သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံရှိ ပဋိပက္ခဒဏ်ခံရသည့်နေရာများ၌ လူတစ်သန်းခန့် လူသားချင်းစာနာမှုအကူအညီများ လိုအပ်လျက်ရှိ

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်။

(ရန်ကုန်) ကုလသမဂ္ဂနှင့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း များက ၂၀၂၁ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်မှုအစီအစဉ် (HRP) ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်မှုအစီအစဉ်သည် ကချင်၊ ကရင်၊ ပဲခူးအရှေ့ပိုင်း၊ ရခိုင်နှင့် ချင်းပြည်နယ် တောင်ပိုင်းရှိ ထိခိုက်လွယ်လူဦးရေ ၉၄၅,၀၀၀ ခန့်အတွက် လူသားချင်းစာနာမှုအကူအညီနှင့် ကာကွယ် စောင့်ရှောက်ရေးဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ ၂၆၇.၅ သန်းကို အသုံးပြုမည် ဖြစ်ပါသည်။

“အလိုအပ်ဆုံးသူတွေကို လူသားချင်းစာနာမှုအကူအညီတွေ အပြည့်အဝပေးနိုင်ဖို့ ဘယ်လိုရည်မှန်းထားတယ် ဆိုတာကို လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်မှုအစီအစဉ်မှာ ဖော်ပြထားပါတယ်”ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးတာဝန်ခံ မစ္စတာ Ola Almgren က ပြောကြားခဲ့သည်။ ထို့ပြင် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်မှုအစီအစဉ်သည် ကာကွယ်စောင့်ရှောက်ရေးနှင့် လူ့အခွင့်အရေး လေးစားမှုတို့ကို အားလုံးပါဝင်သည့်တုံ့ပြန်ရေးကြိုးပမ်းချက်တွင် အဓိကထားထည့်သွင်းထားသည့်အကြောင်းကို ဖြည့်စွက်ပြောကြားခဲ့ပါသည်။

COVID-19 ကပ်ရောဂါကြောင့် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုများကို ၂၀၂၀ ခုနှစ်အတွင်း လိုက်လျောညီထွေ ဆောင်ရွက်ခဲ့ရသည့်အလျောက် ၂၀၂၁ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်မှုအစီအစဉ်သည် အမျိုးသားအဆင့်မိတ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၏ ယမန်နှစ်မှခိုင်မာခဲ့သည့် ပူးပေါင်းဆောင်ရွက်ခဲ့မှုအပေါ်တွင် တည်ဆောက်ထားပါသည်။ ထို့ပြင် အဆိုပါတုံ့ပြန်မှုအစီအစဉ်သည် ရေရှည် ဖွံ့ဖြိုးမှုစီမံကိန်းမူဘောင်များနှင့် ချိတ်ဆက်မှုများကိုပါ တိုးမြှင့်လုပ်ဆောင်ရန် ရည်သန်ထားပါသည်။ “မြန်မာနိုင်ငံ အစိုးရ၊ ဒေသခံမိတ်ဖက်များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ရင်း လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်မှုအစီအစဉ် မှာထည့်သွင်းထားတဲ့နေရာတွေဆီက ယာယီစခန်းတွေမှာ ကာလရှည်ကြာနေထိုင်နေကြရသူဦးရေ ၂၅၀,၀၀၀ အပါအဝင် နေရပ်စွန့်ခွာသူ ခန့်မှန်းခြေ ၃၃၆,၀၀၀ ဦးအတွက် ရေရှည်တည်တံ့မယ့်အဖြေရရှိအောင်ကြိုးပမ်းမှုဟာ အလွန်အရေးပါပါတယ်” ဟု Mr. Almgren က ဆိုပါသည်။

“လွန်ခဲ့တဲ့နှစ်တွေမှာ ပေးအပ်ခဲ့တဲ့ အကူအညီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အလှူရှင်တွေနဲ့ အဖွဲ့ဝင်နိုင်ငံ တွေကို ကျေးဇူးတင်ရှိပါတယ်” ဟု Mr. Almgren က ပြောကြားရင်း COVID-19 ကပ်ရောဂါအပြင် မှန်းဆ၍မရသော အခြားမြေပြင်အခြေအနေများကိုလိုက်၍ ချိန်ညှိဆောင်ရွက်ရသည့် တုံ့ပြန်မှုအစီအစဉ်များ လုပ်ဆောင်နိုင်စေရန် ကူညီပေးခဲ့သည့် ငွေကြေးထောက်ပံ့ပေးမှုများကို အသိအမှတ်ပြုခဲ့ပါသည်။ ၂၀၂၀ ခုနှစ်တွင် လူသားချင်းစာနာမှုအခြေအနေအတွက် COVID-19 တုံ့ပြန်ရေးအပါအဝင် စုစုပေါင်းရန်ပုံငွေ လိုအပ်ချက်၏ ၆၇ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၈၅ သန်းကို HRP မှတဆင့် အသုံးပြုခဲ့ပါသည်။ အဆိုပါအကူအညီသည် ပဋိပက္ခဒဏ်ခံစားရသည့်နေရာများမှ လူပေါင်းများစွာအတွက် အပြောင်းအလဲကောင်းတစ်ခုကို ဆောင်ကြဉ်းပေး နိုင်ခဲ့သည်။ လူသားချင်းစာနာမှုအကူအညီလိုအပ်နေသော လူတစ်သန်း၏ လေးပုံတစ်ပုံသည် အခြေခံကျန်းမာရေး ဝန်ဆောင်မှုများကို လက်လှမ်းမီရရှိခဲ့သည်။ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများသည် အမျိုးသမီးများနှင့် ကလေးငယ် ၈၃,၀၀၀ ကျော်အတွက် အာဟာရအကူအညီ၊ လူပေါင်း ၂၄၀,၀၀၀ ခန့်အတွက် ယာယီတဲများနှင့် အခြေခံအိမ်သုံးပစ္စည်းများ၊ လူဦးရေ ၃၉၀,၀၀၀ ခန့်အတွက် သန့်ရှင်းသောသောက်သုံးရေ၊ ကလေးငယ် ၇၅,၀၀၀ ဦးအတွက် အရေးကြီးပညာရေးအထောက်အပံ့များကို ပေးအပ်နိုင်ခဲ့သည်။

ဖော်ပြပါအကူအညီများပေးအပ်နိုင်သော်လည်း သိသာထင်ရှားသည့် လူသားချင်းစာနာမှုဆိုင်ရာအခက်အခဲများကို ၂၀၂၁ ခုနှစ်တွင် ဆက်လက်ဖြေရှင်းကြရမည်ဖြစ်ပါသည်။ “၂၀၂၀ ခုနှစ်မှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာတွေအပေါ် အခြေခံပြီး အုပ်ချုပ်ရေးအဖွဲ့တွေ၊ ဒေသခံမိတ်ဖက်အဖွဲ့တွေနဲ့ အနီးကပ်ပူးပေါင်းပြီး ‌ယခုနှစ်အတွင်း ပိုမိုလုပ်ဆောင်နိုင်အောင် ကြိုးပမ်းကြရပါမယ်။ အရေးအကြီးဆုံးတစ်ချက်အနေနဲ့ မိမိတို့ရဲ့ လူသားချင်းစာနာမှု အကူအညီတွေအများကြီးလိုအပ်နေသူတွေဆီကို ဘေးကင်းစွာနဲ့ သွားရောက်ခွင့်ရရှိဖို့ပါ” ဟု Mr. Almgren က ပြောကြားခဲ့ပါသည်။

                                                                        ====

၂၀၂၁ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုအစီအစဉ်ကိုဖတ်ရှုရန် ဤလင်ခ့်ကို နှိပ်ပါ။

generic profile

အေးဝင်း

UNIC
ပြန်ကြားရေးအရာရှိ
Aye Win is the National Information Officer at UN Information Centre Yangon and the RCO. He obtained a Masters degree in Linguistics and English as a Foreign Language from the Institute of Education in Yangon. He worked for three years at the Industrial Training Centre at Sinde, Myanmar and joined the German Embassy as a Public Information Assistant where he worked for ten years. He joined the UN Information Centre in 1995.
Public Information and Advocacy Officer

Valijon Ranoev

OCHA
Public Information and Advocacy Officer

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

OCHA
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး
RCO
ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံး
UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ