သတင်းထုတ်ပြန်ချက်

ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့အခါသမယ ထုတ်ပြန်ချက်

၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၉ ရက်။

ယနေ့ ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့တွင် ကုလသမဂ္ဂအဖွဲ့ကြီးသည် ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးဒဏ်ခံရသူများ၏ လိုအပ်ချက်များကို ကူညီပေးကြ သည့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသခံလူသားချင်းစာနာမှုဆိုင်ရာ လုပ်သားများ၏ မနားမနေကြိုးပမ်းမှုများကို လေးစားစွာ ဂုဏ်ပြုလိုက်ပါသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းရှိ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအတွက် ကိုဗစ်-၁၉ ကပ်ရောဂါသည် ကြီးမားသည့်အခက်အခဲကြီးများအနက် တစ်ခုဖြစ်လာပါသည်။ ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှု ထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများကြောင့် ပြည်တွင်းနှင့်နိုင်ငံတကာခရီးသွားလာမှုများ အကန့် အသတ်ဖြင့်ရှိနေချိန်တွင် ယခု မိမိတို့ဂုဏ်ပြုလျှက်ရှိသော ဒေသခံလူသားချင်းစာနာမှုဆိုင်ရာ သူရဲကောင်းများ ဖြစ်ကြသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြု စေတနာလုပ်အားရှင်များသည် ပုံမှန်အခြေအနေ ထက်ပိုမို၍ပင် လူမှုဂရုဏာကူညီကယ်ဆယ်ရေးများကို ရှေ့တန်းမှတုံ့ပြန်ကူညီလျှက် ရှိကြပါသည်။

ကိုဗစ်-၁၉ ကြိုတင်တားဆီးကာကွယ်ရေး အရှိန်မြှင့်တင်ဆောင်ရွက်ရန် မြန်မာနိုင်ငံအစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ကြိုးပမ်းဆောင်ရွက်လျှက်ရှိချိန်တွင် ကုလသမဂ္ဂအဖွဲ့ကြီးနှင့် ယင်း၏ ပြည်တွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများသည် အကူအညီအလိုအပ်ဆုံးသော ထိခိုက်လွယ်သူ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ၏ လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အရေးပါသည့် အသက်ကယ်ဆယ်ရေး လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့ကြပါသည်။

ဤလုပ်ငန်းများမှာ ရှေ့တန်းမှတုံ့ပြန်ဆောင်ရွက်ကြသူများ၊ ဘေးဒဏ်ခံရသည့် ရပ်ရွာအသိုင်းအဝိုင်းအတွင်းမှ ဒေသခံများ၊ အစိုးရမဟုတ်သည့်ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် လုပ်ကိုင်နေကြသည့် အမျိုးသား များနှင့် အမျိုးသမီးများ၊ ကြက်ခြေနီလှုပ်ရှားမှုနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ကြီးမားသော ကြိုးပမ်းအားထုတ်မှုများ၏ ကျေးဇူးပင်ဖြစ်သည်။ ထိုပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ၏ လူသားချင်းစာနာသည့် ထည့်ဝင်ကူညီမှုများကြောင့်ဖြစ်ပါသည်။ ယနေ့အခါသမယနှင့် နေ့စဉ်နေ့တိုင်းပင် ထိုသူများအား ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများအတွက် ဂုဏ်ပြုလျှက် “ကျေးဇူးတင်ပါသည်” ဟု ပြောကြားလိုက်ပါသည်။

အကူအညီလိုအပ်သူများအား မဖြစ်မနေအကူအညီပေးကြရာ၌ ထိုသူတို့သည် ၎င်းတို့၏ အသက်ကိုပင် ပဓာနမထားပဲ ဆောင်ရွက်လေ့ရှိကြပါသည်။ ထို့ကြောင့် အရပ်သားများ၊ လူမှုဂရုဏာလုပ်အားရှင်များနှင့် ကျန်းမာရေး ဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်ရေးနှင့် အကူအညီလိုအပ်နေသူအားလုံးထံ ကူညီကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများ ဘေးကင်းလုံခြုံစွာရောက်ရှိစေရန် အဆင်ပြေချောမွေ့စေရေးမှာ ပဋိပက္ခတွင် ပါဝင်ပတ်သက်သူအားလုံးထံ၌ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေအရ တာဝန်ရှိပါကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးက နှိုးဆော်သတိပေးအပ်ပါသည်။

ယခုလို အခက်အခဲဖြစ်နေသည့်ကာလကြီး၌ ယင်းတို့ကိုယ်၌ပင်လျှင် ကမ္ဘာ့ကပ်ရောဂါကြီး၏ဒဏ်ကို ခံစားနေကြရသည့်တိုင် ထည့်ဝင်ကူညီမှုများကို မပြတ်စေသည့်အပြင် တိုး၍ပင်ထည့်ဝင်ကြသည့် အလှူရှင်နိုင်ငံ များကိုလည်း ကုလသမဂ္ဂအဖွဲ့ကြီးက အထူးတလည်ကျေးဇူးတင်စကားပြောကြားလိုက်ပါသည်။

ယခုနှစ်တွင် အကူအညီလိုအပ်လျှက်ရှိသူ လူတစ်သန်းနီးပါး၏ လိုအပ်ချက်များကိုတုံ့ပြန်ဆောင်ရွက်ရန် မြန်မာနိုင်ငံအစိုးရနှင့်အတူ ကုလသမဂ္ဂနှင့် ယင်း၏မိတ်ဖက်အဖွဲ့အစည်းများက ဆက်လက်၍ လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Public Information and Advocacy Officer

Valijon Ranoev

OCHA
Public Information and Advocacy Officer

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

OCHA
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး
UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ