ဒေသခံလူမှုအဖွဲ့အစည်းများမှ မြန်မာနိုင်ငံရှိ အသစ်တိုးပွားလာသော နေရပ်စွန့်ခွာတိမ်းရှောင်သူများအား အရေးပါသော အကူအညီများ ထောက်ပံ့
အကြမ်းဖက်မှုများကြောင့် နေအိမ်မှထွက်ပြေးတိမ်းရှောင်နေရသူ ၂၀၀,၀၀၀ခန့်ကိုကူညီရန် UNHCR သည် ဒေသခံများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
လက်နက်ကိုင် ပဋိပက္ခများသည် ၂၇နှစ်အရွယ် မနွေးနွေးဌေးအတွက် အသစ်အဆန်း မဟုတ်တော့ခြင်းသည် ဝမ်းနည်းစရာကောင်းလှသည်။ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် နေထိုင်သော ရခိုင်တိုင်းရင်းသား အမျိုးသမီးတစ်ဉီးအနေဖြင့် တပ်မတော်ဟုလူသိများသော မြန်မာလက်နက်ကိုင်အဖွဲ့နှင့် သူမ၏ ဇာတိပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများကြောင့် အမြောက်သံနှင့် သေနတ်သံများအား အကျွမ်းတဝင် ဖြစ်လာခဲ့သည်။ လုံခြုံရေးသည် သူမအမြဲတမ်းစိတ်ပူနေရသော အရာတစ်ခု ဖြစ်သည်။
“သေနတ်သံတွေကို ကျွန်မ မစိမ်းတော့ပေမယ့် အကြောက်တရားကတော့ အမြဲတမ်း ရှိနေပါတယ်”ဟု သူမပြောခဲ့သည်။ “မနှစ်က ကျွန်မ ရခိုင်ကို ကလေးမွေးဖို့ ပြန်လာတော့ မွေးမယ့် ဆေးရုံနားမှာ တိုက်ပွဲ ဖြစ်နေတယ်၊ ပေါက်ကွဲသံတွေက ပိုပြီးတော့ စိတ်ဖိစီးစေတယ်”
သူမ၏ သားကလေး မွေးပြီးနောက် မနွေးနွေးဌေးသည် သူမ၏ ကချင်လူမျိုး အမျိုးသားနှင့်အတူ နှစ်နှစ်ကြာနေထိုင်ခဲ့သည့် အိန္ဒိယနှင့်တရုတ်နိုင်ငံကြားရှိ တောင်တန်းဒေသတစ်ခုဖြစ်သော ကချင်ပြည်နယ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ သူတို့လင်မယားနှစ်ဉီးသည် ရွာသားအနည်းငယ်နှင့်အတူ အင်ဂျန်းယန်မြို့နယ်တွင် လိမ္မော်သီးများ စိုက်ပျိုးရင်း ဝမ်းစာရှာခဲ့သည်။
မနွေးနွေးဌေးသည် ပိုမိုငြိမ်းချမ်းသောဘဝတွင် နေထိုင်နိုင်ရန် မျှော်လင့်ချက်ဖြင့် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ မြောက်ဘက်ဆုံးပြည်နယ်၏ ကျေးလက်ဒေသသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ ကချင်ပြည်နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ ပဋိပက္ခများ ရှိနေသေးသော်လည်း ငြိမ်းချမ်းရေးအတွက် အလားအလာ ကောင်းများ ရှိနေခဲ့သည်။ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား စေ့စပ်ညှိနှိုင်းမှုများလည်း အရှိန်အဟုန် မြင့်တက်နေခဲ့သည်။ ၂၀၁၈ ခုနှစ် နောက်ပိုင်းတွင် အဓိကတင်းမာမှုများ ပြီးဆုံးခဲ့ပြီး အသေးစားတိုက်ပွဲများသည်လည်း ၂၀၂၀ နှစ်ကုန်ပိုင်းတွင် သိသိသာသာ လျော့နည်းသွားခဲ့သည်။
“သေနတ်သံတွေကို ကျွန်မ မစိမ်းတော့ပေမယ့် အကြောက်တရားကတော့ အမြဲတမ်း ရှိနေပါတယ်”
၂၀၂၁ခုနှစ်တွင် အရာအားလုံး ပြောင်းလဲသွားခဲ့ပါသည်။ ဖေဖော်ဝါရီ ၁ရက်နေ့၊ စစ်တပ်အာဏာလွှဲပြောင်းယူပြီးနောက်ပိုင်း မြန်မာနိုင်ငံဒေသအနှံ့တွင် တိုက်ပွဲများ ပိုမိုပျံ့နှံ့လာပြီး ပြင်းထန်လာခဲ့သည်။ ကချင်ပြည်နယ်တွင် မကြာခဏ ပြင်းထန်သောတိုက်ပွဲများ၊ လေကြောင်း တိုက်ခိုက်မှုများနှင့်အတူ အကြမ်းဖက်မှုများ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
မနွေးနွေးဌေးသည် လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံအနှံ့ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ လူ ၂၀၀,၀၀၀ ခန့်အနက်မှ တစ်ဦးဖြစ်သည်။ မတ်လလယ် နေသာသောနေ့တစ်နေ့ တောင်ကုန်းများကြား သေနတ်သံများကြားရသည့်အချိန်တွင် သူမသည် သူမ၏သားလေးနှင့်အတူ နေအိမ်တွင်ရှိနေခဲ့သည်။ ရခိုင်ပြည်နယ်တွင်လည်း အလားတူဖြစ်ရပ်များ ကြုံတွေ့ခဲ့ရဖူးသောကြောင့် မနွေးနွေးဌေးသည် သူမအိမ်အတွင်း လုံခြုံသည့်နေရာတွင် နေရမည်ဟု အလိုလိုသိနေခဲ့သည်။ ခဏအကြာတွင် သူမ၏ ခင်ပွန်းသည် တံခါးဖွင့်ပြီး အိမ်ကိုစွန့်ခွာရန် ပြောသည်။ တိုက်ပွဲက ပိုမိုနီးကပ်လာနေပြီဖြစ်သည်။
မနွေးနွေးဌေး နေအိမ်အပြင်သို့ ထွက်ခွာသည့်အချိန်တွင် ရွာ၌ တစ်ဉီးမှ မကျန်တော့ဘဲ သူတို့သည် နောက်ဆုံးထွက်ခွာသူများ ဖြစ်ကြသည်။ ထွက်ပြေးတိမ်းရှောင်နေစဉ် သူမ၏ စိုးရိမ်ပူပန်မှုသည် ပိုမို တိုးပွားလာခဲ့သည်။ “ကျွန်မတို့နဲ့ တွေ့တဲ့ စစ်သားတစ်ယောက်က တပ်မတော်နဲ့ KIA အပြန်အလှန် ပစ်နေကြတယ်၊ အဲဒီဒေသက မြေမြှုပ်မိုင်းတွေကို သတိထားဖို့ပြောတယ်၊ ခြေတစ်လှမ်းချတိုင်း ဘယ်အချိန် အသက်ပါသွားမလဲလို့ စိုးရိမ်ခဲ့ရတယ်” ဟု သူမက ပြန်ပြောသည်။
သူမတို့မိသားစု မလိခမြစ်ကမ်းနံဘေးသို့ ရောက်သည့်အချိန်တွင် လှေတစ်စီးက အနီးအနားရှိ လုံခြုံစိတ်ချရသောနေရာသို့ ပို့ဆောင်ပေးခဲ့သည်။ ကချင်ပြည်နယ်မြို့တော်၊ မြစ်ကြီးနားသို့ မော်တော်ဆိုင်ကယ်ဖြင့် ခရီးမဆက်မီ ထိုနေရာတွင် အခြားသော ရွာသူရွာသားများနှင့်အတူ ငါးရက်ကြာ ပုန်းအောင်းနေခဲ့ရသည်။ သူတို့ ကျောပေါ်တွင် သယ်ဆောင်နိုင်သော အရာထက် အနည်းငယ်ပိုယူပြီး၊ သူမတို့မိသားစုသည် သူမတို့ကို လက်ခံမည့် ဆွေမျိုးတစ်ယောက်ထံ ဆက်သွယ်ခဲ့သည်။
မိသားစုအထောက်အပံ့နှင့် ရပ်ရွာစည်းလုံးညီညွတ်မှု အစဉ်အလာရှိသော တိုင်းပြည်ဖြစ်သည့် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာရွေ့ပြောင်းနေထိုင်ရသူများ(IDPs) အတွက် ဆွေမျိုးများထံမှ အကူအညီရယူခြင်းသည် ဦးစားပေး ရွေးချယ်မှုတစ်ခု ဖြစ်လေ့ရှိသည်။ ဘာသာရေးဆိုင်ရာ ဆက်နွယ်မှုများသည်လည်း အကူအညီရှာဖွေသည့်နေရာတွင် အဆုံးအဖြတ်ပေးသည်။ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာပရဟိတအသင်းများနှင့်၊ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေစဉ်၊ ခရစ်ယာန်များသည်လည်း ခရစ်ယာန်အဖွဲ့အစည်းများထံမှ အကူအညီများ ရယူပြီး ဘုရားကျောင်းများတွင် ခိုလှုံရန် ချဉ်းကပ်ကြသည်။
သို့ဖြစ်၍ အိမ်ရှင်မိသားစုများနှင့် ရပ်ရွာလူထုများသည် အမိုးအကာနှင့် အစားအစာကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာအထောက်အပံ့များအပြင်၊ စိတ်ပိုင်းဆိုင်ရာအားဖြင့် အထောက်အကူပေးသော ပထမဆုံး တုံ့ပြန်သူများအဖြစ် ပါဝင်လာကြသည်။
မနွေးနွေးဌေးကိစ္စတွင်ဆိုလျှင် ဘာသာရေးဆက်နွယ်မှုအရ သူမ၏ ခင်ပွန်းသည် နှစ်ခြင်း ခရစ်ယာန်တစ်ဦး ဖြစ်သည့်အလျောက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ အကူအညီတောင်းခံခဲ့သည်။ ကချင်တိုင်းရင်းသား အများစုသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ကြပြီး၊ KBC ကဲ့သို့ ဘာသာရေး အခြေပြု အဖွဲ့အစည်းများသည် ကချင်ပြည်နယ်အတွင်းရှိ IDP များအား ထောက်ပံ့ရာတွင် အဓိကအခန်းကဏ္ဍ မှပါဝင်သည်။ အများစုမှာ IDP စခန်းများ၏ နေ့စဉ်လည်ပတ်ဆောင်ရွက်မှု အဆင်ပြေစေရန်နှင့် အသစ်ရောက်ရှိလာသူများကို ထောက်ပံ့ရန်အတွက် အရင်းအမြစ်များရှာဖွေသည့်နေရာတွင် ကူညီဆောင်ရွက်ကြသည်။
“ကျွန်တော်တို့ ရှာဖို့ လိုပါတယ်။ ဒါမှသာ ဘယ်သူမှ နောက်မှာ မကျန်ခဲ့မှာပါ”
“ဒီအဖွဲ့အစည်းတွေက လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုတွေကို ဦးဆောင်နေပြီး ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍကတော့ သူတို့ရဲ့ စွမ်းဆောင်ရည်ကို အားဖြည့်ပေးဖို့ ဖြစ်ပါတယ်။ သူတို့ကို အကောင်းဆုံး အလေ့အကျင့်များတွေနဲ့ မိတ်ဆက်ပေးပြီးတော့ သူတို့ရဲ့ ဝင်ရောက်ဆောင်ရွက်မှုတွေကို အားဖြည့်ပေးဖို့ပါ” ဟု UNHCR မြစ်ကြီးနားရုံး၏ အကြီးအကဲ Cliff Alvarico က ရှင်းပြသည်။ ၂၀၁၂ ခုနှစ်မှစ၍ UNHCR၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီသည် KBC နှင့် အခြား ဘာသာရေးအခြေပြု အဖွဲ့အစည်းများအား နေရပ်စွန့်ခွာတိမ်းရှောင်သူများကို ကူညီရန်နှင့် လျင်မြန်သောတုန့်ပြန်မှုများအား ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် အကူအညီပေးခဲ့သည်။
“IDP စခန်းတွေရဲ့ အပြင်ဘက်မှာနေတဲ့ သူတွေဟာလည်း ကျွန်တော်တို့ စောင့်ကြည့်မှု အတွင်းမှာရှိနေပြီးတော့ စခန်းတွင်းထဲမှာနေတဲ့ လူတွေလိုပဲ အကူအညီ အထောက်အပံ့တွေ ရနိုင်ပါတယ်” ဟု သူက ထပ်ပြောသည်။ “သူတို့ဘယ်နေရာမှာပဲရှိနေနေ၊ ကျွန်တော်တို့ ရှာဖို့ လိုပါတယ်။ ဒါမှသာ ဘယ်သူမှ နောက်မှာ မကျန်ခဲ့မှာပါ”
ဒုက္ခသည်စခန်းများ၏ အပြင်ဘက်ရှိ နေရပ်စွန့်ခွာတိမ်းရှောင်သူများကို အထောက်အပံ့ပေးခြင်းအား ကချင်ပြည်နယ်တွင် အထူးသဖြင့် အားစိုက်လုပ်ဆောင်ရသည်။ မြို့ပြစင်တာများရှိ လက်ရှိစခန်းများသည် မကြာသေးမီက ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ ပြန်လည်မစတင်မီ ဆယ်စုနှစ်တစ်ခုတိုင် အိုးအိမ်စွန့်ခွာထွက်ပြေးရသည့် IDP ထောင်ပေါင်းများစွာကို လက်ခံထားပြီး ဖြစ်သောကြောင့် နေရာအခက်အခဲများနှင့် ကြုံတွေ့နေရသည်။
“ပြန်စရတာ မလွယ်ဘူး”
ဆွေမျိုးများကစီစဉ်ပေးသည့် နေရာတွင် နေထိုင်နေသော်လည်း မနွေးနွေးဌေးနှင့် သူမ၏မိသားစုသည် ဒုက္ခသည်စခန်းများတွင် နေထိုင်သူများကဲ့သို့ တူညီသော အကူအညီများကို ခံစားခွင့်ရသည်။ UNHCR မှ ၎င်းတို့အား အနီးအနားရှိ IDP စခန်းတွင် မှတ်ပုံတင်ထားစေခြင်းဖြင့် အကူအညီများ ခံစားခွင့်အား သေချာစေသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများ၏ ညွန့်ပေါင်းအဖွဲ့သည် လူထုအား ပုံမှန်အစားအစာနှင့် အခြားသော အထောက်အပံ့များပေးသည်။ ဤအပိုင်းတွင် UNHCR အနေဖြင့်စောင်များ၊ ဖျာများနှင့် ခြင်ထောင်များကဲ့သို့သော အိမ်သုံးပစ္စည်းများအား အသစ်ရောက်ရှိလာသူများနှင့် မှတ်ပုံတင်ထားပြီးသူများ အားလုံးထံ ဖြန့်ဝေလျက်ရှိသည်။
မနွေးနွေးဌေးသည် လိုအပ်သော ပစ္စည်းများအား လက်ခံရရှိသောကြောင့် စိတ်သက်သာရာရသော်လည်း၊ ရှေ့တွင် ရင်ဆိုင်ရမည့် အရာများအတွက် စိုးရိမ်နေသည်။ မြစ်ကြီးနားသို့ရောက်ရှိပြီး လေးလကြာသော်လည်း ဆက်တိုက်ပေါ်ပေါက်ခဲ့သော မလုံခြုံမှုများကြောင့် မိသားစုသည် ရွာသို့မပြန်နိုင်ခဲ့ပေ။ စားဝတ်နေရေး အဆင်ပြေစေရန် အခြားနည်းလမ်းများ ရှာဖွေခဲ့သော်လည်း ငွေရေးကြေးရေး ကြပ်တည်းဆဲ ဖြစ်သည်။
“ကျွန်မယောက်ျားကတော့ သတ္တုတွင်းမှာ အလုပ်လုပ်ဖို့ ထွက်သွားပြီ။ အဲ့ဒါကလည်း ရေရှည် တည်ငြိမ်တဲ့ အလုပ်မဟုတ်ဘူး။ အနီးအနားမှာ တိုက်ပွဲဖြစ်ရင် လုပ်နေတဲ့ အလုပ်ကို ရပ်ပြီး ထွက်ပြေးရတာ” ဟု သူမ ဆိုသည်။ “ပြန်စရတာ မလွယ်ဘူး၊ ကျွန်မတို့ သီးနှံကာလတစ်ခု အလဟဿ ကုန်သွားပြီးပြီ အခု မိုးကုန်တဲ့အထိ စောင့်ရဉီးမယ်”
လတ်တလောတွင် မနွေးနွေးဌေးသည် သူမ၏ကလေးအား ပြုစုစောင့်ရှောက်ရန်သာ အာရုံထားသည်။ "ကျွန်မရဲ့ ဦးစားပေးက ကျွန်မသားလေးပဲ၊ နောက်တစ်ခါထပ်ပြေးရမယ့် အချိန်ရောက်မလာခင် သူ့ကို ပိုပြီး ကျန်းကျန်းမာမာနဲ့ သန်မာစေချင်တယ်”