MHF သည် လူသားချင်းစာနာမှုဆိုင်ရာအကူအညီနှင့် ကိုဗစ်-၁၉ရောဂါတုံ့ပြန်ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နိုင်စေရန် ဒေသခံမိတ်ဖက်များကိုကူညီပေးလျက်ရှိသည်
MHF သည် လူသားချင်းစာနာမှုဆိုင်ရာအကူအညီနှင့် ကိုဗစ်-၁၉ရောဂါတုံ့ပြန်ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နိုင်စေရန် ဒေသခံမိတ်ဖက်များကိုကူညီပေးလျက်ရှိသည်။
OCHA ကစီမံခန့်ခွဲနေသည့် နိုင်ငံတွင်းစုပေါင်းရံပုံငွေယန္တရားတခုဖြစ်သော Myanmar Humanitarian Fund (MHF) သည် ၂၀၂၁ခုနှစ်အတွင်း မြန်မာနိုင်ငံတဝှမ်းမှာ တိုးပွားလာသော လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို ထိထိရောက်ရောက်တုံ့ပြန်ဆောင်ရွက်နိုင်စေရန် အမေရိကန်ဒေါ်လာ ၁၂ .၄သန်းကို ချမှတ်ပေးခဲ့ပါသည်။ အဆိုပါရံပုံငွေသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စ၍ ချင်း၊ ကချင်၊ ရခိုင်၊ ရှမ်းပြည်နယ်နှင့် မကွေးတိုင်းများသာမက မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသများတွင်ပါ အရေးကြီးအကူအညီနှင့် အကာအကွယ်ပေးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်စေရန် ပြည်တွင်းနှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများကို ကူညီပေးနိုင်ခဲ့သည်။ အဆိုပါရံပုံငွေ၏ တစိတ်တပိုင်းအဖြစ် ချင်း၊ ကချင်၊ ရခိုင်နှင့် ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လိုအပ်လာသည့် အကူအညီများကို ဆက်လက် ဖြည့်ဆည်းနိုင်ရန် နိုင်ငံတွင်းရှိ လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူများ လက်ရှိလုပ်ဆောင်နေဆဲ လုပ်ငန်းများထဲသို့ အမေရိကန်ဒေါ်လာ ၃၃၀,၀၀၀ ထပ်ဆောင်ပေးခဲ့ပါသည်။
MHF သည် အရေးကြီး လူသားချင်းစာနာမှုအကူအညီနှင့် ကိုဗစ်-၁၉ ရောဂါနှီးနွှယ်လုပ်ငန်းများကို ဆောင်ရွက်နေသော မိတ်ဖက်၃၂ ဖွဲ့အား အမေရိကန်ဒေါ်လာ ၂၈.၅ သန်းကို ၂၀၂၀ ခုနှစ်ကတည်းက ပေးအပ်ခဲ့ပါသည်။ အဆိုပါအဖွဲ့များတွင် အများအားဖြင့် နိုင်ငံတွင်းနှင့် ဒေသခံမိတ်ဖက်အဖွဲ့အစည်းများ ပါဝင်ပြီး လုပ်ငန်း ၅၆ ခုကို လုပ်ကိုင်လျက်ရှိကာ လူပေါင်း ၁.၂ သန်းအတွက် ကောင်းမွန်သော အပြောင်းအလဲများ ဆောင်ကျဉ်းနိုင်အောင် ကြိုးပမ်းလျက်ရှိပါသည်။ ၎င်းလူဦးရေ ၁.၂ သန်း၏ ထက်ဝက်ကျော် (၅၆ ရာခိုင်နှုန်း)မှာ အမျိုးသမီးများ၊ ထက်ဝက်နီးပါး (၄၄ ရာခိုင်နှုန်း)မှာ ကလေးငယ်များနှင့် ၁၁ ရာခိုင်နှုန်းမှာ မသန်စွမ်းများဖြစ်ကြပါသည်။
လူထုအတွက် အကူအညီပေးနေသော ဝန်ဆောင်မှုများ
“အဝေးကြီးသွားစရာမလိုဘဲ ကိုယ်ကာယသန်စွမ်းရေးလေ့ကျင့်ခန်းတွေ လုပ်ခွင့်ရတဲ့သမီးလေးအတွက် ကျွန်မ ဝမ်းသာလိုက်တာ”
ခါဒီဂျာသည် ရခိုင်ပြည်နယ်၊ အနောက်မြောက်ဘက်ရှိ ဒါးပိုင်ကျေးရွာမှ အာရုံကြောနှင့်ကြွက်သားညီညွတ်စွာလှုပ်ရှားနိုင်မှုမရှိသည့် cerebral palsy ရောဂါခံစားနေရသူ ငါးနှစ်သမီးကလေး၏ မိခင်ဖြစ်သည်။ ၂၀၂၁ ခုနှစ် မေလမှ ဩဂုတ်လအတွင်း ခါဒီဂျာအပါအဝင် လူဦးရေ ၃၄၅,၀၀၀ အတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရပြည့်ဝရေးဝန်ဆောင်မှုလုပ်ငန်းများကို တိုးချဲ့ပေးအပ်နိုင်ခဲ့ပါသည်။ အဆိုပါလုပ်ငန်းများကို MHF မှ ကူညီပေးသောရံပုံငွေဖြင့် နိုင်ငံတွင်းနှင့် နိုင်ငံတကာ လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူမိတ်ဖက်များမှ ဆောင်ရွက်လျက်ရှိပါသည်။ “ပြင်ပလူနာတွေအတွက် ကုထုံးစင်တာ ဖွင့်လှစ်ပေးခဲ့တဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။ ဒီလိုစင်တာတွေက ကျွန်မတို့လို မိသားစုတွေအတွက် မရှိမဖြစ်ပါ“ ဟု ခါဒီဂျာက ဆိုပါသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ယာယီစခန်း သို့မဟုတ် ယာယီစခန်းကဲ့သို့သော အခြေအနေမျိုးတွင် နေထိုင်နေကြရသူ အိုးအိမ်စွန့်ခွာထွက်ပြေးလာခဲ့ရသူ အခြားမိသားစုများကဲ့သို့ပင် ခါဒီဂျာလည်း ၎င်းနေထိုင်ရာကျေးရွာပြင်ပရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လက်လှမ်းမီရန် ခက်ခဲလျက်ရှိပါသည်။ ရခိုင်ပြည်နယ်နှင့် အခြား ပဋိပက္ခဒဏ်ခံစားရသော နေရာများတွင်လည်း အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများကို လက်လှမ်းမီရန် စိန်ခေါ်မှုများရှိနေဆဲဖြစ်ပါသည်။ ထို့ကဲ့သို့ အကူအညီလိုအပ်နေသူများအတွက် နိုင်ငံတွင်းနှင့် နိုင်ငံတကာမှ လူသားချင်းစာနာမှုလုပ်ငန်း ဆောင်ရွက်သူအဖွဲ့အစည်းများက အရေးကြီးအကူအညီများရရှိရန် MHF ၏ ရံပုံငွေဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါသည်။
နိုင်ငံတွင်း လူသားချင်းစာနာမှုဆောင်ရွက်သူမိတ်ဖက်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း
MHF သည် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုလုပ်ငန်းများ၏ကျောရိုးထောက်တိုင်ဖြစ်သော နိုင်ငံတွင်းမိတ်ဖက်အဖွဲ့အစည်းများထံသို့ ရံပုံငွေအကူအညီများ ရောက်ရှိစေရန် အစဉ်အမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ MHF သည် ချင်း၊ ကချင်၊ ရခိုင်၊ ရှမ်းပြည်နယ်နှင့် မကွေးတိုင်းများသာမက မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများတွင်ပါ အရေးကြီး လူသားချင်းစာနာမှုအကူညီပေးရေးလုပ်ငန်း ဆောင်ရွက်နေသူ နိုင်ငံတွင်းအဖွဲ့အစည်း ၇ ခုသို့ အကူအညီများကို တိုက်ရိုက်ပေးအပ်လျက်ရှိပါသည်။ ရံပုံငွေထောက်ပံ့ရေးအပြင် အခြားရံပုံငွေရင်းမြစ်များအပါအဝင် ထပ်ဆောင်းရင်းမြစ်များ ပေးအပ်ရာတွင်လည်း နိုင်ငံတွင်းအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန် ကြိုးစားလျက်ရှိပါသည်။
ခက်ခဲလျက်ရှိသည့် လူသားချင်းစာနာမှုအကျပ်အတည်း
မြန်မာနိုင်ငံအနှံ့အပြားရှိ လူဦးရေ ၃ သန်းမှာ လူသားချင်းစာနာမှုအကူအညီနှင့် အကာအကွယ်ပေးရေးဆိုင်ရာ ဝန်ဆောင်မှုများ လိုအပ်လျက်ရှိနေပြီး အကူအညီများပေးအပ်နိုင်ရန် လက်ရှိအခြေအနေတွင် MHF၏ ရံပုံငွေသည် ပဓာနကျလျက်ရှိသည်။ အဆိုပါလူဦးရေထဲတွင် ၂၀၂၁ ခုနှစ်အစတွင် Humanitarian Response Planအရ ပေးအပ်ရန်သတ်မှတ်ခဲ့သည့် ပဋိပက္ခဒဏ်ခံစားရသူ ၁ သန်းပါဝင်ပါသည်။ ထို့ပြင် ထပ်မံ၍ Interim Emergency Response Plan အရ လူဦးရေ ၂ သန်းကို လူသားချင်းစာနာမှုအကူအညီနှင့် အကာအကွယ်ပေးရေးဝန်ဆောင်မှုများပေးအပ်ရန် သတ်မှတ်ခဲ့ပါသည်။ ၎င်းအစီအစဉ်သည် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆင်ခြေဖုန်းနေရာများတွင် နေထိုင်ရသူများအပြင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကတည်းက ချင်းနှင့် ကရင်ပြည်နယ်ရှိ နေရပ်စွန့်ခွာရသူများ၊ ထိခိုက်ခံစားရသူများကို ဦးစားပေးကူညီပေးရန်ဖြစ်ပါသည်။
Myanmar Humanitarian Fund
MHFသည် တကမ္ဘာလုံးတွင် OCHA က စီမံခန့်ခွဲနေသော နိုင်ငံတွင်းစုပေါင်းရံပုံငွေ ၁၉ ခုထဲမှတခုဖြစ်သည်။ အဆိုပါရံပုံငွေသည် အလှူရှင်များဆီက ရရှိသော ထည့်ဝင်ငွေများကို တစုတစည်းထဲထားရှိသည့် လူသားချင်းစာနာမှုလုပ်ငန်းဆိုင်ရာ ရံပုံငွေဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် အလှူရှင် ၁၂ ဖွဲ့ထံမှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၂.၃ သန်းရရှိခဲ့ပါသည်။ MHFမှ ချမှတ်ပေးမှုများသည် Humanitarian Response Plan၊ Interim Emergency Response Plan များ၏ ဗျူဟာကျရည်မှန်းချက်များနှင့်အညီ လုပ်ငန်းများကို ထောက်ပံ့ပေးရန်ဖြစ်ပါသည်။ MHF၏ ချဉ်းကပ်မှုမှာ ပြောင်းလွယ်၊ ပြင်လွယ်သောသဘောရှိသည်။ ထို့ပြင် MHFသည် အကြံပေးဘုတ်အဖွဲ့နှင့်အတူ နေရာဒေသအပေါ်မူတည်၍ ထည့်ဝင်မှုများကို ဗျူဟာကျစီမံလျက်ရှိကာ ပြောင်းလဲနေသောအခြေအနေအပေါ်မူတည်၍ ချဉ်းကပ်မှုပုံစံကို ပြောင်းလဲပေးပါသည်။
ဥပမာ ၂၀၂၀ခုနှစ်တွင် MHFသည် ပဋိပက္ခဒဏ်ခံစားရသော နေရာများရှိ နေရပ်စွန့်ခွာလာရသူများနှင့် အခြားထိခိုက်လွယ်မိသားစုများအတွက် လူသားချင်းစာနာမှုအကူအညီများ တိုးမြှင့်ပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၄ သန်းကို အရန်ရံပုံငွေအဖြစ် သတ်မှတ်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ တုံ့ပြန်မှုနှင့် ဆက်စပ်အကူအညီများကို ညှိနှိုင်းလုပ်ဆောင်သည့် တုံပြန်မှုအဖြစ်ရည်ရွယ်ကာ ပေးအပ်ခဲ့ပါသည်။