မိန့်ခွန်း
ယာယီ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး၏ ကုလသမဂ္ဂနှစ်ပတ်လည်နေ့ သဝဏ်လွှာ
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၄ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
ဒီကနေ့ဟာ ကုလသမဂ္ဂအဖွဲ့ကြီး စတင်ပေါ်ပေါက်ခဲ့တဲ့ ၇၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကျင်းပတဲ့နေ့ပဲ ဖြစ်ပါတယ်။
အလွန်ကြီးမားတဲ့ သေကြေပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ ကမ္ဘာစစ်ကြီးနှစ်ခုအပြီးမှာ ကုလသမဂ္ဂအဖွဲ့ကြီး စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်ကစလို့ ကမ္ဘာကြီးမှာ ပြောင်းလဲမှုတွေရှိခဲ့တာ မှန်ကောင်း မှန်ပါလိမ့်မယ်။ ဒါပေမဲ့ ဆာလောင်ငတ်မွတ်မှုတွေ၊ ဆင်းရဲနွမ်းပါးမှုတွေ၊ ပဋိပက္ခတွေနဲ့ တန်းတူညီမျှမရှိမှုတွေကတော့ ကမ္ဘာ့နေရာအနှံ့အပြားမှာ ရှိနေဆဲပါပဲ။
ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အခြေခံမဏ္ဍိုင်ကြီးတွေကတော့ - ကမ္ဘာ့ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနဲ့ တရားမျှတမှုတွေရဲ့ အခြေခံအုတ်မြစ်အဖြစ် လူသားမျိုးနွယ်စုဝင်အားလုံးရဲ့ မွေးရာပါ ဂုဏ်သိက္ခာနဲ့ သိမ်းယူရုပ်သိမ်းခွင့်မရှိတဲ့ တန်းတူညီမျှအခွင့်အရေးတွေကို အသိအမှတ်ပြုရေး၊ နိုင်ငံတကာဥပဒေတွေက ပေးအပ်ထားတဲ့ တရားမျှတမှု၊ တရားဥပဒေစိုးမိုးရေးနဲ့ တာဝန်ဝတ္တရားတွေကို လေးစားလိုက်နာရေး၊ လူမှုဖွံ့ဖြိုးတိုးတက်မှုနဲ့ ပိုမို ကောင်းမွန်တဲ့ လူနေမှုအဆင့်အတန်းတွေ ရရှိအောင် အားပေးမြှင့်တင်ရေးတို့ပဲ ဖြစ်ပါတယ်။ ဒီမဏ္ဍိုင်ကြီးတွေဟာ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုအမျိုးမျိုး အပါအဝင် ကနေ့ကမ္ဘာပေါ်မှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို စုပေါင်းကိုင်တွယ်ဖြေရှင်းဖို့အတွက် မူဘောင်တစ်ရပ်အဖြစ် အရင်ကလိုပဲ တရားဝင်ခိုင်လုံမှု ရှိနေဆဲ ဖြစ်ပါတယ်။
ကနေ့မြန်မာနိုင်ငံဟာဆိုရင် တစ်ခုထက်မကတဲ့ အကျပ်အတည်းတွေ ပေါင်းစပ်ပြီး ပိုမို ဆိုးရွားပြင်းထန်လာတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းက ရရှိထားတဲ့ အရေးကြီးတဲ့ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ တိုး တက်အောင်မြင်မှုတွေကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ ဒီလိုအကျပ်အ တည်းတွေ ကြုံတွေ့နေရတဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ အားလုံးကို နောက်တစ်ကြိမ် ထပ်မံ ကတိပြုလိုတာကတော့ မြန်မာနိုင်ငံ ကုလသမဂ္ဂဌာနေအဖွဲ့များအနေနဲ့ မြေပြင်မှာ ဆက်လက်ရှိနေပြီး မြန်မာပြည်သူတွေရဲ့ အကျိုး ဆက်လက်သယ်ပိုးသွားမယ် ဆိုတာပါပဲ။ နိုင်ငံတွင်းမှာ အခြေစိုက်ထားတဲ့ အေဂျင်စီတွေ၊ ရန်ပုံငွေတွေ၊ အစီအစဉ်တွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ တာဝန်ကတော့ မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရှိနေတဲ့ မိတ်ဖက် တွေနဲ့ လက်တွဲပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေ တိုးပွားများပြားလာမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုနဲ့ မြှင့်တင်မှု၊ ငြိမ်းချမ်းရေးနဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု စတာတွေနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့တာဟာ ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့ လုပ်ငန်းတွေအကောင်အထည်ဖော်ပေးနေတဲ့ မိတ်ဖက်တွေရဲ့ နှစ်မြှုပ်အားထုတ်ကြိုးပမ်းမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ၄င်းတို့အားလုံးဟာ နိုင်ငံအနှံ့အပြားမှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေ အကောင်အထည်ဖော်နိုင်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးအပ်နိုင်ရေးအတွက် ဆက်လက် အဓိက အရေးပါလျက်ရှိပါတယ်။ သူတို့တစ်ဦးချင်းစီတိုင်းကို များစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံကဒေသခံ လုပ်ဖော်ကိုင်ဖက်တွေကို အလွန်ပဲ ကျေးဇူးတင်ရှိကြောင်း အလေးအနက် ပြောကြားလိုပါတယ်။ သူတို့ဟာ အလွန်တရာ ခက်ခဲနေတဲ့ ခုလို အခြေအနေမျိုးမှာတောင် အစွမ်းကုန် ကြိုးပမ်းအားထုတ်ပြီး ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို လေးစားလိုက်နာ စောင့်ထိန်းပေးကြတဲ့အတွက် ကျွန်တော်တို့ဟာ ခုလို အကူအညီတွေ လိုအပ်နေချိန်မှာ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်ပြီး ကူညီပံ့ပိုးပေးနေနိုင်တာ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
မိန့်ခွန်းပြောသူ
ရာမာနသန် ဘလာခရှစ်နန်
UNFPA
ဌာနေကိုယ်စားလှယ်
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ
RCO
ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံး