သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA) ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာအထိမ်းအမှတ်နေ့ ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၉ ရက်။

ရန်ကုန် - ယခုနှစ် ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထိမ်းအမှတ်နေ့ဟာ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ပုံနည်းလမ်းကို ပြန်လည်ပုံဖော်စေခဲ့တဲ့ ဘဂ္ဂဒက်မြို့က ကနဲလ်ဟိုတယ်ကို ဗုံးခွဲတိုက်ခိုက်ခံရမှုရဲ့ အနှစ် ၂၀ ပြည့် အောက်မေ့ဖွယ်အထိမ်းအမှတ် ဖြစ်ပါတယ်။ ဒီနေ့ အခါသမယမှာ ပြန်ပြောင်းကြည့်ရမယ်ဆိုရင် ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ လုပ်ငန်းဆောင်ရွက်ရတဲ့အခြေအနေတွေရှိပေမဲ့ ပဋိပက္ခနဲ့ သဘာဝဘေးဒဏ်သင့်တဲ့ ရပ်ရွာလူထုတွေဆီ အရေးပါတဲ့အကူအညီတွေရောက်ရှိစေဖို့ မဆုတ်မနစ်ကြိုးကုတ်အားထုတ်တဲ့ မြန်မာနိုင်ငံက လူမှုကရုဏာလုပ်သားတွေကို ဂုဏ်ယူစွာနဲ့အသိအမှတ်ပြုပါတယ်။

မြန်မာနိုင်ငံမှာ မဆုံးသေးတဲ့ ပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတာတွေနဲ့ မကြုံစဖူးကြီးမားတဲ့ အခက်အခဲတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း လူဦးရေ ၁၈ သန်းနီးပါး (စုစုပေါင်း လူဦးရေရဲ့ သုံးပုံတစ်ပုံ) ဟာ လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်။ အခက်အခဲတွေ ပိုမိုရှုပ်ထွေးပြီး စိန်ခေါ်မှုတွေ ဆတိုးနေပေမဲ့ မိမိတို့ရဲ့ လူမှုကရုဏာလုပ်သားတွေဟာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားပြီး လူမှုဘဝကယ်ဆယ်ရေးအကူအညီတွေ ဆက်လက်ပေးနေပါတယ်။

 

ဒေသခံနဲ့ ပြည်တွင်း လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ပဋိပက္ခနဲ့သဘာဝဘေးဒဏ်သင့် ဒေသတွေကို ဝင်ရောက်ကူညီနိုင်ဖို့ ဆန်းသစ်တဲ့ချဉ်းကပ်နည်းတွေသုံးပြီး သူတို့ရဲ့နိုင်ငံသားအချင်းချင်း အကူအညီပေးရာမှာ မလျော့စတမ်း သန္နိဌာန်ချထားကြပါတယ်။ ၂၀၂၃ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်း ဒီမိတ်ဖက်အဖွဲ့အစည်းတွေဟာ ဘေးဒဏ်သင့် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ် ၁ ဒသမ ၈ သန်းအတွက် အမိုးအကာ၊ စားနပ် ရိက္ခာ၊ ကျန်းမာရေးဝန်ဆောင်မှု၊ ပညာရေးနဲ့ ကာကွယ်စောင့်ရှောက်မှုအကူအညီတွေ ပေးခဲ့ပါတယ်။ ဒါဟာ အကူအညီတွေပေးဖို့ လျာထားတဲ့ ဦးတည်လူဦးရေရဲ့ ၃၆ ရာခိုင်နှုန်းဖြစ်ပါတယ်။

 

ဒါပေမယ့် ခရီးဆုံးအထိပြီးမြောက်ဖို့ လိုနေပါသေးတယ်။ ဘေးကင်းလုံခြုံမှုကင်းပြီး အလျဉ်မပြတ်တဲ့ စိန်ခေါ်မှုတွေကြားက ဒီတာဝန်တွေပြီးစီးအောင် ဆောင်ရွက်ဖို့ရာ ရဲဝံ့တဲ့ လူမှုကရုဏာလုပ်သားတွေရဲ့ အသက်အိုးအိမ်ကို အကာအကွယ်ပေးဖို့နဲ့ အကူအညီလိုအပ်နေသူတွေဆီ အတားအဆီးမရှိ ဝင်ရောက်ကူညီခွင့်ရဖို့ လိုအပ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ၊ လက်နက်ကိုင်ပဋိပက္ခ၊ စီးပွားရေးအကျပ်အတည်းနဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ စုဖွဲ့လာတဲ့ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံက ပြည်သူတွေဆီ အပြည့်အဝကူညီပေးဖို့ ရန်ပုံငွေပံ့ပိုးမှုက တန်းတူညီမျှအရေးကြီးပါတယ်။

 

ဘယ်လိုပဲဆိုပါစေ ၂၀၂၃ ခုနှစ်ရဲ့ ရှစ်လတာကာလအတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်မှုအစီအစဥ်နဲ့ မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေး အရေးပေါ်ရန်ပုံငွေတောင်းခံမှုအတွက် စုစုပေါင်းရန်ပုံငွေလိုအပ်ချက်ရဲ့  ၂၅ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိထားပါတယ်။ ဒီရန်ပုံငွေလိုအပ်ချက်ဟာ မိမိတို့ရဲ့ ကူညီပံ့ပိုးမှုတွေကို အချိန်မီ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ အဟန့်အတားဖြစ်စေပါတယ်။

 

ဒီနေ့ ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထိမ်းအမှတ်နေ့မှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ပေးခွင့်ရဖို့နဲ့ လူမှုကရုဏာလုပ်သားတွေကို ကာကွယ်စောင့်ရှောက်ပေးကြဖို့ အပါအဝင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးများနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာစောင့်ထိန်းကြဖို့ အစုအဖွဲ့ အားလုံးကို ပန်ကြားလိုပါတယ်။ အလှူရှင်အသိုင်းအဝိုင်းကိုလည်း ရန်ပုံငွေထည့်ဝင်မှုတွေ အရှိန်မြှင့်ဖို့နဲ့ ဘက်ပေါင်းစုံက အကျပ်အတည်းတွေကို ခါးစည်းခံနေကြရတဲ့ မြန်မာနိုင်ငံက ပြည်သူတွေအပေါ်ထားရှိတဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

 

လူသားချင်းစာနာတဲ့စိတ်ထားနဲ့ အကူအညီလိုအပ်သူတွေရဲ့ဘဝတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ခံစားနေကြရတဲ့ ဒုက္ခတွေကိုလျော့ပါးသက်သာစေဖို့အတွက် ဘာတွေပဲဖြစ်နေပါစေ၊ ဘယ်နေရာမှာမဆို မိမိတို့ တစ်စုတစ်စည်း တည်းရပ်တည်ပြီး ခိုင်မာတဲ့သန္နိဌာန်ချကြပါစို့။

Suhad Sakalla

Suhad Sakalla

OCHA
Humanitarian Affairs Officer

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

OCHA
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ