မြန်မာနိုင်ငံအရှေ့မြောက်ဘက်ရှိ နေရပ်စွန့်ခွာအသိုက်အဝန်းများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း
UNHCR သည် နေရပ်စွန့်ခွာရသူများနှင့် ပဋိပက္ခဒဏ်ခံရပ်ရွာများအတွက် အကူအညီများနှင့် စွမ်းဆောင်ရည်တည်ဆောက်ပေးသည့်လုပ်ငန်းမျာ းဆက်လက်ပံ့ပိုးပေးလျက်ရှိပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာခဲ့ပြီး၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ လူပေါင်း ၁.၅ သန်း နေရပ်စွန့်ခွာနေရကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ နိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူများ နေရပ်စွန့်ခွာနေထိုင်နေကြရသည်။ ၎င်းတို့ထဲမှ အများစုသည် ဘေးမကင်းသည့် အခြေအနေများကြောင့် ပိုမိုလုံခြုံသော နေရာများသို့ ရွှေ့ပြောင်းနိုင်ခြင်း မရှိကြသေးပေ။
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် လူပေါင်း ၁၂၁,၀၀၀ ကျော် နေရပ်စွန့်ခွာနေထိုင်နေရဆဲဖြစ်သည်။ အဆိုပါဒေသများတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ အတင်းအကြပ် နေရပ်စွန့်ခွာနေထိုင်စေခြင်းခံရသူ အရေအတွက် တိုးပွားလာသော်လည်း အများစုမှာ ရှည်လျားကြာမြင့်သည့် ပဋိပက္ခအခြေအနေကြောင့် နှစ်ပေါင်းများစွာ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်နေကြရသူများ ဖြစ်သည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ - UNHCR သည် မြန်မာနိုင်ငံတစ်ဝန်းရှိ နေရပ်စွန့်ခွာပြည်သူများကို ထောက်ပံ့ကူညီရန် ကတိပြုထားလျက်ရှိသည်။ ဥရောပသမဂ္ဂ၏ ငွေကြေးကူညီပံ့ပိုးမှုဖြင့် UNHCR သည် မြန်မာနိုင်ငံ၏ အရှေ့မြောက်ဘက်ပိုင်းတွင် နေရပ်စွန့်ခွာနေထိုင်ရသူများနှင့် ပဋိပက္ခဒဏ်ခံ ရပ်ရွာများအတွက် အခြေခံလိုအပ်ချက် အကူအညီများမှသည် ရပ်ရွာပြည်သူများ၏ ကြံ့ကြံ့ခံနိုင်စွမ်းရည်ကို တည်ဆောက်ပေးသည့် အစီအစဥ်များအထိ ပါ၀င်သည့် ပိုမို ကျယ်ပြန့်သည့် လုပ်ငန်းဆောင်ရွက်မှုများ ကူညီပံ့ပိုးပေးပါသည်။ ယင်းဆောင်ရွက်မှုများကို ရပ်ရွာအခြေပြုကာကွယ်စောင့်ရှောက်ရေးလှုပ်ရှားမှုများ၊ စခန်းညှိနှိုင်းဆောင်ရွက်မှု၊ စီမံခန့်ခွဲမှုနှင့် ပံ့ပိုးကူညီမှု (CCCM)နှင့် နေအိမ်အမိုးအကာနှင့် အစားအစာမဟုတ်သော ပစ္စည်းအကူအညီများအပြင် ရေရှည်ဖြေရှင်းချက်များအတွက် လမ်းခင်းပေးသည့် ကနဦး နေရပ်ပြန်ခြင်းနှင့် နေရာပြောင်းရွှေ့နေထိုင်ခြင်းများအတွက် ပံ့ပိုးကူညီခြင်းများမှတဆင့် ဆောင်ရွက်ပါသည်။ ကြံ့ကြံ့ခံနိုင်စွမ်းရည်ရှိမှုနှင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်ခြင်းအားဖြင့် အသက်အရွယ်အမျိုးမျိုး၊ နောက်ခံအကြောင်းအရာမျိုးစုံနှင့် အရည်အချင်းအသီးသီး ပိုင်ဆိုင်ထားကြသည့် အမျိုးသား၊ အမျိုးသမီး၊ ယောက်ျားလေးများနှင့် မိန်းကလေးများအနေဖြင့် နွေးထွေးလုံခြုံသည့် လူမှုပတ်၀န်းကျင်တစ်ခု ရရှိစေရန်နှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်နိုင်ရန် ရည်ရွယ်၍ UNHCR မှ ရေရှည်တည်တံ့သော ဖြေရှင်းနည်းများကို ဦးတည်လုပ်ဆောင်နေပါသည်။
ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် စခန်းများနှင့် နေရာများကို အရေးပေါ် ထူထောင်ရလေ့ရှိသည်။ လက်ခံကူညီပေးသည့် လူမှုအသိုင်းအဝိုင်းများသည် ပုံမှန်အားဖြင့် ပထမဦးဆုံး တုံ့ပြန်ဆောင်ရွက်ပေးကြသူများ ဖြစ်ပြီး၊ နေရပ်စွန့်ခွာနေထိုင်ရသူများကို ကူညီထောက်ပံ့ရာတွင် ဦးဆောင်သူများဖြစ်သည်။ နေရပ်စွန့်ခွာနေထိုင်သူများကို ရပ်ရွာသစ်တွင် လိုက်လျောညီထွေ ဖြစ်စေခြင်းနှင့် ၎င်းတို့အား ပံ့ပိုးကူညီပေးလိုသည့် စိတ်စေတနာများကို ပိုမို ဖြစ်ပေါ်စေခြင်းဖြင့် အဆိုပါ လက်ခံ လူမှုအသိုင်းအဝိုင်းများသည် လက်နက်ကိုင်ပဋိပက္ခမှ ထွက်ပြေးလာသူများအတွက် မရှိမဖြစ် လိုအပ်သော အသက်သွေးကြောတစ်ခုအဖြစ် ကူညီပံ့ပိုးပေးပါသည်။
UNHCR ၏ လုပ်ဆောင်မှုသည် လက်ခံ လူမှုအသိုင်းအဝိုင်းများမှ ပံ့ပိုးပေးသော ကျယ်ပြောလှသည့် ပံ့ပိုးကူညီမှုကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းပင်ဖြစ်သည်။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ဤလက်ခံလူမှုအသိုင်းအဝိုင်းအတွက် UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ လတ်တလော ပြောင်းရွှေ့ခဲ့သည့် နေရပ်စွန့်ခွာ ပြည်သူများအား အိမ်မိုးသွပ်ပြားများ ပေးအပ်ခြင်းဖြင့် ပံ့ပိုးကူညီခဲ့ပြီး၊ နေရပ်စွန့်ခွာသူများအနေဖြင့် ၎င်းတို့၏ ယာယီနေအိမ်များ ကိုယ်တိုင် ဆောက်လုပ်နိုင်မည်ဖြစ်သည်။
နေရပ်စွန့်ခွာရမှု ဖြစ်ပေါ်လာသည့်အခါ အဆိုပါ နေရပ်စွန့်ခွာထွက်ပြေးရသူများသည် မိမိတို့၏ ပိုင်ဆိုင်မှု အနည်းငယ်မျှကိုသာ ယူဆောင်နိုင်လေ့ရှိသည်။ ခြင်ထောင်၊ မီးဖိုချောင်သုံးပစ္စည်း၊ ရေပုံးပျော့၊ အ၀တ်အစားများ၊ ဖျာများ၊ စောင်များနှင့် ဆိုလာမီးအိမ်များ အစရှိသည့် အခြေခံ အိမ်သုံးပစ္စည်းများ ပါ၀င်သည့် အဓိကကယ်ဆယ်ရေးပစ္စည်းများအား အရန်သင့်ပေးဝေနိုင်ရန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အသင့်ထားရှိသကဲ့သို့ပင် မြန်မာနိုင်ငံတစ်ဝန်းတွင်လည်း ထားရှိသည်။ လိုအပ်သည့်အခြေအနေ ပေါ်ပေါက်လာသည့်အခါ အဆိုပါပစ္စည်းများကို နေရပ်စွန့်ခွာနေထိုင်ရသူများထံ အမြန်ဆုံး ရောက်ရှိနိုင်စေရန်အတွက် မြေပြင်ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များထံသို့ လွှဲပြောင်းပေးအပ်သည်။
ဒေါ်အူဒီရွယ်၊ ၅၆နှစ်နှင့် သူမ၏ မိသားစု ၉ ဦးသည် ၂၀၁၁ ခုနှစ်တွင် လက်နက်ကိုင်ပဋိပက္ခကြောင့် သူမတို့၏ ရွာမှ ထွက်ပြေးခဲ့ရပြီး၊ အခြား ဘေးကင်းရာ နေရာကို ရှာဖွေခဲ့ရသည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဘေးကင်းလုံခြုံမှု မရှိသေးခြင်းကြောင့် ၎င်းတို့၏ ကျေးရွာသို့ ပြန်လည်နေထိုင်နိုင်ရန် အလားအလာမှာ မှေးမှိန်နေဆဲ ဖြစ်သည်။ စိန်ခေါ်မှုများ ရှိနေသော်လည်း ၎င်းတို့ကဲ့သို့ နေရပ်စွန့်ခွာပြည်သူများအနေဖြင့် အခက်အခဲများကို ကြံ့ကြံ့ခံနေဆဲဖြစ်ပြီး တစ်နေ့နေ့တွင် ၎င်းတို့၏ နေရပ်သို့ပြန်လည်နေထိုင်နိုင်ရန် မျှော်လင့်ချက်ဖြင့် ၎င်းတို့၏ ဘဝကို ဆက်လက်နေထိုင်ရန် နည်းလမ်းများကို ရှာဖွေကြသည်။
နေရပ်စွန့်ခွာနေရသူများသည် ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်စေရန် လုံလောက်သော နေအိမ်အမိုးအကာများ ရရှိပိုင်ခွင့် ရှိသည်။ ခြောက်လ သို့မဟုတ် ထို့ထက် ပို၍ နေရပ်စွန့်ခွာနေထိုင်ရသည့် အခြေအနေမျိုးတွင် UNHCR သည် ခိုလှုံရာ နေအိမ်အမိုးအကာကို ဦးတည်သည့် အကူအညီကို ထောက်ပံ့ပေးသည်။ ကချင်ပြည်နယ်၊ ဝိုင်းမော် မြို့နယ်ရှိ နေရပ်စွန့်ခွာနေထိုင်သူများ၏ စခန်းတွင် မိသားစုများအတွက် သဘာ၀ဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်ယုံမျှမက နေထိုင်ရာနေရာ၊ ပိုင်ဆိုင်သည့်ပစ္စည်းများကို သိမ်းဆည်းရာနေရာ ဖြစ်သကဲ့သို့ သီးသီးသန့်သန့်၊ သက်တောင့်သက်သာနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုပါ ပေးစွမ်းနိုင်ရန် ရည်ရွယ်၍ နေအိမ်အသစ်များ ဆောက်လုပ် ပေးလျက်ရှိသည်။ စခန်းတွင်းရှိ လမ်းများ အလင်းရောင် ရရှိစေရေးနှင့် ဘေးကင်းလုံခြုံမှုကို ခံစားရရှိစေရန်အတွက် ဆိုလာမီးတိုင်များကိုလည်း တပ်ဆင်ပေးထားပါသည်။
စခန်းကော်မတီဝင်တစ်ဦးဖြစ်သည့် အသက် ၃၈ နှစ်ရှိ မအာချီမီးသည် သူမ၏ ရပ်ရွာအတွက် ဆောက်လုပ်လျက်ရှိသည့် နေအိမ်အသစ်များအား လေ့လာကြည့်ရှုခြင်းဖြစ်သည်။ သူမ၏ ဦးခေါင်းအထက်တွင် လက်ရှိ ဆောက်လုပ်လျက်ရှိသည့် ခေါင်မိုးတစ်ခုအား ကျေးဇူးတင်စွာဖြင့် ကြည့်ရှုနေခြင်းဖြစ်ပြီး၊ သူမသည် သူမ၏ ရပ်ရွာအသိုင်းအဝိုင်းအတွင်း အခြေခံဝန်ဆောင်မှုများ ရရှိနိုင်ရန် ကူညီစီစဉ်ပေးသည်။ ရေစုပ်စက်များကဲ့သို့ အခြေခံ အထောက်အပံ့ ပစ္စည်းပစ္စယ များစွာသည် အများပိုင် ဖြစ်ပြီး စောင့်ရှောက်မှုနှင့် ပြုပြင်ထိန်းသိမ်းမှု လိုအပ်ပါသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ပြည်တွင်းနေရပ်စွန့်ခွာနေရသူများအတွက် စခန်းအတွင်း နေ့စဉ်ဘဝ။ အမျိုးသမီးတစ်ဦးသည် သူမ မွေးမြူထားသည့် ဝက်များကို အစာကျွေးရန် ပြင်ဆင်နေသည်။ တစ်နိုင်တစ်ပိုင် မြေကွက်ငယ်များဖြင့် စိုက်ပျိုးရေးလုပ်ကိုင်ခြင်းနှင့် ကြက်များနှင့် ၀က်များ မွေးမြူခြင်းအားဖြင့် မိမိတို့ကိုယ်တိုင် ပြန်လည်ရပ်တည်နိုင်စွမ်းရှိရန် ကြိုးပမ်းနေပြီး မိမိတို့ဘ၀ကို ပြန်လည်တည်ဆောက်နိုင်ရန် လုပ်ဆောင်နေသူများနှင့် အထူးသဖြင့် နေရပ်စွန့်ခွာနေထိုင်ရသူအသစ်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများသည် ဆက်လက် အရေးပါလျက်ရှိသည်။
သူ၏ မိသားစုကို ထောက်ပံ့နိုင်ရန်အတွက် အခြေခံ လူသုံးကုန်ပစ္စည်းများနှင့် မုန့်ပဲသရေစာများ ရောင်းချသည့် ဆိုင်ငယ်တစ်ဆိုင်ကို စခန်းအတွင်းဖွင့်ထားပြီး အပိုဝင်ငွေရရှိစေရန်အတွက် စခန်းပြင်ပတွင်လည်း ကျပန်း အလုပ်များလုပ်ကိုင်သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခအခြေအနေများနှင့် စီးပွားရေး အခက်အခဲများကြောင့် အလုပ်အကိုင်ရရှိရန်မှာ ပိုမိုခက်ခဲလာပါသည်။
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်မှ အမျိုးသမီးတစ်ဦး ယင်း၏ နေအိမ်တွင်းတွင် UNHCR မှ ပံ့ပိုးပေးသည့် ဆိုလာမီးအိမ်တစ်လုံးကို ကိုင်ဆောင်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ နေရပ်စွန့်ခွာစခန်း အများအပြားသည် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ထားခြင်း မရှိပေ။ ဆိုလာမီးအိမ်များသည် အိမ်မှုကိစ္စများ လုပ်ခြင်း၊ စာကြည့်ခြင်း၊ ဖုန်းအားသွင်းခြင်းနှင့် ညဘက်တွင် ဘေးကင်းစွာဖြင့် ရေအိမ်အသုံးပြုနိုင်ခြင်း စသည့် မိသားစုလုပ်ဆောင်ဖွယ်ရာများကို ညပိုင်းအချိန်တွင် နာရီအနည်းငယ် ပိုမို လုပ်ဆောင်နိုင်စေသည်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာရသူများ နေထိုင်ရာ စခန်းတွင် နေထိုင်သူ ဦးလွမ်းဇောင်း။ စခန်းအတွင်းရှိ နေအိမ်အမိုးအကာများ ပြုပြင်ရန် သို့မဟုတ် ပြန်လည်တည်ဆောက်ရန် လိုအပ်သည့်အခါတွင် သူ၏ ရပ်ရွာအသိုက်အ၀န်းမှ အခြားသော စေတနာ့ဝန်ထမ်းများနှင့်အတူ ကူညီဆောင်ရွက်ပေးသည်။ စခန်းများစွာတွင် ထိုသို့သော ကိုယ်ထူကိုယ်ထအဖွဲ့များ ဖွဲ့စည်းခြင်းသည် ရပ်ရွာအသိုက်အ၀န်းများ ကြံ့ကြံ့ခံ ရပ်တည်နိုင်စွမ်းရည် ရှိရေး၏ အဓိက ပင်မကျောရိုးဖြစ်သည်။
ဘဝကို ရှေ့ဆက်သွားရမှာပဲ။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှ ဒေါ်မရစ်ကိုင်သည် ပြုပြင်ဆောက်လုပ်လျက်ရှိသည့် သူမ၏ နေအိမ်ဘေး၌ စေတနာ့ဝန်ထမ်းများအား နေ့လယ်စာ ကျွေးမွေးနေခြင်းဖြစ်သည်။ သူမနေထိုင်သည့် ယာယီနေအိမ်အမိုးအကာသည် နှစ်အတော်ကြာ အသုံးပြုပြီးနောက် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေသည်။
နေရပ်စွန့်ခွာပြည်သူများ ဂုဏ်သိက္ခာရှိစွာ ဆက်လက် နေထိုင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် UNHCR သည် မိတ်ဖက်များနှင့် ပူးပေါင်း၍ နေအိမ်အမိုးအကာပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်ရန် ဆောင်ရွက်လျက်ရှိသည်။ တံခါးသော့အိမ် လဲလှယ်ခြင်းနှင့် ပျက်စီးနေသော ပြတင်းပေါက်များကို ပြုပြင်ခြင်းကဲ့သို့သော ရိုးရှင်းသည့်ပြုပြင်ခြင်းလုပ်ငန်းမှ နံရံများနှင့် အမိုးများ အစားထိုးပြုပြင်ခြင်း အပါအဝင် ပိုမို ပြည့်စုံသော ပြုပြင်မွမ်းမံခြင်းလုပ်ငန်းအထိ လုပ်ဆောင်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ နေရပ်စွန့်ခွာစခန်း အများအပြားတွင် နေအိမ်အမိုးအကာများ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရန် လိုအပ်လျက်ရှိပြီး အကန့်အသတ်ရှိသော ရန်ပုံငွေအရင်းအမြစ်များကြောင့် အထူးသဖြင့် နေရပ်စွန့်ခွာနေထိုင်ရဆဲဖြစ်သည့် လူမှုအသိုက်အ၀န်းများနှင့်တကွ နေရပ်စွန့်ခွာသူအသစ်များအတွက် အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိသည်။
မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းရှိ နေရပ်စွန့်ခွာနေထိုင်ရသူများအတွက် UNHCR မှ ပံ့ပိုးကူညီမှု၏ အဓိကအချက်မှာ ရပ်ရွာလူထု စွမ်းဆောင်နိုင်မှုပင် ဖြစ်သည်။ နေရပ်စွန့်ခွာပြည်သူများသည် ၎င်းတို့၏ ရပ်ရွာများကို ပံ့ပိုးကူညီရန် အခြေခံဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ချက်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြသည်။ UNHCR ကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများသည် အသေးစား ထောက်ပံ့ငွေများနှင့် ပစ္စည်းများကဲ့သို့သော အခြေခံပံ့ပိုးမှုများကို ကူညီပံ့ပိုးပေးပြီး လူမှုအသိုက်အ၀န်းများမှ ၎င်းတို့၏ ကိုယ်ပိုင်လိုအပ်ချက်များအပေါ် အခြေခံ၍ ဦးစားပေးစီမံကိန်းများကို မိမိတို့ဘာသာ ခွဲခြားသတ်မှတ်ကာ လုပ်ဆောင်ကြခြင်းဖြစ်သည်။
ကချင်ပြည်နယ်ရှိ စခန်းတစ်ခုမှ ရပ်ရွာစေတနာ့ဝန်ထမ်းများသည် အစည်းအဝေးများနှင့် အခြားလူထုပွဲများအတွက် အသုံးများသောနေရာဖြစ်သည့် ရပ်ရွာခန်းမကို ပြန်လည်တည်ဆောက်ရာတွင် ကူညီရန် အတူတကွ လုပ်ဆောင်နေကြခြင်းသည်။ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များရှိ စခန်းအသီးသီးမှ စေတနာ့ဝန်ထမ်း လူငယ်များ ပါဝင်သော ကချင် နေရပ်စွန့်ခွာ လူငယ်ကော်မတီ အဖွဲ့ဝင်များမှ အဆိုပါ လှုပ်ရှားမှုများကို ဦးဆောင်လုပ်ကိုင်ကြခြင်း ဖြစ်သည်။ UNHCR သည် စခန်းများအတွင်း ရပ်ရွာခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်များတွင် လူငယ်များကို ပါ၀င်လာစေရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ကော်မတီများအား ၂၀၂၂ ခုနှစ်တွင် လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စခန်းတစ်ခုမှ သောမတ်စ် (၂၂) နှစ်သည် လူငယ်များ၏ ဦးဆောင်မှုဖြင့် စခန်းတွင်း အခြေခံအဆောက်အအုံများ တိုးတက်လာမှုများကို လိုက်လံပြသနေခြင်း ဖြစ်သည်။ စခန်းစီမံခန့်ခွဲမှု အေဂျင်စီများထံသို့ လွှဲပြောင်းပေးအပ်မည့်အစား လူငယ်များအား UNHCR မှ ပံ့ပိုးကူညီပေးသည့် အသေးစား ထောက်ပံ့ငွေများမှတဆင့် စခန်းပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရေးအတွက် ၎င်းတို့၏ ဒေသန္တရ အသိပညာကို အသုံးချ လုပ်ဆောင်နိုင်စေရန် လေ့ကျင့်သင်ကြားပေးထားပါသည်။
ကချင် နေရပ်စွန့်ခွာ လူငယ်ကော်မတီ၏ တက်ကြွသော အဖွဲ့ဝင်တဦးအနေဖြင့် သောမတ်စ်သည် မိမိ ဆယ်စုနှစ် တစ်စုကျော်ကြာ နေထိုင်ခဲ့သည့် စခန်းတွင် ဖြစ်ပေါ်လာသည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဂုဏ်ယူပါသည်။ "ကျွန်တော်တို့ ကိုယ့်ကိုကိုယ်နဲ့ ကျွန်တော်တို့ရဲ့ အသိုက်အဝန်းကို ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အကြံဥာဏ်တွေ ဖလှယ်ကြပြီး အချင်းချင်း အသိပညာတွေ မျှဝေကြပါတယ်" ဟု ၎င်းကဆိုသည်။
ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ဆိုင်ဂျာကျေးရွာမှ ရပ်ရွာပြည်သူများ အသစ်တည်ဆောက်ပြီးစီးခဲ့သည့် ရပ်ရွာခန်းမရှေ့တွင် ဓာတ်ပုံအတူတူရိုက်ကူးခဲ့ကြခြင်း ဖြစ်ပါသည်။ နေရပ်စွန့်ခွာမိသားစုများနှင့် ၎င်းတို့အား လက်ခံကူညီပေးသည့် လူမှုအသိုင်းအဝိုင်းကြား လူမှုစည်းလုံးညီညွတ်မှုကို မြှင့်တင်ရန်ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် အဆိုပါအဆောက်အအုံကို တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ ဆိုင်ဂျာသည် မိသားစုပေါင်း ၅၀၀ ခန့် ရှိသည့် ခရစ်ယာန်အများစု နေထိုင်သည့် ကျေးရွာတစ်ရွာ ဖြစ်ပြီး၊ ယင်းတို့အနက် အနည်းစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကာ ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူများ ဖြစ်သည်။
နေရပ်စွန့်ခွာမိသားစုများ၏ လိုအပ်ချက်များကို သတိချပ်ကာ ရပ်ရွာခေါင်းဆောင်များက UNHCR နှင့် ဒေသခံ မိတ်ဖက်အဖွဲ့ထံ ချဉ်းကပ်ပြီး ရပ်ရွာလူထုအားလုံး စုဝေးတွေ့ဆုံ၍ အစည်းအဝေးများ ကျင်းပနိုင်ရန်အတွက် ခန်းမဆောင်တစ်ခု ဆောက်လုပ်ပေးရန် တောင်းဆိုခဲ့သည်။ နေရပ်စွန့်ခွာနေထိုင်သူများကို ရပ်ရွာသစ်တွင် လိုက်လျောညီထွေဖြစ်စေခြင်းနှင့် ၎င်းတို့အား ပံ့ပိုးကူညီပေးလိုသည့် စိတ်စေတနာများ ပိုမို ဖြစ်ပေါ်လာစေခြင်းဖြင့်၊ ဆိုင်ဂျာကဲ့သို့သော လက်ခံ လူမှုအသိုင်းအ၀ိုင်းများသည် ဘေးကင်းလုံခြုံမှုကို ရှာဖွေနေသူများအတွက် မရှိမဖြစ် လိုအပ်သော အသက်သွေးကြောတစ်ခုအဖြစ် ကူညီပံ့ပိုးပေးပါသည်။
အသက် ၄၆ နှစ် ရှိပြီ ဖြစ်သည့် ဦးအင်ဒေါင်လရော်အား ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှ မိုင်းနားဆွတ်ကြိုင် အမည်ရှိ နေရပ်စွန့်ခွာနေထိုင်သူများမှ အသစ်တည်ထောင်ထားသည့် ကျေးရွာတွင် ရှိသည့် သူ၏ အိမ်အသစ်ဘေးတွင် ဖွင့်လှစ်ထားသော ကုန်စုံဆိုင်ငယ်ရှေ့တွင် ဓါတ်ပုံရိုက်ကူးထားခြင်း ဖြစ်သည်။ ၎င်းတို့၏ဘဝ ပြန်လည် စတင်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးရန် ရည်ရွယ်၍ UNHCR မှ ရွှေ့ပြောင်းနေထိုင်သူ မိသားစုတိုင်းအတွက် နေအိမ်များ ဆောက်လုပ်ပေးခဲ့သည်။ နေရပ်စွန့်ခွာပြည်သူများအနေဖြင့် ခိုလှုံရာစခန်းများမှ ထွက်ခွာနိုင်သည့် အခွင့်အလမ်းများ ရှာဖွေလာခြင်းနှင့် ပိုမို ကောင်းမွန်သည့် ပေါင်းစည်းနေထိုင်မှုမျိုး ရရှိနိုင်သည့် မိုင်းနားဆွတ်ကြိုင်ကဲ့သို့သော နေရာများသို့ ပြောင်းရွှေ့နေထိုင်လာခြင်းသည် ကချင်ပြည်နယ်အတွင်း ပိုမို ဖြစ်ပေါ် လာခဲ့သည်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ပြည်တွင်းနေရပ်စွန့်ခွာပြည်သူများ တည်ထောင်ထားသည့် မိုင်းနားဆွတ်ကြိုင်ရွာသစ်မှ ကလေးတစ်ဦး ရွာသားများအတွက် တပ်ဆင်ပေးထားသည့် လက်နှိပ် ရေတုံကင်မှ ရေထုတ်ယူနေခြင်း ဖြစ်သည်။ ကျေးရွာအတွက် စစ်မှန်သော အနာဂတ် အာမခံချက် ရရှိနိုင်ရန် ဒေသခံများသည် အဓိက အခြေခံအဆောက်အဦဆိုင်ရာ အကူအညီများ တောင်းခံရာတွင်လည်း တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။ UNHCR နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့များသည် ကျေးရွာလူထုအတွက် နေအိမ်အမိုးအကာများနှင့် ရပ်ရွာခန်းမများ ဆောက်လုပ်ပေးခြင်းအပြင် အိမ်သာများ တပ်ဆင်ပေးခြင်းဖြင့်လည်း ကူညီပေးလျက်ရှိသည်။