ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက လှိုင်သာယာနဲ့ အခြားဒေသတွေက အားနည်းထိခိုက်လွယ်တဲ့ မိသားစုတွေဆီ သန့်ရှင်းစိတ်ချရတဲ့ ရေသန့်ဘူးတွေကို ဖြန့်ဝေပေးလျှက်ရှိပါတယ်။
ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခု တည်ဆောက်ဖို့အတွက် အသက် ၃၉ နှစ်အရွယ် မဆွေမာက ခင်ပွန်းဖြစ်သူရယ် သားသမီးလေးယောက်ရယ်နဲ့အတူ ဇာတိရပ်ရွာ ဧရာဝတီတိုင်းကနေ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့ကို တက်လာခဲ့ချိန်မှာ စားဝတ်နေရေးကို ဖြည့်ဆည်းနိုင်ဖို့ ရုန်းကန်ခဲ့ကြရပါတယ်။ ခင်ပွန်းဖြစ်သူက အလုပ်ရှာမရတဲ့အတွက် အလုပ်ရှာဖို့ ဇာတိကို ပြန်သွားခဲ့ရပါတယ်။
မဆွေမာကတော့ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာပဲ ခက်ခက်ခဲခဲ အသက်မွေးဝမ်းကျောင်းရင်း ကျန်နေရစ်ခဲ့ပါတယ်။ ဆောက်လုပ်ရေးဆိုက်တစ်ခုရဲ့ မီးဖိုဆောင်တစ်ခုဖြစ်ခဲ့ဖူးတဲ့ အိမ်သေးသေးလေးထဲမှာ မဆွေမာရယ် သူ့မိသားစုရယ် နေထိုင်ကြပါတယ်။ ကိုယ်ပိုင်အိမ်သာရယ်လို့လည်း မရှိကြဘဲ အနီးအနားကအိမ်မှာ နေကြတဲ့ မဆွေမာရဲ့ မိဘတွေနဲအတူ မျှသုံးကြရပါတယ်။
မဆွေမာက ရေခဲခြစ်ရောင်းပြီး အသက်မွေးပါတယ်။ ဈေးရောင်းကောင်းတဲ့နေ့တွေမှာ မြန်မာငွေ ၆၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၃ ဒေါ်လာ)ဖိုးလောက်အထိ ဝင်ငွေရတတ်ပါတယ်။ ဒီငွေရယ်၊ အကြီးဆုံးသားဖြစ်တဲ့ ၁၆ နှစ်အရွယ် မောင်ချစ်နိုင်ရဲ့ အိမ်အနီးက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဝင်လုပ်ရင်း ရရှိတဲ့ဝင်ငွေရယ် ပေါင်းရင်တောင်မှ မိသားစုရဲ့ အခြေခံစားဝတ်နေရေးစရိတ်ကို ကာမိရုံလောက်ပဲရှိပါတယ်။ မိသားစုထဲမှာ ကောင်းဆက် ၁၂ နှစ်၊ ဇွဲထက် ၆ နှစ်နဲ့ ၁၈ လအရွယ် ကြယ်စင်ဆိုတဲ့ အငယ်လေးသုံးယောက်လည်း ရှိပါသေးတယ်။
လတ်တလောဖြစ်ပွားနေတဲ့ ပဋိပက္ခကာလအတွင်းမှာ မဆွေမာ အဓိကပူပန်ရတာတစ်ခုကတော့ မိသားစုအတွက် သန့်ရှင်းတဲ့ရေရရှိဖို့ပါ။ မကြာခင်ကအထိ သူ့ရဲ့တစ်ခုတည်းသောရွေးချယ်စရာက ရပ်ကွက်ထဲမှာ လိုက်ရောင်းတဲ့ ရေစည်လှည်းတွေဆီက ဝယ်ယူရတာပဲဖြစ်ပါတယ်။ ရေဝယ်တဲ့ အခါခဲ ရေဘူးနဲ့မဟုတ်လို့ မဆွေမာက အိမ်မှာအလွယ်ရှိတဲ့ ပုံးတွေကို ပဲ ရေထည့်ဖို့အတွက်သုံးရပါတယ်။ ရေကသောက်ဖို့အတွက် တကယ်ပဲ သန့်ရှင်းရဲ့လား ဘေးကင်းရဲ့လားဆိုတာတော့ သူသေချာမသိပါဘူး။ “တစ်ခါတလေ ရေကိုမသုံးခင် ရေစစ်နဲ့စစ်ပါတယ်” လို့ သူကပြောပါတယ်။ ချက်ပြုတ်ဖို့နဲ့ သောက်သုံးဖို့အတွက် ရေဖိုးက တစ်လကို ၄၀၀၀ ကျပ်နီးပါးကုန်ကျပြီး မဆွေမာတို့မိသားစုအတွက် သိသာတဲ့ ကုန်ကျစရိတ်တစ်ခုဖြစ်ပါတယ်။
သန့်ရှင်းတဲ့ရေကို အိမ်တံခါးဝအထိ ပို့ဆောင်ပေးခြင်း
မဆွေမာနဲ့ သူ့မိသားစုရင်ဆိုင်နေရတဲ့ အခက်အခဲတွေဟာ ရန်ကုန်မြို့ရဲ့ အချို့ငဲ့ဆုံးဒေသတွေမှာ နေထိုင်နေကြသူအများစုအတွက် ကြုံတွေ့နေကျ အခက်အခဲတွေပဲဖြစ်ပါတယ်။ ဒီခရိုင်တွေထဲက အိမ်ထောင်စုတွေရဲ့ ၁၆.၃ ရာခိုင်နှုန်းနီးပါးမှာ သောက်သုံးဖို့၊ ချက်ပြုတ်လျှော်ဖွပ်ဖို့နဲ့ အိမ်သာအတွက်အသုံးပြုဖို့ ရေအလုံအလောက် မရှိကြပါဘူး။ ဒါက ကာလဝမ်းရောဂါနဲ့ အူရောင်ငန်းဖျားလို ရေကြောင့်ဖြစ်တဲ့ရောဂါတွေအပြင် ကိုဗစ်-၁၉ ရောဂါလိုဆိုးရွားတဲ့ အန္တရာယ်တွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းပေးတဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်ရှိတဲ့ မိသားစုတွေကို ဦးစားပေးအဖြစ်သတ်မှတ်ပြီး လှိုင်သာယာနဲ့ အခြားဒေသတွေက အားနည်းထိခိုက်လွယ်တဲ့ မိသားစုတွေဆီ သန့်ရှင်းစိတ်ချရတဲ့ ရေသန့်ဘူးတွေကို ဖြန့်ဝေပေးလျှက်ရှိပါတယ်။
“လီတာ ၂၀ ဆန့် ရေသန့်ဘူးကြီး နှစ်ဘူးကို နှစ်ရက်တစ်ခါ ကျွန်မတို့အိမ်ရှေ့အရောက်ပို့ပေးပါတယ်။ ကျွန်မရေစစ်ဖို့လည်း မလိုတော့သလို ကျွန်မတို့ပုံးတွေလည်း ပေးဖို့မလိုတော့ဘူး။ ရေဘူးထဲကနေ တိုက်ရိုက်သောက်လို့ရပြီ” လို့ မဆွေမာက ပြောပါတယ်။ “ချက်ပြုတ်ဖို့အတွက် မိုးရေခံထားတာကြောင့် ကျွန်မက ဒီရေကို သောက်ရေသီးသန့်အတွက်ပဲ သုံးပါတယ်။ အခု ကျွန်မမှာ အပိုဝင်ငွေရှိလာပြီ။”
သန့်ရှင်းတဲ့ရေက သိသာတဲ့ ကွဲပြားခြားနားမှုကို ဖန်တီးပေးပါတယ်
ရေပေးဝေရာမှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေနဲ့ လုံခြုံရေးအန္တရာယ်တွေအပါအဝင် အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ကြရပေမဲ့ ဒီလိုကြိုးပမ်းဆောင်ရွက်မှုတွေရဲ့ အကျိုးသက်ရောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ခံစားကြရပြီး ကျေးဇူးတင်ဝမ်းမြောက်နေကြပါတယ်။
အခုချိန်အထိ မဆွေမာတို့လို လူပေါင်း ၅၀,၀၀၀ ခန့်ဟာ ယူနီဆက်ရဲ့ ပံ့ပိုးမှုကတစ်ဆင့် အကျိုးကျေးဇူးတွေ ခံစားခွင့် ရရှိနေပြီဖြစ်ပါတယ်။
ယူနီဆက်က ရေပြတ်လပ်မှုကြုံတွေ့နေရတဲ့ ရပ်ရွာလူထုတွေဆီ ပိုမိုပြီး ရေပေးဝေနိုင်ဖို့၊ ရေပေးဝေရေးစနစ်တွေကို ပြန်လည်မွမ်းမံဖို့၊ ရေသန့်စင်စနစ်နဲ့ ဖြန့်ဖြူးရေးစနစ်တွေ တပ်ဆင်ဖို့အတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်ဖို့အပြင် သန့်ရှင်းရေးကို စနစ်တကျမှန်မှန်ကန်ကန်လုပ်ဆောင်ဖို့ အရေးပါပုံနဲ့ပတ်သက်ပြီး လူအများ ပိုမိုသိရှိလာစေဖို့ ဆက်လက် အားပေးမြှင့်တင်သွားဖို့အတွက်လည်း စီစဉ်ဆောင်ရွက်လျှက်ရှိပါတယ်။