မြန်မာ့နိုင်ငံရေး အကျပ်အတည်းများကြား ထရီဇာ၏ မျှော်လင့်ချက်ခရီး
“အိမ်ပြန်နိုင်ပြီဆိုတာနဲ့ ကျွန်မ သင်ယူခဲ့တာတွေကို ပြန်အသုံးချဖို့ကိုလည်း စီစဥ်ထားတယ်။”
၂၀၂၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ သက်ရောက်ခဲ့တဲ့ နိုင်ငံရေး မတည်ငြိမ်မှုဟာ ရှမ်းနဲ့ ကယားပြည်နယ်တွေကြားက နယ်စပ်ဒေသတွေ အပါအဝင် နိုင်ငံတစ်ဝန်းက လူမှုအသိုက်အဝန်းတွေကို အခက်တွေ့စေခဲ့ပါတယ်။ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်က ကလေးနှစ်ယောက် မိခင် ထရီဇာလည်း ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်းမှာ ရှိတဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူတွေရဲ့ စခန်းတစ်ခုကို ပြောင်းရွှေ့ခဲ့ရပါတယ်။ “ဖယ်ခုံမှာရှိတဲ့ ကျွန်မတို့အိမ်က ပဋိပက္ခဖြစ်တဲ့ ဒေသနဲ့ နီးတော့ တိုက်ပွဲဖြစ်တဲ့အသံတွေ၊ ပေါက်ကွဲသံတွေ မကြာခဏ ကြားရတယ်။ ဒါကြောင့် ဘေးကင်းဖို့ရာ တောင်ကြီးမြို့ကို ထွက်ပြေးခဲ့ကြရတယ်။ ကျွန်မခင်ပွန်းကတော့ အိမ်ကို စောင့်ရှောက်ဖို့ အဲဒီမှာ ကျန်ခဲ့တယ်။ တချိန်တည်းမှာပဲ သူ အလုပ်လုပ်ပြီး ကျွန်မတို့ဆီ ငွေပို့ပေးနေပါတယ်။”
ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူများ (IDP) စခန်းကို ရောက်လာချိန်မှာပဲ ထရီဇာဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ကယားပြည်နယ်က တခြားသူတွေရဲ့ အကူအညီနဲ့ ယာယီခိုလှုံဖို့ တဲငယ်လေးတလုံးကို ဆောက်လုပ်ခဲ့ပါတယ်။ “အဲဒီမှာ တအားအေးပြီး ကျွန်မတို့ ဖျားနာကြတယ်။ စရောက်ရောက်ချင်း အဲဒီမှာ ရောက်နှင့်နေပြီသား တချို့သူတွေက ကျွန်မတို့ကို စားစရာတွေ ပေးတယ်။ ဒါပေမဲ့ တောင်တန်းတွေ ကာရံထားတဲ့ လူသူကင်းမဲ့တဲ့ ဒေသမှာ နေနေရတော့ ကျွန်မ အင်မတန် ဝမ်းနည်းမိတယ်”။
စစချင်း အခြေချနေထိုင်တဲ့ ကာလဟာ ခက်ခဲကြမ်းတမ်းခဲ့ပေမယ့် ရွှေ့ပြောင်းနေထိုင်သူတွေကို ကူညီပေးနေတဲ့ ရှမ်းပြည်နယ်အတွင်းက IOM ရဲ့ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ ပါရမီဖွံဖြိုးရေးကွန်ရက်ကနေ ရရှိတဲ့ အကူအညီအထောက်အပံ့တွေနဲ့ နောက်ဆုံးမှာတော့ အခြေအနေတွေ တည်ငြိမ်သွားတယ်လို့ ထရီဇာက ပြောပါတယ်*။ “ကျွန်မတို့ရတဲ့ ဆန်တဲ့ဆီတွေကြောင့် ကျွန်မတို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အမှန်တကယ် လျော့ပါးသက်သာစေခဲ့ပါတယ်။ အထူးသဖြင့် ကျန်းမာရေးစစ်ဆေးတာတွေ၊ ဆေးဝါးနဲ့ ခြုံစရာ စောင်တွေဟာ ကျွန်မရဲ့ အဖိုးတန် ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။”
အပိုဝင်ငွေရဖို့ မျှော်လင့်ချက်နဲ့ ထရီဇာဟာ စိုက်ပျိုးမွေးမြူရေး သင်တန်းတစ်ခုကို တက်ခဲ့ရုံသာမက ဒီအတတ်ပညာတွေကို အသုံးချပြီး ဝင်ငွေတိုးပွားအောင် လုပ်ဖို့တွေကိုပါ သင်ယူခဲ့ပါတယ်။ “ကြက်နဲ့ဝက်လိုမျိုး ခြံမွေးတိရစ္ဆာန်တွေ မွေးမြူရာမှာ သုံးဖို့ အရင်းအနှီး နည်းနည်း ကျွန်မ ရခဲ့ပါတယ်။ အဲဒီကနေ အပိုဝင်ငွေတချို့ ရဖို့ ကျွန်မ မျှော်လင့်မိတယ်။ အိမ်ပြန်နိုင်ပြီဆိုတာနဲ့ ကျွန်မ သင်ယူခဲ့တာတွေကို ပြန်အသုံးချဖို့ကိုလည်း စီစဥ်ထားတယ်။”
ဒေသခံအဖွဲ့အစည်းတွေဟာ အစွမ်းကုန် ပံ့ပိုးကူညီနေကြပေမယ့် ရွှေ့ပြောင်းအခြေချ နေထိုင်ရာ IDP စခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု၊ ရေ၊ မိလ္လာစနစ်နဲ့ တကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ အခြေခံအဆောက်အအုံတွေ အပါအဝင် လိုအပ်ချက်တွေ အများအပြား ရှိနေဆဲ ဖြစ်ပါတယ်။ “ဒီမှာ ကလေးရှိတဲ့ မိသားစု အများအပြား ရှိပြီး ရေလိုအပ်ချက် အများအပြား ရှိပါတယ်။ ရေစုပ်စက်တွေကို မောင်းဖို့ တခါတလေ စခန်းမှာ ဓာတ်ဆီ ပြတ်သွားတယ်”
ထရီဇာကတော့ တနေ့မှာ သူ့အိမ်သူ ပြန်နိုင်ဖို့ မျှော်လင့်နေပါတယ်။ “ကျွန်မ ကလေးတွေလည်း အသက်ပြည့်ခါနီးပြီဆိုတော့ သူတို့ကို ကျောင်းအပ်ရဦးမယ်။” အကျပ်အတည်း အခြေအနေဆိုက်ရောက်နေဆဲ ဖြစ်ပေမယ့်လည်း ဒါတွေကို ကျော်ဖြတ်နိုင်ဖို့ သူ သန္နိဋ္ဌာန်ချထားပါတယ်။
“မလွယ်ပေမယ့် ဒီမှာ ကျွန်မတို့ ရှာနိုင်တဲ့ ဒါမှမဟုတ် စဥ်းစားနိုင်တဲ့ ဘယ်အလုပ်မဆို လုပ်ရမယ်။ ဒီမှာရှိတဲ့ အများစုကတော့ ကယားဝက်အူချောင်းတွေ လုပ်တာနဲ့ ကယားခေါင်ရည်တွေ ချက်ကြတယ်။ အဲဒါတွေ ဝယ်လိုအားရှိလာရင် ကျွန်မတို့ စားဝတ်နေရေးအတွက် အထောက်အကူ ဖြစ်လာနိုင်ပါတယ်။”
*မှတ်ချက်- အရှေ့တောင်ပိုင်းသည် လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံတွင် အထိခိုက်ဆုံးဒေသများထဲမှ တစ်ခုဖြစ်သည်။ ထရီဇာသည် IOM နှင့် PDN တို့၏ အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT) မှ ရန်ပုံငွေပံ့ပိုးကူညီမှုဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်တွင်းရွှေ့ပြောင်းပြီး ထိခိုက်လွယ်သူ ၃၄,၀၀၀ ကျော်ထဲမှ တစ်ဦးဖြစ်သည်။
**ဤဇာတ်ကြောင်းကို IOM website တွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့က ထုတ်ဝေထားပါသည်။