြေညာထားပြီး လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို ဒီဒေသမှာ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ တတိယလှိုင်း ရိုက်ခတ်တဲ့ဒဏ်ကိုလည်း ခံခဲ့ရပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေးအစီရင်ခံစာအရ မြန်မာနိုင်ငံက လူပေါင်း သုံးသန်းခန့်နီးပါးက အကူအညီလိုအပ်မယ်လို့ မှန်းဆထားပါတယ်။ မင်းတပ်မြို့ဟာ မြန်မာနိုင်ငံက အဆိုးဝါးဆုံး ထိခိုက်ခံရတဲ့နေရာတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါဟာ ဟေမာတို့မိသားစုလိုပဲ အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့ မိသားစုတွေ အများကြီးရှိနေတယ်ဆိုတာကို ပြနေပါတယ်။
သြဂုတ်လထဲမှာ ယူနီဆက်က မင်းတပ်မြို့ရှိ စစ်ရှောင်စခန်း ၁၀ ခုရှိ နေရပ်စွန့်ခွာသူများထံ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှစပြီး ပထမဦးဆုံးအကြိမ်အဖြစ် အရေးပေါ် လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးပို့နိုင်ခဲ့ပါတယ်။ ယူနီဆက်က ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် ဘက်စုံအနုအာဟာရဆေးပြားများ၊ အသက် ငါးနှစ်အောက်ကလေးတွေအတွက် လေးလစာ အနုအာဟာရမှုန့်အထုပ်ငယ်များ၊ ၁၀ လီတာနဲ့ လီတာ ၂၀ ဆန့် ပလတ်စတစ်ရေပုံးများနဲ့ ရေသန့်ဆေးအထုပ်ငယ်များ ပါဝင်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ ကလေးငယ်များနဲ့ ဆယ်ကျော်သက်လူငယ်များအတွက် ကလေးသူငယ်များအား အကာအကွယ်ပေးခြင်းနှင့် အစောပိုင်းကလေးဘဝအရွယ်ဆိုင်ရာ ပညာရေးပစ္စည်းများ၊ စာရေးကိရိယာများနဲ့ ကစားစရာများ စတဲ့ အရေးပါတဲ့ ပံ့ပိုးရေးပစ္စည်းများကို ဖြန့်ဝေပေးခဲ့ပါတယ်။
ယူနီဆက်က နောက်ထပ်စစ်ဘေးရှောင်စခန်းများထံ အကူအညီများပေးနိုင်ဖို့ မျှော်လင့်ထားခဲ့ပေမဲ့ ဆက်လက်ဖြစ်ပေါ်နေတဲ့ အခက်အခဲများစွာကြောင့် မရောက်ရှိနိုင်ခဲ့ပါဘူး။ ဒါပေမဲ့လည်း အခြေခံအကျဆုံး ဝန်ဆောင်မှုတွေကိုတောင် မရရှိဘဲ စစ်ရှောင်စခန်းတွေမှာ ယာယီနေထိုင်နေကြရသူ ကလေးများစွာနဲ့ မိသားစုတွေအတွက် အကူအညီများပေးနိုင်ရန် ယူနီဆက်က မရပ်မနား ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အနာဂါတ်ကာလမှာ ဘာတွေဖြစ်လာမှာလဲ..?
“ကျွန်မတို့ ဒီအခြေအနေမှာ ဆက်နေမယ်ဆိုရင် ကျွန်မကလေးတွေ ဘယ်လိုကြီးပြင်းလာရမှာလဲ ကျွန်မတို့အနာဂတ်အတွက် သိပ်စိတ်ပူတယ်၊ ကျွန်မ အေးအေးချမ်းချမ်းလေးပဲ နေချင်တာပါ။”
ဟေမာတို့မိသားစု မင်းတပ်မြို့ကနေ စွန့်ခွာထွက်ပြေးလာတာ နှစ်ပါတ်ကျော်ကာလကိုရောက်လာပါပြီ။ မြို့ထဲမှာကျန်ခဲ့တဲ့ ယောက္ခမဖြစ်သူကို စိုးရိမ်တဲ့အတွက် ကလေးသုံးယောက်နဲ့အတူ မင်းတပ်ကိုပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဟေမာ့ရဲ့ အငယ်ဆုံးသားလေးဖြစ်တဲ့ ထွန်းက သူတို့ဇာတိမြို့ကိုပြန်ဝင်လာချိန်မှာပဲ အကြောက်လွန်ပြီး တုန်လှုပ်သွားခဲ့ပါတယ်။ အခုကတော့ သူရဲ့ စိတ်ဒဏ်ရာကို ကျော်ဖြတ်နိုင်တဲ့ လက္ခဏာတွေကို ပြသလာပြီး အရင်ကလို ပျော်ပျော်နေတတ်တဲ့ကလေးလေး ပြန်ဖြစ်လာပါပြီလို့ ဟေမာက ပြောပြပါတယ်။
ထွန်းရဲ့ ကောင်းတဲ့ပြောင်းလဲမှုတွေအတွက် ဟေမာက ပျော်ပေမယ့် ဒီအခြေအနေကဘယ်လောက်ထိ ကြာမလဲဆိုတာ သူသေချာမသိဘူးလို့ ဖြည့်စွက်ပြောပါတယ်။ မင်းတပ်က ကလေးအများစုလိုပဲ သူ့ရဲ့နောက်ကလေးနှစ်ယောက်ဖြစ်တဲ့ အသက် ၁၂ နှစ်နဲ့ ၁၇ နှစ်အရွယ် ကလေးနှစ်ယောက်က ကျောင်းမတက်ရတာ နှစ်နှစ်နီးပါးရှိနေပါပြီ။ အစကတော့ ကပ်ရောဂါကြောင့် သူတို့အိမ်ပြန်လာကြတာပါ၊ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လုံခြုံရေးအခြေအနေ ခြိမ်းခြောက်မှုတွေကြောင့်ဖြစ်ပါတယ်။
“ကျွန်မတို့ ဒီအခြေအနေမှာ ဆက်နေမယ်ဆိုရင် ကျွန်မကလေးတွေ ဘယ်လိုကြီးပြင်းလာရမှာလဲ” လို့ စိုးရိမ်ပူပန်စွာနဲ့ ဟေမာက မေးခဲ့ပါတယ်။ “ကျွန်မတို့အနာဂတ်အတွက် သိပ်စိတ်ပူတယ်၊ ကျွန်မ အေးအေးချမ်းချမ်းလေးပဲ နေချင်တာပါ။” လို့ မြန်မာနိုင်ငံက မိခင်အများစုရဲ့ သောကတွေကို ထင်ဟပ်အောင်ပြောပြသွားပါတယ်။