အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၀၇ ရက်။
၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စောင့်ကြည့်ရမည့် အချက် ခြောက် ချက်
မြန်မာနိုင်ငံတွင် ပြင်းထန်သော ပဋိပက္ခများဖြစ်ပွားလာခဲ့သည်မှာ ၂၀၂၅ ခုနှစ်တွင် လေးနှစ်တိုင်အောင်ရှိလာခဲ့ပြီဖြစ်ပြီး ငြိမ်းချမ်းရေးအရိပ်အယောင်မှာ မှေးမှိန်နေပါသေးသည်။ နိုင်ငံလူဦးရေ စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းခန့်ဖြစ်သည့် ၁၉.၉ သန်းသော ပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အလွန်အမင်းလိုအပ်လျက်ရှိပါသည်။ ၎င်းတွင် ကလေးငယ် ၆.၄ သန်း ပါဝင်ပြီး ဤပမာဏမှာ မြန်မာကလေးငယ်များ၏ သုံးပုံတစ်ပုံခန့် ဖြစ်သည်။ ဤကြီးမားသော လိုအပ်ချက်သည် ကလေးသူငယ်များနှင့် အရပ်သားများအပေါ် ပျက်စီးဆုံးရှုံးမှုများကို မီးမောင်းထိုးပြနေပြီး မျိုးဆက်တစ်ခုလုံး နောက်ကျကျန်နေခဲ့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသောကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကြီးအကျယ် ခြိမ်းခြောက်နေကြောင်း အချက်ပြနေပါသည်။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စောင့်ကြည့်ရမည့် အရေးပါသည့် အချက်ခြောက်ချက်မှာ - ၁ ။ ပညာရေးအကျပ်အတည်း - အန္တရာယ်ကြုံတွေ့နေရသည့်မျိုးဆက်ပဋိပက္ခများ၊ မလုံခြုံမှုများ၊ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများ၊ အရေးပေါ်ဝန်ဆောင်မှုများ ပြတ်တောက်ခြင်းများကြောင့် မြန်မာနိုင်ငံရှိ ကလေးငယ် ၅ သန်းနီးပါးသည် ပညာသင်ကြားခွင့်များ ဆုံးရှုံးနေရကြရပါသည်။ သင်ယူမှုအခွင့်အလမ်းများ လျော့နည်းလာခြင်းအပြင် ကလေးများသည် ပဋိပက္ခတွင်ပါဝင်သော အဖွဲ့အစည်းများ၏ အတင်းအဓမ္မ လူသစ်စုဆောင်းခံရခြင်း၊ အသက်မပြည့်မီ/အတင်းအကြပ် လက်ထပ်ထိမ်းမြားခံရခြင်း၊ ကလေးလုပ်သားအဖြစ် အသုံးပြုခံရခြင်းနှင့် အခြားပြင်းထန်သောအခွင့်အရေးချိုးဖောက်မှုအန္တရာယ်များနှင့် ရင်ဆိုင်နေကြရသည်။ အကယ်၍ ၂၀၂၅ ခုနှစ်တွင် ဤသို့ဆက်လက်ဖြစ်ပွားနေပါက မျိုးဆက်တစ်ခုလုံးသည် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ ဆုံးရှုံးသည့် အန္တရာယ်ရှိနေပြီး မြန်မာနိုင်ငံ၏ အနာဂတ်တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပါသည်။ ၂။ ခြိမ်းခြောက်မှုအောက်ကျရောက်နေသည့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း - အချိန်နှင့်တပြေးညီယှဉ်ပြိုင်နေရသည့် ပြိုင်ပွဲမြန်မာနိုင်ငံရှိ ကလေးငယ် ၁ သန်းကျော်သည် ရောဂါများမှ ကာကွယ်ရန်အတွက် မရှိမဖြစ်လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးနိုင်ခြင်းမရှိဘဲ ကမ္ဘာပေါ်တွင် "ကာကွယ်ဆေးလုံးဝမရရှိသေးသော" ကလေးများ အများဆုံးရှိသည့်နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါသည်။ ပဋိပက္ခများ၊ ကိုဗစ်-၁၉ နှင့် ကျန်းမာရေးဝန်ထမ်းများ အစုလိုက်နှုတ်ထွက်ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်မှာ ပြိုလဲလုနီးပါးဖြစ်နေပြီး ကလေးငယ်များ အထူးသဖြင့် ဝေးလံခေါင်ဖျားဒေသများရှိ ကလေးငယ်များမှာ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးနိုင်ခြင်း မရှိသောကြောင့် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများ ဖြစ်ပွားနိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့နေကြရပါသည်။ ၂၀၂၄ ခုနှစ်အတွင်းပြုလုပ်ခဲ့သော ကာကွယ်ဆေးများ ပြန်လည်ထိုးနှံတိုက်ကျွေးရေး အစီအစဉ်များတွင် တိုးတက်မှုအချို့ ရရှိခဲ့ပါသည်။ သို့သော်လည်း ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းကြောင့် ထိုတိုးတက်မှုများ ပြောင်းပြန်ဖြစ်လာနိုင်သည့်အပြင် အိမ်နီးချင်းနိုင်ငံများတွင်ပါ အစုလိုက်ရောဂါဖြစ်ပွားစေနိုင်ခြေ ပိုမိုများပြားလာစေနိုင်ပါသည်။ ၂၀၂၅ ခုနှစ်တွင် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ လုံခြုံစွာသွားလာနိုင်ရေးနှင့် အချိန်မီရန်ပုံငွေရရှိရေးသည် အရေးကြီးဆုံးဖြစ်လာပါသည်။ ၃။ အာဟာရချို့တဲ့မှုကို လျှော့ချခြင်း - အသံတိတ်အရေးပေါ်အခြေအနေလက်ရှိဖြစ်ပွားနေသောပဋိပက္ခများအပြင် အခြေခံကုန်ဈေးနှုန်းများမြင့်တက်လာခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက်စီးခြင်းနှင့် ပြင်းထန်သော ရာသီဥတု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံတွင် အာဟာရဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်လျက်ရှိပါသည်။ ယခုနှစ်တွင် ကလေးငယ် ၅ သိန်း ကျော်သည် ပြင်းထန်အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရပြီး အရေးပေါ်ထောက်ပံ့မှုမရရှိသောကြောင့် အများအပြားမှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ငွေကြေးဖောင်းပွမှုနှင့် စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းလာခြင်း တို့သည် တိုင်ဖွန်းယာဂီနှင့် နှစ်စဉ်မုတ်သုံရာသီရေကြီးမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကြောင့် ပို၍ဆိုးရွားလာပြီး မိဘများသည် ၎င်းတို့၏ ကလေးများအတွက် လုံလောက်ပြီး အာဟာရပြည့်ဝသော စားနပ်ရိက္ခာများကို ထောက်ပံ့ပေးနိုင်ခြင်းမရှိဖြစ်နေပါသည်။ အာဟာရဆိုင်ရာ ပံ့ပိုးမှုများကို အမြန်ဆုံး မပြုလုပ်နိုင်ပါက ကလေးငယ်များ၏ ရေရှည်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးတို့မှာ မရေရာ မသေချာသော အခြေအနေနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ၄။ မြေမြှုပ်မိုင်း - ရက်စက်ကြမ်းကြုတ်သောပဋိပက္ခများ၏ သေစေနိုင်သော လက်ကျန်အမွေအနှစ်မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ပျက်စီးမှု[1] အများဆုံးနိုင်ငံ ဖြစ်လာပြီး ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁,၀၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိခဲ့ပါသည်။ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ကလေးသူငယ်များသည် အချိုးအစားမမျှတစွာ ထိခိုက်ခံစားနေရပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်းမှာပင် အနည်းဆုံး ကလေး ၂၅၀ ဦး သေဆုံးဒဏ်ရာရရှိခဲ့ရာ ကမ္ဘာပေါ်တွင် အမြင့်မားဆုံးဖြစ်ခဲ့ပါသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးနီးပါးတွင် မြေမြှုပ်မိုင်းများ ပျံ့နှံ့နေပြီး နေအိမ်များ၊ လယ်ကွင်းများနှင့် ကစားကွင်းများမှာ အန္တရာယ်ဇုန်များအဖြစ် ပြောင်းလဲနေပြီဖြစ်ပါသည်။ မိုင်းရှင်းလင်းရေးလုပ်ငန်းများ မရှိသေးသည့်အတွက် မြေမြှုပ်မိုင်းအသုံးပြုမှုသည် ကလေးများ၏ လုံခြုံရေး၊ ကလေးဘဝနှင့် အနာဂတ်ကို ဆုံးရှုံးစေပြီး ဘဝတစ်သက်စာ ဒဏ်ရာဒဏ်ချက်များ ကျန်နေရစ်စေမည်ဖြစ်သည်။ ထို့အပြင် မြေမြှုပ်မိုင်းများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမှုများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် လယ်ယာစိုက်ပျိုးရေးကို ခြိမ်းခြောက်နေပြီး မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများအတွက် ရေရှည်စီးပွားရေးနှင့် စားနပ်ရိက္ခာဖူလုံရေး စိန်ခေါ်မှုများကို ပိုမိုကြီးထွားလာစေပါသည်။ ၅ ။ အကြပ်အတည်းအခက်အခဲများကြား ဖြစ်လာနိုင်ခြေရှိသော ရွေးကောက်ပွဲများ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၅ ခုနှစ်တွင် ကျင်းပနိုင်ခြေရှိသည့် ရွေးကောက်ပွဲများ မြန်မာနိုင်ငံအတွက် အဆုံးအဖြတ်ပေးမည့် အခိုက်အတန့်တစ်ခုဖြစ်လာနိုင်ပါသည်။ သို့သော်လည်း နေရာအနှံ့အပြားတွင် ပိုမိုဖြစ်ပေါ်လာသော ပဋိပက္ခများ၊ လူပေါင်း ၃. ၅ သန်းကျော် စံချိန်တင်နေရပ်စွန့်ခွာ ရွှေ့ပြောင်းရမှုများ၊ အစုအဖွဲ့အမျိုးမျိုး၏ အပြိုင်အဆိုင် နယ်မြေထိန်းချုပ်မှုများနှင့် သက်ဆိုင်သူများအကြား မတူညီသောအမြင်အမျိုးမျိုးသည် အလွန်ရှုပ်ထွေးပြီး မသေချာမရေရာသောပတ်ဝန်းကျင်ကို ဖန်တီးလျက်ရှိပါသည်။ ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲကာလအတွင်း သို့မဟုတ် ရွေးကောက်ပွဲအပြီး အငြင်းပွားမှုများသည် ပြင်းထန်နေပြီးဖြစ်သည့် ပဋိပက္ခကို ပိုမိုအရှိန်မြင့်စေနိုင်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေကာ အရပ်သားပြည်သူများ၏ အခြေအနေကို ပိုမိုဆိုးရွားစေနိုင်ပါသည်။ ၆။ အကြိမ်ကြိမ် ဖြစ်လေ့ရှိသည့် ရေကြီးရေလွှမ်းမိုးမှုများနှင့် မြင့်တက်လာသည့် ရောဂါဖြစ်ပွားမှုအန္တရာယ်များ၂၀၂၃ ခုနှစ်တွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါနှင့် ၂၀၂၄ ခုနှစ်တွင် တိုင်ဖွန်းမုန်တိုင်းယာဂီအပါအဝင် အကြိမ်ကြိမ် ဖြစ်ပေါ်လေ့ရှိသည့် ရာသီဥတုဘေးအန္တရာယ်များ၊ နှစ်စဉ်မုတ်သုံရာသီ ရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံရှိ ရေပေးဝေရေးစနစ်များ ဆိုးရွားစွာ ပျက်စီးခဲ့ရပြီး မိသားစုများ အထူးသဖြင့် နေရပ်စွန့်ခွာစခန်းများနှင့် ချို့တဲ့သော လူမှုအသိုင်းအဝိုင်းများသည် ညစ်ညမ်းသော ရေအရင်းအမြစ်များကို အားထားနေရပါသည်။ ဤအခြေအနေသည် ကာလဝမ်းရောဂါနှင့် ပြင်းထန်သော ဝမ်းပျက်ဝမ်းလျှာရောဂါကဲ့သို့သော ရေကြောင့်ဖြစ်ပွားသော ရောဂါများ ဖြစ်ပွားမှုကို ဖြစ်ပေါ်စေခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ရန်ကုန်ကဲ့သို့သော လူထူထပ်သော ဒေသများနှင့် ရခိုင်ကဲ့သို့သော ဝေးလံခေါင်ဖျားသော ဒေသများတွင် ပြင်းထန်စွာ ထိခိုက်ခဲ့သည်။ပဋိပက္ခကာလအတွင်း အရေးပါသော ရေပေးဝေရေးစနစ်များနှင့် ရေတွင်းရေကန်များ ပိုမိုပျက်စီးလာခြင်း၊ ဆင်းရဲနွမ်းပါးမှုမြင့်တက်ခြင်းနှင့် အရင်းအမြစ်များ ကုန်ခမ်းလာခြင်းတို့ကြောင့် မိသားစုများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် သန့်ရှင်းရေးသုံး ပစ္စည်းများကို အသုံးပြုရန်လက်လှမ်းမမီကြတော့ပါ။ အထူးသဖြင့် လူဦးရေထူထပ်လွန်းသောနေရာများရှိ မိသားစုများသည် မသန့်ရှင်းသောရေနှင့် အားနည်းသည့်ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ကြောင့် မြင့်တက်လာသော အန္တရာယ်များကို ရင်ဆိုင်နေကြရပါသည်။ ရေပေးဝေရေးစနစ်များ ပြန်လည်ထူထောင်ရန်၊ ပတ်ဝန်းကျင်သန့်ရှင်းရေး တိုးတက်စေရန်နှင့် အသက်ကယ် တစ်ကိုယ်ရည်သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးရန် အရေးပေါ်လုပ်ဆောင်ခြင်းမရှိပါက စုပေါင်းသက်ရောက်မှုများသည် ရောဂါဖြစ်ပွားမှုများကို ဆက်လက်ဖြစ်ပေါ်စေပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်သည့်အတွက် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။ချက်ချင်းနှင့်စဉ်ဆက်မပြတ် ဆောင်ရွက်မှုများပြုလုပ်ရန် တောင်းဆိုခြင်းမြန်မာနိုင်ငံသည် မကြုံစဖူး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေသည့်နှစ်တွင် ကလေးများနှင့် အရပ်သားပြည်သူများအတွက် စိုးရိမ်ဖွယ်အခြေအနေသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပါသည်။ နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရောက်ရှိရေး၊ အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် အကြမ်းဖက်မှုနှင့် အကျပ်အတည်းသံသရာကို ရပ်တန့်နိုင်မည့် ရေရှည်ဖြေရှင်းချက်များကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ပါသည်။ အန္တရာယ်များကို ပိုမိုခံစားရနိုင်သူများထံ အသက်ကယ် လူသားချင်းစာနာမှု အကူအညီများ ရောက်ရှိစေရန် လုံလောက်သော ရန်ပုံငွေများ အခက်အခဲမရှိ၊ အချိန်မီ ထောက်ပံ့နိုင်ရေးသည် အရေးကြီးပါသည်။ ထို့ကြောင့် ဒေသတွင်းနှင့် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် လက်ရှိအခြေအနေမှ ထွက်ပေါက်ရှာနိုင်ရန် မြန်မာနိုင်ငံအား ကူညီရေးကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်နေပါသည်။ မြန်မာနိုင်ငံ၏ အဆိုးဆုံးထိခိုက်ခံစားနေရသော ကလေးသူငယ်များနှင့် မိသားစုများ၏ အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် နည်းလမ်းများရှိပါသည်။ သို့သော် ထိုသို့ဖြေရှင်းနိုင်သည့် အခွင့်အလမ်းများမှာ လျင်လျင်မြန်မြန် လျော့ပါးလာလျက်ရှိပါသည်။ ချက်ချင်းနှင့် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများ မရှိပါက နောက်ဆက်တွဲ အကျိုးဆက်များသည် ယနေ့မြန်မာ့ကလေးငယ်များသာမက လာမည့်မျိုးဆက်များအထိ ဆိုးရွားစွာ သက်ရောက်သွားမည်ဖြစ်သည်။ [1] Landmine Monitor 2024: https://www.the-monitor.org/reports/landmine-monitor *ဤဆောင်းပါးကို UNICEF Myanmar ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။, filtered_html
![](/sites/default/files/styles/big_carousel_featured_image/public/2025-02/UNICEF_EDU_Naga_QBEP4C_201%202.jpeg?h=d7fc655f&itok=BWFqrHD3)