မြန်မာ - ရေဘေးကြောင့် သောင်တင်ပြီး ရွှေ့ပြောင်းနေထိုင်နေကြရသူ လူထောင်ပေါင်းများစွာ ယူနီဆက်ထံမှ အထောက်အပံ့များလက်ခံရရှိ
ယူနီဆက်က ရေဘေးသင့်ပြည်သူတွေထံ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့နိုင်ဖို့အတွက် ဒေသခံ NGO မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ကိုင်လျှက်ရှိပါတယ်။
ယခုနှစ်ရဲ့ ဆိုးရွားလှတဲ့ မုတ်သုန်ရာသီအတွင်း မြန်မာနိုင်ငံရဲ့ နေရာအချို့မှာ ရေအမြင့်ခြောက်ပေ[နှစ်မီတာ]ခန့်အထိ မြင့်တက်ခဲ့ပါတယ်။ သည်းထန်စွာရွာသွန်းနေတဲ့မိုးက အိမ်တွေကို အဆက်မပြတ် ရိုက်ခတ်ပြီး ရေမျက်နှာပြင် စပြီးမြင့်တက်လာချိန်မှာတော့ မိဆာဇိုင်ရဲ့ စိုးရိမ်စိတ်တွေ တဟုန်ထိုးမြင့်တက်လာပါတော့တယ်။
မရပ်မနား အညှာအတာကင်းမဲ့စွာ ရွာသွန်းနေတဲ့မိုးကြောင့် အသက် ၂၁ နှစ်အရွယ် မိဆာဇိုင်နဲ့ ကလေးငယ်လေးယောက်ပါဝင်တဲ့ အခြားမိသားစုဝင် ကိုးဦးတို့ဟာ မွန်ပြည်နယ်တောင်ပိုင်း ကျိုက်မရောမြို့နယ်က သူတို့ရဲ့ သစ်သားအိမ်အပေါ်ထပ်မှာ နှစ်ပတ်ခန့်သောင်တင်နေခဲ့ပါတယ်။
“ကျွန်မတို့အိမ် မြုပ်သွားတော့မလားလို့ ကျွန်မအရမ်းကြောက်နေခဲ့တာ” လို့ သူမကဆိုပါတယ်။ “ပြီးတော့ မြေပြိုမှာကိုလည်း ကြောက်နေခဲ့ရတယ်။”
ယခုနှစ်အစောပိုင်းက သူမကျောင်းမှာ မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူတစ်ယောက်သေဆုံးခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကလည်း အနီးအနားရွာတစ်ခုမှာ ဒီလိုမိုးသည်းထန်စွာ ရွာသွန်းပြီးနောက်မှာ ဧရာမမြေပြိုမှုကြီးတစ်ခုဖြစ်ခဲ့တဲ့အတွက် လူပေါင်း ၆၀ ခန့်သေဆုံးခဲ့ရတာကိုလည်း ပြန်အမှတ်ရမိနေပါတယ်။
“ကျန်းမာရေးမကောင်းတဲ့ ကျွန်မအမေအတွက် သူ့ဆေးတွေပြတ်သွားမလား၊ ပြီးတော့ ကျွန်မတို့အားလုံးအတွက် စားစရာပြတ်သွားမလားလို့လည်း ကျွန်မတွေးပူခဲ့ရတယ်။” တစ်မိသားစုလုံး ပစ္စည်းတွေကို ဒုတိယထပ်ကိုရွှေ့ခဲ့ကြရတယ်၊ တစ်နေ့ကို ထမင်းသုံးနပ်မစားတော့ဘဲ နှစ်နပ်စာပဲ လျှော့စားခဲ့ကြရတယ်၊ ရေသောက်ဖို့ မိုးရေခံပြီး ကျိုသောက်ရင်း ခက်ခက်ခဲခဲ ကြိုးစားနေခဲ့ကြရတာဖြစ်ပါတယ်။
“စိတ်မပူတဲ့သူဆိုလို့ သုံးနှစ်အရွယ် ကျွန်မတူမလေးပဲရှိတယ်၊ ကံကောင်းစွာနဲ့ပဲ သူက ဘာတွေဖြစ်နေမှန်းမသိခဲ့ဘူး” လို့ မိဆာဇိုင်က ပြောပြပါတယ်။
မုတ်သုန်ရာသီ - နောက်ထပ်ကြောက်မက်ဖွယ်ရာ စိန်ခေါ်မှုတစ်ခု
ဇူလိုင်လ ၂၅ ရက်ကစပြီး မြန်မာနိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်း၊ ရခိုင်ပြည်နယ် အနောက်ပိုင်းက မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေကြောင့် အိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့ရပါတယ်။ ကိုဗစ်-၁၉ တတိယလှိုင်းအပြင် စစ်တပ်နဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြင်းထန်တဲ့ ထိပ်တိုက်တွေ့မှုတွေအကြား သည်းထန်တဲ့မိုးကပါ ဝင်ရောက်လာခဲ့ပါတယ်။
ယူနီဆက်က ရေဘေးသင့်ပြည်သူတွေထံ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့နိုင်ဖို့အတွက် ဒေသခံ NGO မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ကိုင်လျှက်ရှိပါတယ်။ ဥပမာ မိဆာဇိုင်ရဲ့ ကျေးရွာမှာ ဒေသခံ NGO တစ်ခုဖြစ်တဲ့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနဲ့ ယူနီဆက်က လက်တွဲဆောင်ရွက်ခဲ့ပါတယ်။
အသင်းရဲ့ ဒါရိုက်တာဖြစ်တဲ့ ဟုန်ဆာထောက သောင်တင်နေတဲ့အိမ်ထောင်စုတွေဆီရောက်ဖို့ လှေတွေကို အသုံးပြုခဲ့တယ်။ ဘုန်းတော်ကြီးကျောင်းတွေရဲ့ မြေမြင့်ရာနေရာတွေမှာ ခိုလှုံနေကြသူတွေဆီကို အဖွဲ့များဖွဲ့ပြီး ရေသန့်အထုပ်ငယ်တွေ၊ ဆပ်ပြာ၊ ပိုးသတ်ဆေး၊ ရေပုံး၊ သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ ဖိနပ်တွေအပါအဝင် ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့ပေးခဲ့ပါတယ်လို့ ရှင်းပြပါတယ်။ ယူနီဆက်ရဲ့ပံ့ပိုးမှုနဲ့ ဒီကယ်ဆယ်ရေးပစ္စည်းတွေဟာ မိဆာဇိုင်ရဲ့ မိသားစုအပါအဝင် ရေဘေးသင့်ပြည်သူ ၂,၀၀၀ ကျော်ထံ ရောက်ရှိခဲ့ပါတယ်။ “ဒီလိုအကူအညီတွေရရှိတဲ့အတွက် ကျွန်မတို့သိပ်ကျေးဇူးတင်ပါတယ်” လို့ သူကဆိုပါတယ်။
မုတ်သုန်ရာသီ ရေကြီးရေလျှံမှုက နှစ်တိုင်းဖြစ်တတ်ပေမဲ့ ဟောင်ဆာက အခုဒီရာသီကတော့ သူ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းမှာ စလုပ်ခဲ့တဲ့ ၁၅ နှစ်တာအတောအတွင်းမှာတော့ အခက်ခဲဆုံးဆိုတာ သက်သေပြလိုက်တာပဲ။ “ကျွန်မတို့ စွန့်စားလုပ်ဆောင်နေကြရတယ် - ကိုဗစ်-၁၉ ကြောင့် ကျန်းမာရေးအန္တရာယ်တွေရော လုံခြုံရေးအခြေအနေတွေကြောင့် ဘေးကင်းလုံခြုံမှုအန္တရာယ်တွေပါ ရှိနေတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ကြိုးပမ်းမှုတွေကို ပံ့ပိုးပေးတဲ့အတွက် ယူနီဆက်ကို သိပ်ကျေးဇူးတင်ပါတယ်” လို့ သူကပြောပြပါတယ်။
ဟုန်ဆာက သူတို့နယ်မြေက ကျန်းမာရေးဝန်ဆောင်မှုတွေဟာ အလွန်အမင်း ကန့်သတ်ခံထားရတဲ့အတွက် မိခင်လောင်းတွေနဲ့ နာမကျန်းဖြစ်နေသူတွေအတွက် အထူးစိုးရိမ်မိတယ်လို့ ဆိုပါတယ်။ ရေကကျသွားတဲ့တိုင်အောင် ထူထဲတဲ့ရွှံ့ညွန်တွေကျန်ရစ်ခဲ့ပြီး မိလ္လာအညစ်အကြေးတွေလည်း လျှံထွက်ကျန်နေခဲ့ပါတယ်။ လူအတော်များများက အထူးသဖြင့် အမျိုးသမီးတွေက ခြေဗလာနဲ့ လမ်းလျှောက်သွားနေကြရတဲ့အတွက် ဝမ်းရောဂါလို ခြေဖဝါးကူးစက်နာလို ရေကြောင့်ဖြစ်တဲ့ ရောဂါတွေဖြစ်ပွားဖို့ အန္တရာယ်များလှပါတယ်။
“နောက်ထပ် ထောက်ပံ့ရေးပစ္စည်းတွေ လိုအပ်နေတုန်းပါပဲ၊ အထူးသဖြင့် ဆေးပစ္စည်းတွေနဲ့ ရိက္ခာတွေအပြင် ရေဘေးသင့်အသိုက်အဝန်းအတွက် ကျန်းမာရေးပညာပေးလုပ်ငန်းတွေ လိုအပ်ပါတယ်” လို့ ဟုန်ဆာက ပြောပါတယ်။
ခြိမ်းခြောက်ခံနေရတဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ
လူပေါင်းများစွာရဲ့ အသက်မွေးလုပ်ငန်းတွေ ဆုံးရှုံးခဲ့ရပါတယ်။ အထူးသဖြင့် အခုချိန်မှာ ရေလွှမ်းသွားပြီဖြစ်တဲ့ စပါးစိုက်ခင်းတွေမှာ အလုပ်လုပ်တဲ့ နေ့စားအလုပ်သမားတွေဖြစ်ပါတယ်။ ကိုဗစ်-၁၉ ခရီးသွားကန့်သတ်ချက်တွေနဲ့ လုံခြုံရေးအစီအမံတွေကြောင့် သူတို့အနေနဲ့ တခြားနေရာတွေမှာ အလုပ်သွားရှာဖို့လည်း မဖြစ်နိုင်ပါဘူး။
ဟုန်ဆာက လူအတော်များများက မိသားစုစားဝတ်နေရေးအတွက် ငွေတိုးချေးစားသူတွေဆီက ချေးငှားနေကြရပါတယ်။ “သူတို့က သုံးလကို ၇ ကျပ်တိုးနဲ့ ချေးကြတယ်။ မပေးနိုင်ရင် နောက်ထပ်တိုးရင်းပေါင်းနဲ့ ထပ်ချေးကြတယ်။ သူတို့က ရက်စက်လှတဲ့အကြွေးသံသရာထဲ ပိတ်မိနေကြပြီ” လို့ဆိုပါတယ်။
ယူနီဆက်က လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ ဆက်လက်ပေးနေပါတယ်။ လတ်တလောမှာ ယူနီဆက်က လူပေါင်း ၂၅,၀၀၀ အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း ၅,၀၀၀၊ လူပေါင်း ၃၀,၆၅၀ အတွက် ရှေးဦးသူနာပြုပစ္စည်း ၂၀၀ နဲ့ လူပေါင်း ၁၈,၂၄၀ အတွက် ရေသန့်မှုန့်တွေကို အခြားပြည်နယ်တွေဆီ အဖွဲ့ပေါင်း ၂၀ နဲ့စေလွှတ်ပေးပို့ပြီးဖြစ်ပါတယ်။ ကုလသဂ္ဂတာဝန်ရှိသူများက စုစုပေါင်းအနေဖြင့် မြန်မာနိုင်ငံမှာ လူပေါင်းသုံးသန်းနီးပါးခန့် အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ အကြံပြုထားပါတယ်။
ဒီအတောအတွင်းမှာ မိဆာဇိုင်တို့ ရပ်ရွာလူထုဆီ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ဆက်လက်ပေးပို့လျှက်ရှိပါတယ်။
“ကျွန်တော်တို့ ဘယ်လိုအန္တရာယ်၊ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံနေပါစေ များစွာလိုအပ်နေကြတဲ့ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေကို ဆက်ပြီးပံ့ပိုးပေးသွားမှာပါ” လို့ ယူနီဆက်မှ အရာရှိတစ်ဦးဖြစ်သူ ဦးရဲမင်းအောင်က ဆိုပါတယ်။ “ကျွန်တော်တို့ရဲ့ လူမှုအသိုက်အဝန်းကို ကူညီဖို့အတွက် ကျွန်တော် ကျွမ်းကျင်တဲ့ပညာကို အသုံးချချင်ပါတယ်။”
မိဆာဇိုင်က သူလုပ်နိုင်တဲ့အပိုင်းကို လုပ်နိုင်ဖို့အတွက် နည်းလမ်းရှာဖွေဖို့လည်း ဆုံးဖြတ်ထားပါတယ်။ ပထဝီမေဂျာကျောင်းသူတစ်ဦးအနေနဲ့ သူက ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုတွေကို လေ့လာနေပါတယ်။ “ဒီလိုတွေထပ်မဖြစ်ဖို့ ကျွန်မတို့ဘယ်လိုတားဆီးနိုင်မလဲဆိုတာ သိရှိဖို့အတွက် ရာသီဥတုပြောင်းလဲမှုအကြောင်း ကျွန်မသုတေသနလုပ်ချင်ပါတယ်” လို့ သူမက စိတ်ထက်သန်စွာ ပြောပြပါတယ်။