မြန်မာ- ဆိုင်ကလုန်း မိုခါ_ အခြေအနေတင်ပြချက်အစီရင်ခံစာ အမှတ်စဉ် (၂)_ ၂၀၂၃ ခုနှစ်၊ မေလ (၂၉) ရက် မွန်းလွဲ ၂ နာရီအထိ အခြေအနေ
မိုခါမုန်တိုင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ OCHA အဖွဲ့က ထုတ်ဝေခဲ့သည့် နေ့စဉ်အရေးပေါ်သတင်းအချက်အလက်များ (Flash Updates) ကို ပိုမို ပြည့်စုံသော ဤအစီရင်ခံစာဖြင့် အစားထိုးထုတ်ပြန်သွားမည်ဖြစ်သည်။ ဤ Sit Rep အစီရင်ခံစာကို မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု လုပ်ငန်း ဆောင်ရွက်နေသော ကဏ္ဍစု(၇) စုနှင့် ယင်းတို့၏ လုပ်ငန်းအဖွဲ့ခွဲများနှင့် ပူးပေါင်း၍ OCHA အဖွဲ့က ထုတ်ဝေပါသည်။ ဤအစီရင်ခံစာပါ လူသား ချင်းစာနာမှုလုပ်ငန်းအပိုင်းသည် မြေပြင်တွင် ဆောင်ရွက်နေသော လူသားချင်းစာနာမှုတုံ့ပြန်လုပ်ငန်းအားလုံးကို ထင်ဟပ်ဖော်ပြနိုင်ခြင်း မရှိဘဲ၊ မိတ်ဖက်အဖွဲ့များက မိမိတို့ဆန္ဒအလျောက် အစီရင်ခံထားသည့်လုပ်ငန်းများသာဖြစ်ကြောင်း ဖော်ပြလိုပါသည်။ နောက်တကြိမ် Sit Rep အစီရင်ခံ စာကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့တွင် ထုတ်ပြန်ပါမည်။
အဓိကအချက်အလက်များ
- မြန်မာနိုင်ငံအနောက်ပိုင်းသို့ မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် နှစ်ပတ်ကြာပြီလာသည့် ယခုအချိန်တွင် မုတ်သုံရာသီ နီးကပ်လာချိန်၌ ခိုလှုံစရာမရှိတော့သည့်အခြေအနေသို့ ရောက် ခဲ့ရသည့် မုန်တိုင်းဒဏ်ခံပြည်သူများအတွက် ဘေးကင်းသော ခိုလှုံရာများရရှိရေးသည် အဓိကဦးစားပေးတစ်ခုအဖြစ် ဆက် လက်ရှိနေဆဲဖြစ်သည်။ မိုခါမုန်တိုင်းသည် မုန်တိုင်းဒဏ်ခံ ပြည်သူများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးအတွက် ကြီးမားသော စိန်ခေါ်မှုများကို ဖြစ်စေခဲ့သည်။
- ယခုအချိန်အထိ ခိုလှုံရာအတွက်ပစ္စည်းများနှင့် အခြားကယ်ဆယ်ရေးပစ္စည်းများကို လူဦးရေ ၆၃၀၀၀ ကျော် သို့ ဖြန့်ဝေပေးပြီးဖြစ်သည်။
- လူဦးရေ ၂၃၀၀၀၀ ကျော် သည် စားနပ်ရိက္ခာအကူအညီများကို ရရှိခဲ့ပြီးဖြစ်သော်လည်း၊ မိသားစုတွင်း အရန်ထားရှိသည့် စားနပ်ရိက္ခာပမာဏများမှာ လျော့နည်းလာနေသည်။ ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် သီးနှံပျက်စီးမှုများကြောင့် ရပ်ရွာပြည်သူများသည် စားနပ်ရိက္ခာ ဝယ်ယူရေးအတွက် အခက်အခဲတွေ့နေကြသည်။ စိုက်ပျိုးရေးသွင်းအားစုများနှင့် တိရစ္ဆာန်များကို ဆုံးရှုံးခဲ့ရခြင်းကလည်း ကြီးမားလာသော ပြဿနာတစ်ရပ်ဖြစ်နေသည်။
- မိုခါမုန်တိုင်းသည် ကျောင်းစာသင်နှစ်အသစ် စတင်တော့မည့်အချိန်တွင် ကျောင်းများအပါအဝင် ပညာရေးအခြေခံအဆောက်အဦများ၏ ၈၀% ခန့်ကို ထိခိုက်ပျက်စီးမှု ဖြစ်စေခဲ့ပြီး ပညာသင်ကြားရေးအတွက် အရေးပေါ်အခြေအနေတစ်ရပ်ကို ဖန်တီးခဲ့သည်။ ယာယီသင်ကြားရေးနေရာများ (TLSs) ကို မူလအတိုင်းဖြစ်စေရန်၊ ကလေးငယ်များသို့ သင်ကြားရေးပစ္စည်းများ ဖြန့်ဝေပေးရန်နှင့် ကျောင်းနှင့်သင်ကြားရေးဌာနများအား ပြန်လည်ပတ်နိုင်ရန်အတွက် လုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်သည်။
- လူသားချင်းစာနာမှုဆိုင်ရာ ပါဝင်ဆောင်ရွက်သူများက ဝင်ရောက်ကူညီခွင့်နှင့် ထောက်ပံ့ရေးပစ္စည်းများ ရှိသည့်နေရာများတွင် အကူအညီများကို ဆက်လက်တိုးမြှင့်ပေးအပ်နေသော်လည်း၊ လွန်ခဲ့သော တစ်ပတ်က ထုတ်ပြန်ခဲ့သည့် အမေရိကန်ဒေါ်လာ ၃၃၃ သန်း လိုအပ်သော အရေးပေါ်ရန်ပုံငွေအဆိုပြုလွှာအရ အကူအညီပေးရန် သတ်မှတ်ထားသည့် လူဦးရေ ၁.၆ သန်း၏ အပိုင်းအစလေးတစ်ခု အထိသာ ဖြန့်ကြက်ရောက်ရှိပါသေးသည်။
- မြန်မာနိုင်ငံတွင်းရှိ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများနှင့် အခြားနိုင်ငံများမှ တင်သွင်းလာသည့် ထောက်ပံ့ရေးပစ္စည်း များအား သယ်ယူပို့ဆောင်ရေးအတွက် ခွင့်ပြုချက်များနှင့် ပစ္စည်းများအား ဖြန့်ဝေပေးရေးအတွက် ပိုမိုကျယ်ပြန့်သော ဝင်ရောက်ကူညီ ခွင့်များရရှိရန် အလျင်အမြန်လိုအပ်နေပါသည်။ ထောက်ပံ့ရေးပစ္စည်းများအား သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဝေရေးအတွက် အသေးစိတ် အစီအစဉ်များကို မျှဝေထားပြီး၊ ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။
- ရက်ရောသော အလှူရှင်များထံမှ ထပ်တိုးရန်ပုံငွေထောက်ပံ့ရန် ကတိကဝတ်ပြုလာကြသော်လည်း၊ ထိခိုက်လွယ်ပြည်သူများအား လုံလောက်စွာ ကူညီပေးရန်နှင့် အရေးကြီးသော ထောက်ပံ့ပစ္စည်းများကို လျင်မြန်စွာ ဖြန့်ဝေပေးနိုင်ရန်အတွက် ရန်ပုံငွေများ ထပ်မံ လိုအပ်နေဆဲဖြစ်သည်။
အခြေအနေသုံးသပ်ချက်
မြန်မာနိုင်ငံသို့ မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့သည်မှာ နှစ်ပတ်ကြာမြင့်ခဲ့ပြီဖြစ်သည့် ယခုအချိန်တွင် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေး လုပ်ငန်းများ ပိုမိုအရှိန်ရလာပြီဖြစ်သည်၊ သို့သော် အကူအညီပေးရေးအဖွဲ့အစည်းများသည် အကူအညီများကို လိုအပ်သလောက် ဖြန့်ဝေပေးနိုင်ရေးအတွက် ပိုမိုများပြားသောထောက်ပံ့ရေးပစ္စည်းများ၊ ပိုမိုကျယ်ပြန့်သော ဝင်ရောက်ကူညီခွင့်များနှင့် ထပ်တိုးရန်ပုံငွေများကို လိုအပ်နေဆဲ ဖြစ်သည်။ ရပ်ရွာလူထုအားလုံးတွင် လိုအပ်ချက်များမှာ အလွန်ကြီးမားလှပါသည်။ မုန်တိုင်း၏ အကျိုးဆက်သည် လူနေအိမ်များနှင့် အများပြည်သူပိုင် အခြေခံအဆောက်အဦများကို ရုပ်ပိုင်းဆိုင်ရာ ဖျက်ဆီးခြင်းထက် များစွာကျော်လွန်နေပြီး၊ ယခုအခါတွင် ဘေးကင်းလုံခြုံရေးဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ခြေအမျိုးမျိုးက ဘေးဒဏ်ခံပြည်သူများ၏ ကျန်းမာပျော်ရွှင်ရေးကိုလည်း ခြိမ်းခြောက်နေပြီဖြစ်သည်။ ဤအန္တရာယ်ဖြစ်နိုင်ခြေများတွင် ရေကြီးရေလျှံဒေသများ၌ မပေါက်ကွဲသေးသော လက်နက်ပစ္စည်းများ (UXOs) ၏ ရွေ့လျားမှု၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများ ဖြစ်ပွားနိုင်မှု၊ နိုင်ငံသားဆိုင်ရာ စာရွက်စာတမ်းများ ဆုံးရှုံးမှု၊ လုယက်ခြင်း၊ ဓါးပြတိုက်ခြင်း၊ ခြိမ်းခြာက်ငွေညှစ်ခြင်းစသည်တို့ ပါဝင်ကြသည်။ ဤအချက်များက ဘေးဒဏ်ခံပြည်သူများကို တိုက်ရိုက်ခြိမ်းခြောက်နေပြီး၊ အတိုးနှုန်းကြီးစွာဖြင့် ငွေချေးရခြင်း၊ မိဘများတွင် အလုပ်အကိုင်အခွင့်အလမ်းမရှိသောကြောင့် ကလေးသူငယ်များအား တောင်းရမ်းခိုင်းခြင်းကဲ့သို့သော မကောင်းသည့် ရင်ဆိုင်ရေးနည်းလမ်းများ ကျင့်သုံးမှုကို ပိုဆိုးစေနိုင်သည်။ ဤအခြေအနေကြောင့် ကလေးလုပ်သား၊ ခေါင်းပုံဖြတ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများ ဖြစ်လာနိုင်ချေ ပိုများလာနိုင်သည်။
မုန်တိုင်း၏ သက်ရောက်မှုကြောင့် ဘေးဒဏ်ခံပြည်သူများအကြားတွင် ရပ်ရွာလူထုအချင်းချင်း အကူအညီပေးရေးစနစ်များကိုလည်း ယိုယွင်းစေခဲ့သည်။ မြေပြင်ရှိ မိတ်ဖက်အဖွဲ့များထံမှ အစီရင်ခံစာများအရ မိဘများသည် မိမိတို့၏ ပျက်စီးသွားသော နေအိမ်များကို ပြန်လည်တည်ဆောက်နေစဉ် သို့မဟုတ် မိသားစုရပ်တည်နိုင်ရန် အလုပ်အကိုင်ရှာဖွေနေစဉ်အတွင်း မိမိတို့၏ ကလေးများအား အပြည့်အဝစောင့်ရှောက်နိုင်ရန် ရုန်းကန်နေကြရသည်။ အထူးစိုးရိမ်ရသည့်အချက်မှာ နေရပ်စွန့်ခွာရသူများက ရင်ဆိုင်နေရသည့် အခြေအနေပင်ဖြစ်ပြီး၊ လက်ရှိတွင် နေရာများစွာတို့၌ ပုဂ္ဂိုလ်ရေးလွတ်လပ်မှု၊ လုံလောက်သော မိလ္လာသန့်ရှင်းရေးနှင့် သင့်တော်သော မီးအလင်းရောင်မရှိသည့် အခြေအနေများတွင် ထူထပ် ကြပ်တည်းစွာ နေထိုင်နေကြရသည်။ ဤအခြေအနေများက အထူးသဖြင့် အမျိုးသမီးများနှင့် ဆယ်ကျော်သက်မိန်းကလေးများကို ပစ်မှတ်ထားသည့် လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် ထိပါးနှောင့်ယှက်မှုအန္တရာယ်များကို ဖြစ်စေသည်။ ဘေးဒဏ်သင့်ဒေသများတွင် အမျိုးသမီးများနှင့် မိန်းကလေးများအတွက် အကျိုးပြုဌာနအများစုသည် မုန်တိုင်းကြောင့် လုံးဝပျက်စီးခြင်း သို့မဟုတ် ထိခိုက်နေခြင်းကလည်း ဤအခြေအနေကို ပိုဆိုးစေသည်။
လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များသည် ဝင်ရောက်ကူညီခွင့် ရရှိရန် အခက်အခဲများ ဆက်လက်ရှိနေဆဲဖြစ်သော်လည်း၊ အထူးသဖြင့် ထိခိုက်လွယ်အုပ်စုများအပေါ် သက်ရောက်မှုများအပါအဝင် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများကို အပြည့်အဝနားလည်စေရန်အတွက် ကွင်းဆင်းလေ့လာမှုများကို ဆက်လက်ဆောင်ရွက်နေကြသည်။ တချိန်တည်းတွင် ဝင်ရောက်ကူညီခွင့် ရရှိထားသူများကလည်း ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်တို့တွင် ဘေးဒဏ်သင့်ပြည်သူများသို့ အရေးကြီးသော အသက်ကယ်အကူအညီများကို ပေးအပ်ခြင်းအားဖြင့် မိမိတို့၏ တုံ့ပြန်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြသည်။