အခက်အခဲတွေကြားထဲက ရုန်းကန်နိုင်ခြင်း
စာဖတ်ခြင်းကတဆင့် မြန်မာကလေးငယ်တွေကို စိတ်ကူးသစ်တွေ ပေးနိုင်စွမ်းနိုင်ခဲ့တဲ့ ဆရာမတစ်ဦးအကြောင်း
အသက် ၃၁ နှစ်အရွယ် ဆရာမ နန့်မေဘရဏီဟာ မြန်မာနိုင်ငံအလယ်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးက ကလေးငယ်တွေ ပညာသင်ကြားခွင့် ပြန်လည်ရရှိရေးနဲ့ တိုးချဲ့ပညာသင်ကြားခွင့် ရရှိရေးတို့မှာ ရှေ့တန်းကနေ ပါဝင်ဆောင်ရွက်နေသူတစ်ဦး ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒေသတော်တော်များများလိုပဲ ဧရာဝတီတိုင်းဒေသကြီးမှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စာသင်ကျောင်းတွေ အချိန်ကြာမြင့်စွာ ပိတ်ထားခဲ့ရသလို ၂၀၂၁ ခုနှစ် အစောပိုင်းကစတဲ့ ပဋိပက္ခတွေကြောင့်လည်း အခြေအနေတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ဒီစိန်ခေါ်မှုတွေအကုန်လုံးဟာ ပညာရေးစနစ်ကိုအကြီးအကျယ် ထိခိုက်စေပြီး ကလေးတွေကို အချိန်ကြာမြင့်စွာ ပညာသင်ကြားခွင့် ဆုံးရှုံးစေခဲ့တာကြောင့် ကလေးတွေဟာ ပညာရေးမှာ စိတ်ဝင်စားမှု သိသိသာသာ ကျဆင်းသွားစေခဲ့ပါတယ်။
"ကျွန်မတို့ကလေးတွေအတွက် သင်ယူလေ့လာဖို့ အခွင့်အလမ်းတွေ ပျောက်သွားခဲ့တယ်။ ကျောင်းမတက်ရတဲ့ကလေးတွေအတွက် အန္တရာယ်အမျိုးမျိုးနဲ့ ကြုံရနိုင်ခြေတွေလည်းပိုတိုးလာတယ်။” လို့ နန့်မေကပြောပြပါတယ်။ ဆရာမနန့်မေဟာအစိုးရကျောင်းမှာ ကရင်စာပေသင်ကြားသူ စေတနာ့ဝန်ထမ်းအဖြစ် ၅ နှစ်လုပ်ကိုင်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးထဲက ရပ်ရွာကျောင်းတစ်ကျောင်းမှာလည်း အချိန်ပြည့် လက်ထောက်ဆရာမတစ်ဦးအဖြစ် လေးနှစ်လုပ်ကိုင်ခဲ့ဖူးပါတယ်။ အစိုးရပညာရေးအပြင် ဒေသန္တရအသင်းတော် ကရင်စာပေ သင်တန်းမှာလည်း ဦးဆောင်ဆရာအဖြစ် ပါဝင်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
"တစ်သက်လုံး ဆရာမလုပ်ခဲ့တော့ ကလေးတွေရဲ့ အိပ်မက်တွေ အနာဂတ်တွေ တဖြည်းဖြည်း မှေးမှိန်လာတာကို မြင်ရတာဟာ ကျွန်မကို နေ့စဥ်စိတ်သောကဖြစ်စေတယ်။ ဒီအခြေအနေတွေကို တစ်နည်းမဟုတ်တစ်နည်းနဲ့ တိုးတက်အောင်လုပ်ချင်စိတ်ဖြစ်လာခဲ့တယ်။” လို့ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ဖို့ အခွင့်အလမ်းတွေကို တက်တက်ကြွကြွ ရှာဖွေပြီး ကလေးတွေရဲ့ ပညာရေးဝန်ဆောင်မှုတွေ ပြန်လည်ရရှိအောင် ကြိုးစားဖြစ်ခဲ့ပုံကို အလေးပေး ပြောပြခဲ့ပါတယ်။
၂၀၂၃ မေလမှာ ကလေးတွေရဲ့ အခြေခံပညာရေးကို အထောက်အကူပြုတဲ့ ပညာရေးလမ်းကြောင်းများ ဖော်ဆောင်ခြင်း (QBEP4C) ပညာရေးပရောဂျက်ကို ဧရာဝတီတိုင်းဒေသကြီးထဲက မြို့နယ်တွေမှာ တိုးချဲ့ဆောင်ရွက်လာချိန်မှာတော့ ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေကို ပံ့ပိုးပေးလိုတဲ့ နန့်မေရဲ့ ပြင်းပြတဲ့ဆန္ဒဟာ အကောင်အထည်ပေါ်လာခဲ့ပါတော့တယ်။ ဥရောပသမဂ္ဂ၊ ဖင်လန်နိုင်ငံနဲ့ ဩစတြေးလျနိုင်ငံတွေက ငွေကြေးပံ့ပိုးပေးထားတဲ့ QBEP4C ပရောဂျက်ဆိုတာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပညာရေးကွာဟချက်တွေကို ပေါင်းကူးပေးဖို့အတွက် ရပ်ရွာကဦးဆောင်ပြုလုပ်တဲ့ ယူနီဆက်ရဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒီအစီအစဉ်က ကလေးတွေနဲ့ ဆယ်ကျော်သက်လူငယ်တွေအတွက် လွဲချော်နေတဲ့ ပညာရေး အခွင့်အလမ်းတွေကို ပြန်ပြီးဖမ်းဆုပ်နိုင်ဖို့နဲ့ သူတို့ရဲ့ အိပ်မက်တွေကို ပြန်ပြီး ရှာဖွေတွေ့ရှိနိုင်ဖို့ ပညာရေး ဖြည့်စွက်လမ်းကြောင်းတွေကို ရရှိစေပါတယ်။
ရပ်ရွာထဲက ကလေးတွေကို ပညာရေးနဲ့ ပြန်လည်ချိတ်ဆက်ပေးတဲ့အခါမှာ အခက်အခဲတွေရှိခဲ့တယ်လို့ နန့်မေက ပြောပြပါတယ် - "ကလေးတွေက အချိန်အကြာကြီးနေပြီးမှ စာသင်ဖို့ကျောင်းပြန်တက်ကြရတဲ့အခါ စာသင်ဖို့ သူတို့စိတ်မဝင်စားကြတော့ဘူး။ ဖုန်းတွေရှိလာကြတာကလည်း စာစိတ်ဝင်စားတာကို ပိုနည်းလာစေပါတယ်။ "
အစီအစဉ်အစပိုင်းမှာတော့ ဆရာ၊ဆရာမတွေဟာ အခက်အခဲအမျိုးမျိုးနဲ့ရင်ဆိုင်ခဲ့ကြရတယ်။ ကလေးတွေက အတန်းထဲကို ဖုန်းတွေယူလာတယ်။ ကျောင်းသားအချင်းချင်း ရောရောနှောနှော ပေါင်းသင်းဆက်ဆံတာမျိုးတွေလည်းနည်းတယ်။ ပညာရေးနဲ့ ပိုနီးစပ်လာဖို့ ချဥ်းကပ်တဲ့နည်းသစ်တွေ သုံးဖို့လိုအပ်တယ်ဆိုတာကို တွေးမိတဲ့ ဆရာမနန့်မေက ကလေးတွေရဲ့ အာရုံစိုက်မှု ရဖို့နဲ့ အမူအကျင့်ကောင်းတွေကို အားပေးဖို့ သမာရိုးကျ သင်ကြားရေးနည်းလမ်းမဟုတ်တဲ့ နည်းလမ်းတွေကို ရှာဖွေခဲ့ပါတယ်။ “ကျွန်မက ကလေးတွေကို စာဖတ်ခြင်းကနေရတဲ့ ပျော်ရွှင်မှုတွေကို ပြဖို့ ဖြည်းဖြည်းချင်း ကြိုးစားခဲ့တယ်။ ကျွန်မတို့ ဂိမ်းတွေအတူတူဆော့ကြတယ်၊ နောက်တော့ ကလေးတွေ စုပေါင်းလုပ်တတ်လာတာကို တွေ့ရတယ်။ သူတို့ကို စာရွက်နဲ့ ရောင်စုံခဲတံလေးတွေပေးပြီး ပုံလေးတွေဆွဲခိုင်း၊ လက်မှုပစ္စည်းလေးတွေ လုပ်ခိုင်းရင်လည်း ပျော်ကြတယ်။ ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်ထားတတ်လာတယ်။ စာအုပ်တွေဆိုလည်း သူတို့နဲ့ဆိုင်တဲ့နေရာမှာ ပြန်သိမ်းတာမျိုးတွေလည်းလုပ်လာတတ်ကြတယ်။”
ကျန်းမာရေးအခြေအနေကြောင့် သူငယ်တန်း စာသင်နှစ် တစ်ဝက်မှာကျောင်းကနေ အနားယူခဲ့ရတဲ့ ၈ နှစ်အရွယ် သားလေး စခန့်ဝေအောင်ကလည်း ဒီအစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ သွေးဖြူဥဆဲလ်များလို့ မကြာခဏ သွေးသွင်းနေရပေမယ့် သူက " သားက စာကြည့်တိုက်သွားရတာကို သိပ်ကြိုက်တာ" လို့ သူ့ရဲ့ အတွေ့အကြုံကို ပြန်ပြောပြထားပါတယ်။ သူငယ်ချင်းတွေနဲ့ ကစားရတာ အရမ်းပျော်တယ် ၊ စာအုပ်ဖတ်ရတာကို ကြိုက်တယ်။ ပုံဆွဲရတာလည်း ပျော်စရာကြီး၊ ဂျုံနဲ့ကစားရတာလည်း သိပ်ပျော်ဖို့ကောင်းတယ်။ ဆရာမနန့်မေက သားတို့ကို ပုံပြင်တွေလည်း အများကြီးပြောပြတယ်။ ဆရာမကိုလည်းချစ်တယ်။"
ကလေးတွေက ဖုန်းကိုပဲ သုံးနေကြရာကနေ တခြားလှုပ်ရှားမှုတွေမှာလည်း ပျော်စရာအသစ်တွေကို ရှာတတ်လာကြတာကြောင့် ဒီ အစီအစဉ်ရဲ့ အကျိုးသက်ရောက်မှုဟာ ကလေးတွေရဲ့ အမူအကျင့်ကို သင်ကြားရေးစင်တာမှာတင် မဟုတ်ဘဲ တခြားနေရာတွေမှာပါ ပြောင်းလဲလာစေခဲ့တဲ့အကြောင်းကို မိဘတွေကလည်း ကျေနပ်အားရပြီး ပြန်ပြောပြကြပါတယ်။
“အရင်ကဆို သူတို့အိမ်ပြန်ရောက်တာနဲ့ ဖုန်းပဲသုံးချင်နေကြတာ။ အခုဆို သူတို့က ဖုန်းကြည့်တဲ့အချိန်တွေလျော့ပြီး စာဖတ်တာ၊ ပုံဆွဲတာတွေကို ကြိုက်လာတယ်၊ တခြားလှုပ်ရှားမှုတွေမှာပါ ပါတတ်လာတယ်" လို့ အစီအစဉ်မှာ တက်ရောက်နေတဲ့ ကျောင်းသူလေးနှစ်ဦးရဲ့ မိခင်ဖြစ်သူ ဒေါ်အေးမြင့်က ဆိုပါတယ်။
နန့်မေဘရဏီက QBEP4C ပရောဂျက်က ပို့ချတဲ့ “Digital Literacy, Literacy and Numeracy Assessment, Multiplier and Teacher Resource Package" ၁၀ ရက်တာသင်တန်းကနေ ကျွမ်းကျင်မှုအသစ်တွေ ရရှိလာတာ တွေ့ရပါတယ်။ သူက အခုဆိုရင် သူ့ရဲ့သင်ကြားရေး နည်းလမ်းတွေမှာ ဒစ်ဂျစ်တယ် ကျွမ်းကျင်တတ်မြောက်မှုကိုပါ ချောချောမွေ့မွေ့ ထည့်သွင်း သင်ကြားပေးနိုင်ပြီဖြစ်ပါတယ်။
“အခုဆို ကျွန်မ Learning Passport ကို သုံးပြီး ပုံပြင်တွေ ပြောတတ်လာတယ်။ ပြီးတော့ ကျွန်မက ပုံဆွဲတော်တဲ့သူမဟုတ်ပေမယ့် ကလေးတွေကို မသင်ခင် ကျွန်မဘာသာအရင်လေ့ကျင့်ဖို့ အခြေခံ ပုံဆွဲနည်းဗီဒီယိုတွေ၊ လေ့ကျင့်ခန်းတွေကို YouTube မှာ ရှာတတ်လာပါတယ်။ လက်မှုပစ္စည်းလေးတွေလုပ်တာနဲ့ ဓာတ်ပုံရိုက်တာအတွက်လည်း လေ့လာဖြစ်တယ်။ YouTube နဲ့ Google နှစ်ခုစလုံးကနေ စာသင်၊ ဆော့ကစားနေတဲ့ ကလေးတွေရဲ့ပုံကို ရိုက်ဖို့ ဓာတ်ပုံပညာဗဟုသုတွေလည်း ကျွန်မရခဲ့တယ်။ Viber ကလည်း ကျွန်မအတွက် တော်တော်အသုံးဝင်တယ်။ ကလေးသူငယ်တွေရရှိသင့်တဲ့ အခွင့်အရေးတွေနဲ့ပတ်သက်ပြီး အများကြီးလေ့လာခဲ့တယ် - ကလေးတစ်ယောက်ကို ဆုံးမဖို့လိုလာပြီဆိုရင် သူတို့ကို ဒီအတိုင်း 'ဒါမလုပ်နဲ့' လို့ ပြောမယ့်အစား စာအုပ်ထဲက ဇာတ်လမ်းလေးတွေကိုသုံးပြီး ဆုံးမတတ်လာတယ်။ ပေါ့ပေါ့ပါးပါး ရှင်းပြတဲ့သဘောသက်ရောက်တဲ့အပြင် သူတို့လေးတွေရဲ့ နူးညံ့တဲ့ စိတ်ခံစားချက်လေးတွေကို မထိခိုက်စေတော့ဘူးပေါ့။ "
ရပ်ရွာလူထုကိုယ်စား နန့်မေဘရဏီက QBEP4C ရဲ့ အကျိုးသက်ရောက်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ် - "ဒီအစီအစဉ်ကို ကျွန်မတကယ်ပဲ ကျေးဇူးတင်ပါတယ်။ မိဘတွေနဲ့ ရပ်ရွာလူထုရဲ့ စိတ်အားထက်သန်မှုနဲ့ တက်တက်ကြွကြွ ပါဝင်မှုကြောင့်လည်း ဒီအစီအစဉ်ကို အောင်မြင်စေခဲ့တယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့ရဲ့ သင်ကြားရေးစင်တာမှာ အခုဆို ပရောဂျက်ကရော ရပ်ရွာလူထုကရော ထောက်ပံ့ထားတဲ့ စာအုပ်တွေအများကြီး ရှိနေပါပြီ။”
QBEP4C အစီအစဉ်က နန့်မေလို စိတ်အားထက်သန်တဲ့ ဆရာဆရာမတွေအနေနဲ့ ကလေးတွေအတွက် သင်ယူနိုင်မယ့် အခွင့်အလမ်းတွေနဲ့ ပြန်ပြီးချိတ်ဆက်ပေးလိုတဲ့ ရည်ရွယ်ချက်တွေကိုပြည့်ဝအောင် လုပ်ပိုင်ခွင့်ရစေခဲ့တဲ့အကြောင်းကို "ကျွန်မတို့ ရပ်ရွာထဲက ကလေးတွေကို စာအုပ်စာပေတွေကို စိတ်ရင်းနဲ့ ချစ်တတ်စေချင်တယ်၊ စာဖတ်ခြင်းကတစ်ဆင့် အလေ့အကျင့်ကောင်းတွေ ရစေချင်တယ်၊ ပြီးတော့ သူတို့ရဲ့ လိုအပ်ချက်တွေ ပြည့်ဝပြီး ပိုပြီးတောက်ပတဲ့ အနာဂတ်အတွက် သူတို့ရည်မှန်းချက်တွေ အောင်မြင်အောင် ပံ့ပိုးပေးချင်တယ်" လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် ကလေးငယ် ၄ သန်းကျော်ဟာ ပညာရေးအခွင့်အလမ်းတွေ ဆုံးရှုံးနေကြရပါတယ်။ အလှူရှင်တွေဆီက ထောက်ပံ့မှုတွေနဲ့အတူ QBEP4C က ဧရာဝတီ၊ ပဲခူး၊ ချင်း၊ ကချင် ၊ မကွေး ၊ ရခိုင် ၊ စစ်ကိုင်း ၊ မန္တလေးနဲ့ ရှမ်းဒေသတွေက ပဋိပက္ခဒဏ်ခံစားနေရတဲ့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်လူငယ်တွေ စဉ်ဆက်မပြတ် သင်ယူနိုင်ဖို့ ပံ့ပိုးပေးပြီး တခြားရွေးချယ်စရာ ပညာရေးလမ်းကြောင်းတွေကို ဖော်ဆောင်ပေးရင်း ဒီကွာဟချက်တွေကို ဖြည့်ဆည်းပေးလျက်ရှိပါတယ်။
*ဤဆောင်းပါးကို UNICEF မြန်မာ ဝက်ဘ်ဆိုဒ် တွင် မူရင်းရေးသားထုတ်ဝေခဲ့ပါသည်။