အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း လမ်းညွှန်
လူ့အခွင့်အရေးဆိုတာ လူသားတိုင်း တူညီတဲ့ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေနဲ့ မွေးဖွားလာကြတာဖြစ်တယ်ဆိုတဲ့ မူကို အခြေခံထားတဲ့ အယူအဆတစ်ခု ဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုတာ ဘာလဲ။
လူ့အခွင့်အရေးဆိုတာ လူသားတိုင်း တူညီတဲ့ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေနဲ့ မွေးဖွားလာကြတာဖြစ်တယ်ဆိုတဲ့ မူကို အခြေခံထားတဲ့ အယူအဆတစ်ခု ဖြစ်ပါတယ်။ အဲဒီအခွင့်အရေးတွေဟာ လူမျိုး၊ ကျား-မ၊ နိုင်ငံနဲ့ဆိုင်တဲ့ သို့မဟုတ် လူမျိုးစုနဲ့ဆိုင်တဲ့ ဇစ်မြစ်၊ ကိုးကွယ်သည့်ဘာသာ၊ ဘာသာစကား သို့မဟုတ် အခြားအဆင့်အတန်းတွေနဲ့မသက်ဆိုင်ဘဲ ကျွန်တော်တို့အားလုံးအတွက် မွေးရာပါ အခွင့်အရေးတွေဘဲ ဖြစ်ပါတယ်။ အဲဒါတွေက အခြေခံအကျဆုံးဖြစ်တဲ့ ရှင်သန်ဖို့အခွင့်အရေးကစပြီး အစာအာဟာရ၊ ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေးနဲ့ လွတ်လပ်ခွင့် စတဲ့ ဘဝကို အဓိပ္ပါယ်ရှိရှိ နေထိုင်စေနိုင်တဲ့ အရာတွေအထိ ပါဝင်ပါတယ်။
လူ့အခွင့်အရေးမှာ အခြေခံ လက္ခဏာ လေး-ရပ် ရှိပါတယ်။
- လူတိုင်းနဲ့သက်ဆိုင်ခြင်း- လူတိုင်း မိမိရဲ့ အခွင့်အရေးတွေကို တန်းတူညီမျှ ခံစား ရယူနိုင်ခွင့် ရှိပါတယ်။
- ငြင်းဆိုဖယ်ရှားမရခြင်း - အထူးအခြေအနေတွေမှာ တန်းတူညီမျှ တရားစီရင်ရေးကို အပြည့်အဝ လိုက်နာမှုမပြုဘဲ အခွင့်အရေးတွေကို ဖယ်ရှားလို့မရနိုင်ပါ။
- ပိုင်းခြားမရခြင်း - အခွင့်အရေးတွေရဲ့ အတိုင်းအတာအားလုံးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။
- အပြန်အလှန်မှီခိုခြင်း - အခွင့်အရေးအားလုံးကို ကာကွယ် မြှင့်တင်မယ်ဆိုရင် အခွင့်အရေးတွေ အပြည့်ရနိုင်ပါတယ်။
အဲဒီအခွင့်အရေးတွေထဲကတချို့ကို ဥပဒေက ပြဌာန်းပါက သီးခြားအခြေအနေတွေမှာ ကန့်သတ်နိုင်ပေမယ့် ညှင်းပန်းနှိပ်စက်ခြင်းမှ လွတ်မြောက်ခွင့်၊ ကျွန်ပြုခြင်းမှ လွတ်မြောက်ခွင့်နဲ့ ထင်မြင်ယူဆပိုင်ခွင့်အပါအဝင် အခွင့်အရေးအတော်များများကိုတော့ ဘယ်လိုအကြောင်းမျိုးကြောင့်ဖြစ်စေ ကန့်သတ်တားမြစ်လို့ မရနိုင်ပါဘူး။ အဲဒါတွေကို ကန့်သတ်ချက်မဲ့ အခွင့်အရေးတွေ၊ ပယ်ဖျက်မရတဲ့ အခွင့်အရေးတွေ (non-derogable rights) လို့ ခေါ်ပါတယ်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဆိုတာ ဘာလဲ။
ဒုတိယကမ္ဘာစစ်ကြီးရဲ့ ကြောက်မက်ဖွယ်ရာဖြစ်ရပ်တွေအပြီးမှာ ကုလသမဂ္ဂကို ဖွဲ့စည်းခဲ့ကြတဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ငြင်းပယ်မှုက လက်နက်ကိုင် ပဋိပက္ခတွေကို တွန်းအားပေးတဲ့ ဒါမှမဟုတ် ဖြစ်ပွားစေတဲ့ အရေးပါတဲ့ အချက်တစ်ခု အမြဲလိုလိုကို ဖြစ်နေခဲ့တာကို ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အခြေခံတဲ့ နိုင်ငံတကာ စည်းမျဉ်းတစ်ရပ်ကို ရေးဆွဲဖို့နဲ့ အနာဂတ်ကာလမှာ အကြမ်းဖက်မှုနဲ့ ဖရိုဖရဲ အခြေအနေတွေကို တားဆီးရန် အဖွဲ့အစည်းတစ်ခုကို ထူထောင်ဖို့အတွက် အထွေထွေညီလာခံက ၁၉၄၆ ခုနှစ်မှာ ကမ္ဘာတစ်ဝန်းက ထင်ရှားတဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးကော်မရှင်ကို ကြေညာချက်မူကြမ်းတစ်စောင် ရေးဆွဲဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက်အမှတ် ၂၁၇ A (III) ဖြင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း (UDHR)ကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေဆိုင်ရာ စနစ်တစ်ခုလုံးရဲ့ အခြေခံဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းဟာ ယခုနှစ်မှာ ၇၅နှစ် ပြည့်မြောက်မှာဖြစ်ပြီး၊ အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာတစ်ဝန်းမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီကြေညာစာတမ်းဟာ ကမ္ဘာတစ်ဝန်း အသိအမှတ်ပြုထားတဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ပြဌာန်းဖို့အတွက် ပထမဦးဆုံးသော နိုင်ငံတကာ ဥပဒေစာတမ်းလည်း ဖြစ်ပါတယ်။ နောက်ဆုံးမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်က မူကြမ်းရေးဆွဲရာမှာ ပါဝင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံက လွတ်လပ်ရေးကြေညာပြီး လအနည်းငယ်အကြာမှာပင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UNHR) မှာ ဖော်ပြထားတဲ့ အခြေခံမူတွေနဲ့ အခွင့်အရေးတွေကို လက်ခံကာ ကြေညာစာတမ်းကို ထောက်ခံမဲပေးခဲ့တဲ့ ပထမဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။
ကြေညာစာတမ်းတစ်ရပ်အနေနဲ့ UDHR ဟာ ပင်ကိုအားဖြင့် ဥပဒေကြောင်းအရ ချည်နှောင်ထားခြင်းမရှိပေမယ့် ကမ္ဘာ့လူ့အခွင့်အရေး အခင်းအကျင်းအပေါ်မှာ သိသိသာသာ သက်ရောက်မှုရှိပြီး၊ ကမ္ဘာအနှံ့ နိုင်ငံတွေရဲ့ အမျိုးသား ဥပဒေတွေ၊ လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်အခြေခံတဲ့ ဥပဒေမူဘောင်နဲ့ နိုင်ငံတကာ စံနှုန်းတွေ ပေါ်ပေါက်လာရေးတို့မှာ ဩဇာသက်ရောက်မှုရှိပါတယ်။ UDHR ရဲ့ မူဝါဒတွေဟာ နိုင်ငံအားလုံးက အသိအမှတ်ပြု လက်ခံထားတာဖြစ်လို့ ကြေညာစာတမ်းမှာ ပြဌာန်းထားတဲ့ အခွင့်အရေးတွေကို ဖြည့်ဆည်းပေးဖို့၊ မြှင့်တင်ဖို့နဲ့ ကာကွယ်ဖို့အတွက် နိုင်ငံတွေအပေါ် ဥပဒေဆိုင်ရာ တာဝန်တွေအပ်နှင်းထားတဲ့ ထုံးတမ်းဥပဒေရဲ့ အာဏာကို ယူထားပါတယ်။ UDHR က နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်နဲ့ မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားတဲ့ စာချုပ် လေးခု အနက် တစ်ခုဖြစ်တဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်တို့နှင့်အတူ အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ ဥပဒေမူကြမ်းကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ကြေညာစာတမ်းမှာ ပြဌာန်းထားတဲ့ လူ့အခွင့်အရေးတွေက များစွာသော ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ ရန်ပုံငွေများနဲ့ အစီအစဉ်များကို ဖွဲ့စည်းစေတဲ့၊ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို သတ်မှတ်စေတဲ့ နောက်ကွယ်က တွန်းအားတစ်ခုဖြစ်စေခဲ့တာကလည်း မှတ်သားစရာဖြစ်ပါတယ်။
UDHR က သူ့ရဲ့ အားလုံးနဲ့ဆိုင်တဲ့ တန်ဖိုးကို ခိုင်မာစေကာ ဘာသာပေါင်း ၅၀၀ ကျော်ထိ ဘာသာပြန်ဆိုထားပြီး၊ မြန်မာဘာသာဖြင့်လည်း ရရှိနိုင်ပါတယ်။
UDHR က သင့်ရဲ့အခွင့်အရေးတွေကို ဘယ်လို အကာအကွယ်ပေးပါသလဲ။
UDHR က အပြည်ပြည်ဆိုင်ရာ အခွင့်အရေး စနစ်အတွက် အခြေခံ စာတမ်းဖြစ်တဲ့အတိုင်း အပိုဒ်ခွဲပေါင်း ၃၀ ဖြင့် ကျွန်တော်တို့ နေ့စဉ်ဘဝတွေရဲ့ အရပ်ဘက်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု ကဏ္ဍတွေပါဝင်တဲ့ လူ့အခွင့်အရေး နယ်ပယ်တစ်ခုလုံးကို ထည့်သွင်းထားပါတယ်။
သာတူညီမျှမှုနဲ့ ခွဲခြားဆက်ဆံမှုမရှိခြင်း သဘောတရားတွေက ဒီစနစ်အတွက် အဓိက ဖြစ်ပါတယ်။ လူမဆန်မှုကနေ တွေးဆလို့မရနိုင်တဲ့ ဆင်းရဲဒုက္ခတွေကို ကမ္ဘာစစ်ကြီးက ဘယ်လို ယူဆောင်လာခဲ့တယ်ဆိုတာ လက်ခံထားကာ၊ လူအားလုံးဟာ တန်းတူဖြစ်ပြီး လူမျိုး၊ အသားအရောင်၊ ကျား-မ၊ ဘာသာစကား၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံရေးယူဆချက် သို့မဟုတ် အခြား ယူဆချက်၊ နိုင်ငံနဲ့ဆိုင်တဲ့ သို့မဟုတ် လူမှုအဆင့်အတန်းနဲ့ဆိုင်တဲ့ ဇစ်မြစ်၊ ပိုင်ဆိုင်မှု၊ မျိုးရိုးဇာတိ သို့မဟုတ် အခြားအဆင့်အတန်း စတာတွေအပေါ် ခွဲခြားဆက်ဆံမှု မရှိစေရလို့ UDHR မှာ ပြတ်ပြတ်သားသား ဖော်ပြထားပါတယ်။ ဘယ်လိုအကြောင်းကြောင့်မဆို ခွဲခြားဆက်ဆံမှုကို လှုံ့ဆော်ချက်မှန်သမျှကိုလည်း တားမြစ်ထားပါတယ်။
အဲဒီသဘောတရားတွေက အားလုံးနဲ့ သက်ဆိုင်တယ်လို့ UDHR မှာ အသိအမှတ်ပြုထားတဲ့ အဓိက အခွင့်အရေးတွေဖြစ်တဲ့ ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နဲ့ လုံခြုံစိတ်ချခွင့်တို့နဲ့ အပြည့်အဝ ဆက်စပ်နေပါတယ်။ အခွင့်အရေးတွေရဲ့ အပြန်အလှန် မှီခိုနေမှုကို ဖော်ပြပြီး၊ ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နဲ့ လုံခြုံစိတ်ချခွင့်တို့ဟာ သာတူညီမျှမှုနဲ့ ခွဲခြားဆက်ဆံမှုမရှိခြင်းတို့နဲ့ ဆက်စပ်နေတာကို UDHR မှာ ဖွင့်ဆိုထားပါတယ်။ UDHR က ကာကွယ်ထားတဲ့ ပထမဆုံး အခြေခံ လွတ်လပ်ခွင့်ဖြစ်တဲ့ ကျွန်ပြုခြင်းမှ ကင်းလွတ်ခွင့်က စံနမူနာဖြစ်ပါတယ်။
ပြီးနောက် UDHR က နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေရဲ့ အဓိက သဘောတရားတွေကို ဖော်ပြပါတယ်။ စုံစမ်းစစ်ဆေးစဉ်ကာလအတွင်း ပြစ်မှုမမြောက်တဲ့ လုပ်ရပ်တွေအတွက် တရားစွဲဆိုမခံရခွင့်နဲ့ အပြစ်မရှိသူဟု ယူဆခြင်းခံထိုက်ခွင့်အပါအဝင် ဥပဒေအရာ၌ သာတူညီမျှ ဆက်ဆံခံရမည့် လူတိုင်းရဲ့ အခွင့်အရေးကို အသိအမှတ်ပြုထားပါတယ်။ ဘယ်သူ့ကိုမှ ညှင်းပန်းနှိပ်စက်ခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်လူမဆန်စွာ ဂုဏ်ငယ်စေတဲ့ ဆက်ဆံမှုနဲ့ တရားဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း သို့မဟုတ် ပြည်နှင်ခဏ်ခံရခြင်း မခံရစေဖို့အတွက်ကိုလည်း တားမြစ်ထားပါတယ်။ ချိုးဖောက်မှုများရှိပါက လူတိုင်း လွတ်လပ်ပြီး ဘက်မလိုက်တဲ့ တရားရုံးတော်ရဲ့ လူအများရှေ့မှောက်မှာ မျှတစွာ ကြားနာစစ်ဆေးခြင်း ခံစားပိုင်ခွင့်နဲ့ ချိုးဖောက်မှုကြောင့် ဖြစ်ပေါ်တဲ့ နစ်နာချက်တွေအတွက် သက်သာခွင့်တို့ကို UDHR က ချမှတ်ထားပါတယ်။
နောက်ဆက်တွဲ အပိုဒ်တွေမှာတော့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု ကဏ္ဍဆိုင်ရာ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေအကြောင်းကို ကူးပြောင်းသွားပြီး၊ နိုင်ငံသားဖြစ်ခွင့်နဲ့ အဲဒီအခွင့်အရေးကို ငြင်းပယ်မခံရခွင့်၊ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့်၊ ကိုယ်ရေးကိုယ်တာ၊ မိသားစုနဲ့ နေအိမ်အသိုက်အဝန်းတို့နဲ့ပတ်သက်တဲ့ အခွင့်အရေး၊ ထိမ်းမြားလက်ထပ်ခွင့်နဲ့ မိသားစုထူထောင်နိုင်ခွင့်၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်နိုင်ခွင့်တို့ကို UDHR က ကာကွယ်ပေးထားပါတယ်။ ဒါ့အပြင် အခြေခံအခွင့်အရေးများစွာကို ချိုးဖောက်ခြင်းကြောင့် ဖြစ်ပွားတဲ့ ပြစ်မှုတွေဖြစ်တဲ့ ညှင်းပန်းနှိပ်စက်ခြင်းမှ ကင်းလွတ်ဖို့အတွက် ခိုလှုံရာ ရှာဖွေ နေထိုင်နိုင်ခွင့်ကို အထူးသဖြင့် ဒုက္ခသည်တွေအတွက် အကာအကွယ် ပေးထားပါတယ်။ အဲဒီမူဝါဒက ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ညီလာခံအတွက် ကနဦးအခြေခံ ဖြစ်ပြီး၊ အပိုဒ် ၁၄ မှာ ဖော်ပြထားပါတယ်။
အထက်က အခွင့်အရေးတွေအားလုံးကို အကောင်အထည်ဖော်ဖို့ လူတိုင်း လွတ်လပ်စွာ တွေးခေါ်ကြံဆနိုင်ခွင့်၊ ခံယူရပ်တည်နိုင်ခွင့်၊ သက်ဝင်ကိုးကွယ်နိုင်ခွင့်၊ ထင်မြင်ယူဆနိုင်ခွင့်နဲ့ ဖွင့်ဟဖော်ပြနိုင်ခွင့်ရှိတာကို UDHR က အသိအမှတ်ပြုထားပါတယ်။ အဲဒါတွေကို အကောင်အထည်ဖော်ဖို့အတွက် အဲဒီအခွင့်အရေးတွေ တိုးမြှင့်ဖို့ လူအားလုံး ငြိမ်းချမ်းစွာ စုဝေးနိုင်ခွင့်နဲ့ ဖွဲ့စည်းနိုင်ခွင့်ရှိပြီး၊ နိုင်ငံရဲ့ ပြည်သူ့ဘဝတွေမှာ ထိရောက်စွာ ပါဝင်ဆောင်ရွက်နိုင်ခွင့်လည်းရှိပါတယ်။
အဲဒီအခွင့်အရေးတွေဟာ လူမှုဖူလုံရေးဆိုင်ရာ အခွင့်အရေး၊ အစာအာဟာရ၊ အဝတ်အထည်၊ အိုးအိမ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အေးချမ်းစွာနေထိုင်နိုင်ရေးနဲ့ ကျန်းမာရေးအတွက် သင့်တင့်လျောက်ပတ်တဲ့ လူနေမှုအဆင့်အတန်း ရရှိခွင့်၊ ပညာသင်ယူနိုင်ခွင့်နဲ့ လူ့ယဉ်ကျေးမှုဘဝမှာ ပါဝင်နိုင်ခွင့် စတာတွေနဲ့ ဆက်စပ်နေပါတယ်။ အလုပ်လုပ်နိုင်တဲ့၊ မိမိနှစ်သက်ရာ အသက်မွေးဝမ်းကျောင်းကို လွတ်လပ်စွာ ရွေးချယ်နိုင်တဲ့၊ သင့်မြတ်လျော်ကန်တဲ့ အလုပ်လုပ်ချိန်နဲ့ အနားယူခွင့် အပါအဝင် မျှတပြီး လုပ်ပျော်တဲ့ အခြေအနေနဲ့ အလုပ်လုပ်နိုင်တဲ့ အခွင့်အရေးတွေနဲ့လည်း တိကျစွာ ပေါင်းစပ်ထားပါတယ်။
နောက်ဆုံးပိုင်းမှာ “စုပေါင်း အထွေထွေ အခွင့်အရေး” လို့ခေါ်တဲ့ အခွင့်အရေးတွေ ပါဝင်ပါတယ်။ အဲဒီအခွင့်အရေးတွေကို ကျင့်သုံးရမယ့် အခြေခံနည်းလမ်းတွေကို သတ်မှတ်တာ၊ တစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေ အသုံးမပြုနိုင်တဲ့ နယ်ပယ်တွေ သတ်မှတ်တာ၊ လူ့အဖွဲ့အစည်းအတွက် တစ်ဦးချင်းစီရဲ့ တာဝန်ဝတ္တရားတွေကို ဖော်ပြတာ၊ ကုလသမဂ္ဂရဲ့ ရည်ရွယ်ချက်တွေနဲ့ ဆန့်ကျင်တဲ့နည်းလမ်းနဲ့ အခွင့်အရေးတွေကို အသုံးချမှုကို တားမြစ်တာ စတာတွေ ပါဝင်ပါတယ်။ လူတိုင်းရဲ့အခွင့်အရေးတွေကို လေးစားလိုက်နာမှုရှိစေဖို့အတွက် သူတို့ကို ကာကွယ်နိုင်တဲ့ အမိန့်အာဏာတစ်ရပ် ရှိဖို့ လိုအပ်ပါတယ်။ စုပေါင်း အထွေထွေ အခွင့်အရေးတွေရဲ့ ရည်ရွယ်ချက်မှာ အဲဒီအမိန့်အာဏာဟာ တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်သင့်တာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စစ်တပ်မှ အာဏာရယူရန် ကြိုးပမ်းမှုအပြီး၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းမှာ ပြဌာန်းထားတဲ့ အခွင့်အရေးတစ်ခုချင်းစီကို ခံစားခွင့် နဲ့/သို့မဟုတ် ကာကွယ်ပေးခြင်းတွေမှာ ဆုတ်ယုတ်မှုတွေ ဖြစ်ပေါ်နေခဲ့တာကို အကြိမ်ကြိမ် ထောက်ပြခဲ့ပြီး ဖြစ်ပါတယ်။
အရပ်သားပြည်သူလူထုအပေါ် ဦးတည်တဲ့ အကြမ်းဖက်မှုတွေက ပြည်သူတွေရဲ့ အခွင့်အရေးတွေဖြစ်တဲ့ ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နဲ့ လုံခြုံစိတ်ချခွင့်၊ ဥပဒေအရမဟုတ်တဲ့ ဖမ်းဆီးခြင်းမှ ကင်းလွတ်ခွင့်၊ ဥပဒေအရာ၌ သာတူညီမျှမှုရှိခြင်း၊ ဖွင့်ဟဖော်ပြနိုင်ခွင့်၊ ရွှေ့ပြောင်းသွားလာခွင့်တို့အပြင် ဖွဲ့စည်းနိုင်၊ စုဝေးနိုင်၊ ခွဲခြားဆက်ဆံမခံရတဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို စနစ်တကျ ချိုးဖောက်ထားပြီးဖြစ်ပါတယ်။
တရားဥပဒေစိုးမိုးမှု လုံးဝ ပြိုလဲပြီးနောက် တရားစီရင်ရေးစနစ်ဟာ စစ်တပ်ဖွဲ့စည်းပုံအတွင်း ပေါင်းစည်းထားတဲ့အတွက် လွတ်လပ်မှုမှန်သမျှ ဆုံးရှုံးပြီး၊ ပြည်သူတို့မှာ ဥပဒေအရာ၌ အသိအမှတ်ပြုခံရမယ့်အခွင့်အရေး၊ ဥပဒေအရမဟုတ်တဲ့ ဖမ်းဆီးခံရခြင်းမှ အကာအကွယ်ပေးခြင်း၊ အပြစ်မရှိဟု ယူဆခြင်းခံထိုက်ခွင့်အပြင် ညှင်းပန်းနှိပ်စက်မှုကို တားမြစ်ခြင်း စတဲ့ အခွင့်အရေးတွေနဲ့ပတ်သက်ပြီး ဆိုးရွားစွာ ချိုးဖောက်ခံနေကြရပါတယ်။
ချိုးဖောက်မှုတွေနဲ့အတူ ခွဲခြားဆက်ဆံမှုဟာလည်း စစ်တပ်နဲ့ ဥပဒေစနစ်တွေထဲမှာ အမြစ်တွယ်နေတဲ့အတွက် အထူးသဖြင့် လူနည်းစုအသိုက်အဝန်းတွေ ထိခိုက်ခံစားနေရပါတယ်။ တရားဥပဒေဆိုင်ရာနဲ့ ဗျုရိုကရေစီဆန်တဲ့ စနစ်တွေကို ပေါင်းစပ်အသုံးချမှုကြောင့် ရိုဟင်ဂျာတွေနဲ့ အခြား လူနည်းစုအသိုက်အဝန်းတွေဟာ နိုင်ငံတွင်း ပြည်သူ့ဘဝတွေမှာ ပါဝင်ဆောင်ရွက်နိုင်ခွင့်၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အသက်ကယ်ဆယ်ရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို လက်လှမ်းမှီရယူနိုင်ခွင့်အပြင် လွတ်လပ်စွာ ရွေ့ပြောင်းသွားလာခွင့်၊ အလုပ်လုပ်ခွင့်၊ ထိမ်းမြားလက်ထပ်ခွင့်နဲ့ သင့်တော်လျောက်ပတ်တဲ့ အခြေအနေနဲ့ နေထိုင်ခွင့် စတဲ့ အခြား အခြေခံ အခွင့်အရေးတွေအပါအဝင် နိုင်ငံသားဖြစ်ခွင့်နဲ့ သူနဲ့ ဆက်စပ်တဲ့ အခွင့်အရေးတွေ ဖယ်ရှားခံနေရပါတယ်။
၇၅ နှစ်ပြည့် UDHR နဲ့ လူ့အခွင့်အရေးကို ဆက်လက် မြှင့်တင်ဖို့ ကျွန်တော်တို့ရဲ့ တာဝန်
နှစ်ပေါင်းများစွာကြာပြီးနောက် UDHR အနေနဲ့ ကမ္ဘာတဝန်း လူ့အခွင့်အရေးတိုးတက်မှုအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှု ရှိပါတယ်။ ကမ္ဘာတစ်ဝန်း လူ့အခွင့်အရေး မြှင့်တင်ရာမှာ တိုးတက်အောင်မြင်မှုအချို့မှာ-
- ပြီးပြည့်စုံတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး မူဘောင်တစ်ရပ်ကို ဖော်ဆောင်နိုင်ခြင်း၊
- UDHR ရဲ့ အခြေခံမူတွေကို နိုင်ငံ ဖွဲ့စည်းပုံအခြေခံမူတွေ၊ ဥပဒေတွေနဲ့ မူဝါဒချမှတ်ရေးတွေမှာ ထည့်သွင်းရေးဆွဲခြင်း၊
- အခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေကို ကမ္ဘာလုံးဆိုင်ရာ အကာအကွယ် တိုးမြှင့်ခြင်း၊
- ကမ္ဘာလုံးဆိုင်ရာ သိမြင်မှုကို တိုးမြှင့်ခြင်းတို့ ပါဝင်ပါတယ်။
ဒါပေမယ့် လူ့အခွင့်အရေးတွေကို အပြည့်အဝ အသုံးချဖို့ သေချာစေရေးမှာ များပြားလှတဲ့ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ ဒါ့အပြင် ကမ္ဘာအနှံ့ နေရာတိုင်း လူတိုင်း ဘယ်လို ခွဲခြားဆက်ဆံမှုမှ မရှိဘဲ အဲဒီအခွင့်အရေးတွေ ခံစားနိုင်စွမ်းရှိအောင် ဆက်လက် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
ဒါ့ကြောင့် အခွင့်အရေးတစ်ခုစီတိုင်းကို ကာကွယ်ဖို့၊ မြှင့်တင်ဖို့နဲ့ အရပ်ဘက်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေအပါအဝင် ဘဝ စာမျက်နှာအားလုံးမှာ ခံစားနိုင်စေဖို့ သေချာစေရေးဟာ ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်လာပါတယ်။ အဲဒီ ပန်းတိုင်ဆီရောက်ရှိအောင် စုပေါင်းကြိုးပမ်းကြရာမှာ ကုလသမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအနေနဲ့ များစွာသော ဒေသအမျိုးမျိုး၊ ကဏ္ဍအသီးသီးမှာ ဆောင်ရွက်နေကြပါတယ်။