စိမ်းလန်းစိုပြည်မှုကို ပြန်လည်ရယူခြင်း၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ဒေသခံပြည်သူများမှ သစ်တောပြုန်းတီးမှုကို ကြံ့ကြံ့ခံတိုက်ဖျက်ခြင်း
UNODC ၏ ဘိန်းအစားထိုးဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသည် ဘိန်းစိုက်ပျိုးမှုဒဏ်ကြောင့် ပျက်စီးသွားသော ရှမ်းပြည်နယ်တောင်ပိုင်းရှိသစ်တောများကိုပြန်လည်စိမ်းစိုစေခဲ့သည်။
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ဒေသသည် ရင်သပ်ရှုမောဖွယ်ရာ မြေယာအလှရှုခင်းများ၊ မြောက်မြားစွာသော ယဉ်ကျေးမှု အမွေအနှစ်များ နှင့် ပျော်ရွှင်တက်ကြွမှုရှိသည့် လူမျိုးစုများနှင့် ထင်ရှားကျော်ကြားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ဒေသခံ ကျေးရွာသူ/သားများတို့သည် မျိုးဆက်များစွာတိုင်အောင် သစ်ပင်အမျိုးအစား စုံလင်စွာဖြင့် ထူထပ်စွာပေါက်ရောက်နေသော သစ်တောများ၊ စိမ်းလန်းစိုပြည် ဖြစ်ထွန်းအောင်မြင်နေသော လယ်ယာစိုက်ခင်းများ၊ ခိုင်မာသော ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများနှင့် ရှင်သန်နေထိုင်ခဲ့ကြပါသည်။ သိုသော်လည်း ထိုစိတ်ချမ်းမြေ့သာယာဖွယ် အခြေအနေများကို ဘိန်းစိုက်ပျိုးမှုကြောင့် ဖြစ်ပေါ်လာသည့် သစ်တောပြုန်းတီးခြင်းဆိုသည့် ခြိမ်းခြောက်မှုတစ်ခုက အရိပ်ဖုံးလွှမ်းလာနေပါသည်။
မကြာသေးမီနှစ်များက ရှမ်းပြည်နယ်ရှိ ဘိန်းစိုက်ပျိုးမှု လျော့ကျခြင်းဆိုသည့် ကောင်းမွန်သော အလားအလာအဖြစ်မှ စိတ်ပျက်ယုံကြည်မှုကင်းမဲ့ဖွယ် ကပြောင်းကပြန် အခြေအနေများ ဖြစ်ပေါ်လာပါသည်။ အာဖဂန်နစ္စတန်နိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်း လျော့ကျလာပြီးနောက် မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ၁၀၈၀ မက်ထရစ်တန် ဘိန်းထွက်ရှိမှုနှင့်အတူ ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု အများဆုံးဆိုသည့် ခေါင်းစဉ်ကို ရရှိလာခဲ့ပါသည်။ ဤသို့သောအခြေအနေသည် ဒေသ၏ ပတ်ဝန်းကျင်ဆိုင်ရာ ဂေဟစနစ်၊ သစ်တောပြုန်းတီးမှု နှင့် အတူ ဒေသခံ ရှမ်းပြည် ပြည်သူလူထုအပေါ် သက်ရောက်လာသော သိသာထင်ရှားသည့် စိုးရိမ်ဖွယ်ရာ အကျိုးဆက်ပင် ဖြစ်ပါသည်။
“သစ်တောပြုန်းတီးမှုသည် မိမိတို့ဒေသခံပြည်သူများနှင့် ကျေးရွာများအပေါ် ဆိုးရွားစွာသက်ရောက်မှုရှိပြီး နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရသောအရာတစ်ခုဖြစ်ပါသည်။ သစ်တောပြုန်းတီးမှုသည် မိမိတို့ဒေသရှိ တစ်မူထူးခြားစွာပေါက်ရောက်နေသော သစ်ပင်နှင့် တိရစ္ဆာန်များ၏ ဇီဝမျိုးစုံ မျိုးကွဲများ ရှင်သန်ပွားများမှုကိုလည်းပဲ ထိခိုက်ပျက်စီးစေပါသည်။ မြေဆီလွှာ တိုက်စားမှုများကြောင့် ရေထွက်ရေညှာများ ပျက်စီးလာခြင်း၊ ရေကောင်းရေသန့်ရရှိမှု နည်းပါးလာခြင်းနှင့် မြေဆီဩဇာကောင်းမွန်သည့် အပေါ်ယံမြေဆီလွှာ ဆုံးရှုံးခြင်းများ ဖြစ်ပေါ်လာစေပါသည်။ ထို့အပြင် မိုးရာသီတွင် ရေကြီးမှုနှင့် မြေပြိုမှုများလည်း ဖြစ်ပေါ်လာစေပါသည်။ ထိုအခြင်းအရာများ အားလုံးသည် ယနေ့ကျွန်ုပ်တို့ နေ့စဉ်ရင်ဆိုင်နေရသည့် အမှန်တရားများပင် ဖြစ်ပါသည် ” ဟု ရှမ်းပြည်နယ်၊ ဟိုပုံးဒေသရှိ ထန်းဘုရားကျေးရွာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ဥက္ကဌ ဦးခွန်တဘီးမှ ပြောဆိုပါသည်။
ကမ္ဘာ့ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)သည် ဘိန်းစိုက်ပျိုးမှုကြောင့် ဖြစ်ပေါ်လာသော သစ်တောပြုန်းတီးမှုနှင့် ဆက်စပ်နေသော ဆိုးရွားသည့်အကျိုးဆက် အခြေအနေများကိုဖြေရှင်းရန် ဆောင်ရွက်ပေးလျက် ရှိပါသည်။ မိမိတို့ဒေသရှိ သဘာဝသစ်တောသယံဇာတအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ရန်ရည်ရွယ်၍ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောအသုံးပြုသူအဖွဲ့များကို ဖွဲ့စည်းတည်ထောင်ကြပါသည်။ ထိုအဖွဲ့များတွင် ပါဝင်သော ကျေးရွာသူ/သားများသည် မိမိတို့ကျေးရွာ၏သစ်တောနယ်နိမိတ်ကို အများသဘောတူခွဲဝေသတ်မှတ်ခြင်းနှင့် ၎င်းသစ်တောများကို ထိခိုက်ပြုန်းတီးမှုမရှိစေဘဲ ရေရှည်တည်တံ့စေရေး ဆောင်ရွက်သွားရန် ရည်ရွယ်ပါသည်။ UNODC ၏ နည်းပေးလမ်းပြမှုနှင့်အတူ ဒေသခံများသည် ရေရှည်တည်တံ့သော သစ်တောအုပ်ချုပ် လုပ်ကိုင်မှုစီမံချက်ကိုရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
၂၀၂၀ ခုနှစ်တွင် UNODC မှ မိမိတို့ကျေးရွာသူရွာသားများအား သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကြောင်းအရာများ သင်တန်းပေးခြင်းနှင့်အတူ ထင်း၊ လောင်စာ သုံးစွဲမှုသက်သာစေသော စွမ်းအားမြှင့်မီးဖိုထုတ်လုပ်ခြင်း နည်းစနစ်များကို ပံ့ပိုးကူညီခဲ့ပါသည်။ ကျေးရွာရှိ အိမ်ထောင်စု အားလုံးသည် ဤနည်းစနစ်ကိုအသုံးပြု၍ စွမ်းအားမြှင့် မီးဖိုများ ထုတ်လုပ်သုံးစွဲခဲ့ကြပါသည်။ စွမ်းအားမြှင့်မီးဖိုသုံးစွဲခြင်းသည် သစ်တောပြုန်းတီးခြင်းကို သက်သာစေရုံသာမက ရာသီဥတုပြောင်းလဲခြင်းကိုလည်းလျော့ချပေးကြောင်း ၎င်းသင်တန်းမှသိရှိမှတ်သားခဲ့ရပါသည်။ ထို့အပြင် မီးခိုး (ကာဗွန်ဒိုင်အောက်ဆိုဒ်) ထုတ်လွှတ်မှု လျော့နည်းစေခြင်းဖြင့်လည်း မိမိတို့ကျန်းမာရေး အတွက် ကောင်းကျိုးဖြစ်ပေါ်စေပါသည်။ မိမိတို့ ကျေးရွာရှိ လောင်စာသုံးစွဲမှု သိသိသာသာ လျော့ကျလာသည်မှာ မျက်မြင် ကိုယ်တွေ့ဖြစ်ပါ၍ စွမ်းအားမြှင့်မီးဖို ထုတ်လုပ်သုံးစွဲနည်းကို စတင်အစပျိုးသင်ပြပေးမှုကိုလည်း ကျေးဇူးတင်ရှိပါသည်ဟု ဒေသခံတိုင်းရင်သားတစ်ဦးမှ မှတ်ချက်ပြုပါသည်။
ဤသို့အစပျိုးဖန်တီးပေးမှုကြောင့် ပြည်သူများ ရရှိခံစားရသည့် အပြုသဘောဆောင်သော အကျိုးကျေးဇူးများသည် ရေအရင်းအမြစ်များ ကာကွယ်ရေးနှင့် သဘာ၀သစ်တောများ ထိန်းသိမ်းကာကွယ်ရေးတွင်သာမက ပိုမိုသော ရလဒ်များ ခံစားရပါသည်။ ကျေးရွာသူရွာသားများသည် မိမိတို့ရိုးရာဓလေ့ သီးနှံစိုက်ပျိုးခြင်းနှင့်အတူတွဲ၍ ကော်ဖီ၊ လက်ဖက်၊ ထောပတ်တို့ စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးကို သိရှိလာသည့်အခါ သီးနှံသစ်တောရောနှော စိုက်ပျိုးသည့်နည်းလမ်းကို ဘဝဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းအဖြစ် အသုံးပြုလာကြပါသည်။ ဤစိုက်ပျိုးရေးစနစ်သည် ၎င်းတို့၏ တရားဝင် ဝင်ငွေရရှိစေရုံသာမက မိမိတို့ လယ်ယာခြံမြေများ ကိုလည်း မြေဆီလွှာတိုက်စားခြင်းမှ ကာကွယ်ပေးပါသည်။
ဒေသခံပြည်သူများသည် သစ်တောစိုက်ပျိုးပြုစုထိန်းသိမ်းရေးလုပ်ငန်းစဉ်များ စည်းရုံးဆောင်ရွက်ခြင်း၊ နည်းစနစ်များ လေ့လာသင်ယူခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် သက်ဆိုင်သည့် ဗဟုသုတများကို ဖြန့်ဝေခြင်းနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေခြင်း စသည့် အလေ့အကျင့်ကောင်းများဆီသို့ ဦးတည်ပြုမူပြောင်းလဲလာကြပါသည်။ ထိုကျေးရွာများသည် လူသားနှင့် သဘာဝပတ်ဝန်းကျင်ကြားရှိ ညွတ်မျှတမှုကို ထိန်းကျောင်းတည့်မတ်ပေးသည့် စုပေါင်းလုပ်ဆောင်မှု၏ စွမ်းအား ကို ပြသပေးသော မျှော်လင့်ချက်အလင်းတန်းတစ်ခုလဲ ဖြစ်ပါသည်။ ကျေးရွာသားများသည် မိမိတို့ လေ့လာသင်ယူ ကျင့်သုံးလျက်ရှိသည့် ထင်သာမြင်သာ မရှိသော သဘာဝအမွေအနှစ် ထိန်းသိမ်းနည်းစနစ်များကို လက်ဆင့်ကမ်းပေးခြင်းသည် နောင်မျိုးဆက်သစ်များအတွက် အသက်ကယ်ကြိုးတစ်ချောင်း ပေးခြင်းပင် ဖြစ်ပါသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်ထိ (၂၀၁၇ မှ ၂၀၂၃) UNODC အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းမှ ၁၄၀၇ ဟတ်တာကို အဖိုးတန်သစ်မျိုးများဖြင့် သဘာဝတောကို တန်ဖိုးမြှင့်လာစေရန် စိုက်ပျိုးပေးခြင်းကိုလည်းကောင်း၊ ၁၁၉၁ ဟတ်တာကို သီးနှံသစ်တောရောနှောစိုက်ပျိုးရန် နည်းပညာနှင့် သွင်းအားစု ပံ့ပိုးပေးခြင်းတို့ကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့အပြင် နှစ်စဉ်နှစ်တိုင်း စီမံကိန်းဧရိယာရှိ စာသင်ကျောင်းများတွင် UNODC ၏ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး ပညာပေးအစီအစဉ်အရ သစ်တောပျိုးပင်ပေါင်း ၃၀၀၀ ကျော်ကို ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားများနှင့်အတူ စိုက်ပျိုးခဲ့ပါသည်။
မြန်မာနိုင်ငံ၊ ရှမ်းပြည်ဒေသတွင် ဖြစ်ပေါ်ခဲ့သည့် အထက်ဖော်ပြပါ ဖြစ်စဉ်သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ဒေသခံပြည်သူများ၏ စွမ်းအားနှင့်ခံနိုင်ရည်ရှိမှုကို သက်သေပြသည့် အထောက်အထား တစ်ခုပင် ဖြစ်ပါသည်။ ဒေသခံပြည်သူများ၏ စုပေါင်းတာဝန်ယူမှုနှင့် မိမိတို့၏စွမ်းဆောင်ရည်ကို ကောင်းမွန်သည့်ဘက်သို့ ပြောင်းလဲနိုင်မှု ရှိခြင်းတို့သည် မည်မျှအရေးကြီးကြောင်း ကျွန်ုပ်တို့ကို သတိပေးလျက် ရှိပါသည်။ မြန်မာနိုင်ငံ၊ ရှမ်းပြည်ဒေသမှ ယခုဖြစ်စဉ်မှတ်တမ်းသည် ကျွန်ုပ်တို့တွင် ရှိနေသော တန်ဖိုးဖြတ်မရနိုင်သည့် အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ပိုမိုတောက်ပပြီး ရေရှည်ဖွံ့ဖြိုးစေသော အနာဂတ်မျိုးဆက်သစ်များ ဖြစ်ပေါ်လာစေရေး ဆောင်ရွက်ပေးရန် ကျွန်ုပ်တို့အား စိတ်အားတက်ကြွလာစေပါသည်။